ယေဇကျေလအနာဂတ္တိကျမ်း - ၉

ယေရုရှလင်မြို့ဒဏ်ခတ်ခံရခြင်း
1ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ 2ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ 3ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကျိန်းဝပ်ရာခေရုဗိမ်မှ အိမ်တော်တံခါးခုံသို့ တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မင်အိုးပါသောသူကိုခေါ်၍၊ 4ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကိုထိုးမှတ်လော့ ဟူ၍လည်းကောင်း၊ 5အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ 6အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ 7တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
8ထိုသို့ သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေရစ်စဉ်တွင် ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကိုသွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။ 9ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏၊ တစ်ပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။ 10ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။ 11ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါသောသူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၉ (အနက်ဖွင့်)

(ဘုရားသခင်ခွဲခွါသည်နှင့် ဖျက်ဆီးမည့်ရုပ်တုဆင်းတုများ ထပ်ချမကွာ ဝင်လာခြင်း (အခန်း၉)

          ၉:၁−၂ ရှေ့အခန်းတွင် ရုပ်တုဆင်းတု ကိုးကွယ်သူများ ပျက်ဆီးကြရမည့်အကြောင်း ဖော်ပြခဲ့ပြီ။ ဤအခန်းတွင် ထိုသူတို့အား သတ်ဖြတ်မည့်လူ ၆−ပါးက မြောက်ဖက်အရပ်(ဗာဗုလုန်အရပ်)မှ တင်ရောက်လာကြောင်း ပြောပြသည်။ ပိတ်အဝတ်ဆင်ထားသူသည် ကျေးဇူးတော်ကို ဆိုလိုသည်။

၉:၃ ဘုန်းတန်ခိုးတိမ်တိုက် (ဘုရားသခင်မျက်မှောက်ရှိခြင်းလက္ခဏာ)သည် ဗိမာန်တော်တွင် စိုးစံတော်မူလျက် ရုပ်တုဆင်းတုဝါဒီများအား ပယ်ရှားမည်။ ဘုရား၏ ဘုန်းတန်ခိုးတိမ်တိုက်သည် ဗိမာန်တော်တစ်ခုလုံးကို ထွန်းလင်းနေသည်။

၉:၄ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းမရှိသော ယုဒယုံကြည်သူများသည် နဖူးပေါ်တံဆိတ်ခတ်ခြင်း ခံရသဖြင့် သေဘေးမရောက်ကြ။ ဤကျမ်းပိုဒ်သည် ယနေ့ယုံကြည်သူများကို စိမ်ခေါ်နေပါသည်။ ဘုရားရှင်နောက် မလိုက်လိုသူများနှင့် တွေ့ကြုံရသောအခါ မည်ကဲ့သို့ပြုမူကြသနည်း။ သူတို့နှင့် အုတ်အရောရောကျောက်အရောရော နေမည်လာ။ သူတို့ကို ဆရာတင်မည်လား။ သူတို့ကို စစ်ကြောရမည်လား။ လျစ်လျူပြုပြီး တသီးတခြား နေမည်လား။ ညည်းတွားငိုကြွေးနေခြင်းက သူတို့စိတ်နှလုံးအမှန်ကို လှစ်ဟပြနေသဖြင့် စီရင်ခြင်းမှကင်းလွတ်ခွင့်ရခြင်း ဖြစ်သည်။

နဖူးပေါ်၌ ခတ်နှိပ်မည့်တံဆိတ်အမှတ်တံဆိတ်မှာ ဟေဗြဲနောက်ဆုံးအက္ခရာ(tau) ဖြစ်သည်။ ရဗွိဆရာများက စစ်ကြောပြီးခြင်းဟု အဓိပ္ပါယ်ရသည်။ Tora(Law) ကျမ်းတွင် ပထမဆုံးဗျည်းလည်း ဖြစ်ပေသည်။ Feinberg က”ဤကျမ်းပိုဒ်နှင့် ဗျာ၊ ၇:၁−၃  အကြားဆင်တူရိုးမှားမှတ်သား စရာစကားလုံး”ဟု၁၀ မှတ်ချက်ပြုသည်။ နောက်ပိုင်းတွင် ထိုစကားလုံကို စွဲမက်ဖွယ်ဖွင့်ဆိုချက်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

