ယေဇကျေလအနာဂတ္တိကျမ်း - ၆

ရုပ်တုကိုးကွယ်မှုကိုရှုတ်ချခြင်း
1တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။ 3အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်သင်တို့အပေါ်သို့ ဓားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။ 4သင်တို့ ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။ 5ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကိုချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။ 6သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တုဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက် ရှိကြလိမ့်မည်။ 7သင်တို့အလယ်၌ သူရဲတို့သည