သမ္မာကျမ်းစာ အနက်ဖွင့်ဆရာများက ပရောဖက်ပြုချက်များထဲမှ လက်ဝါးကပ်တိုင် အမှတ်သင်္ကေတ၏ အရိပ်အယောင်အဖြစ် အတက်ကောက်ကြသည်။ ရှေဟောင်း ဟေဗြဲဗျည်း အက္ခရာတွင် နောက်ဆုံးဗျည်း(taw) ကို ကြက်ခြေခတ်ပုံရေးသားရသည်။ ယေဇကျေလသည် ယနေ့ခေတ် ခရစ်ယာန်သင်္ကေတဖြစ်သောကြက်ခြေ (cross)ကို ကိုတင်တွေးခေါ်မျှော် မြင်နိုင်ခဲ့ခြင်းဖြစ်မည်မထင်ပါ။ မည်သို့ပင်ဖြစ်စေ မှတ်သားဖွယ်ရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါသည်။၁၁

၉:၅−၇ ပါးကွက်အာဏာသားများသည် ရုပ်တုဆင်းတုသမားများကို လိုက်လံ ကွပ်မျက်ကြသည်။ ဦးစွာ အသက်ကြီးသူများကို စတင်သတ်ဖြတ်ကြသည်။ ‘တံဆိတ်ခတ်နှိပ်ထားသူများထံ မချဉ်းကပ်ရ”ဟု ဘုရားရှင်ကမှာကြားသည်။ ယနေ့ခေတ်ကာလတွင် ထိုအမှတ်တံဆိပ်ကို အလေးထား−မထား မသေချာလှသော်လည်း နှုတ်ကပတ်တော်ဖွင့်ပြချက်အရ ကင်းလွတ်ကြောင်းစိတ်ချနိုင်ပါသည်။ ဤယုံကြည်စိတ်ချမှုမျိုး မရရှိသူများ၏ ကံကြမ္မာကား မတွေးဝံ့စရာပါတကား။

၉:၈−၁၁ ယေဇကျေလ သူ့လူများအတွက် တောင်းလျှောက်ပေးသောအခါ ဘုရားသခင်က အပြစ်ခွင့်လွှတ်စရာ ကရုဏာမရှိဟုဆိုသည်။ လူများကလည်း ဘုရားသခင်သည် သူတို့အတိဒုက္ခရောက်ခြင်းကို မကြည့်၊ စွန့်ပစ်တော်မူကြောင်း အော်ဟစ်ငိုကြွေးမည်။ စင်စစ် ယုံကြည်ခြင်း သစွာမရှိကြသောကြောင့် ဘုရားသခင်က သူတို့ကို စွန့်ခွါခြင်း ဖြစ်သည်။ “ဘုရားသခင်…မကြည့်မမြင်” ဟူသော ဆိုရိုးစကားမှာ ယနေ့တိုင်မရိုးသေး၊ ခေတ်မီဆဲ ဖြစ်သည်။

ဤကျမ်းပိုဒ်နှင့်အခြားကျမ်းပိုဒ်များ(နောဧနှင့်သူ့သင်္ဘော)၌ ပါရှိသည့် တရားစီရင်ခြင်း အချင်းအရာကို ထောက်ရှုလျှင် တရားမဲ့ဆိုးယုတ်သူများအပေါ် ပြစ်ဒဏ်စီရင်ခြင်း သွန်းလောင်းသောအခါ သစ္စာရှိယုံကြည်သူများကို ဦးစွာကယ်လွှတ်တော်မူတတ်သော ဘုရားခင်၏ ဝိသေသလက္ခဏာထူးကို မြင်ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။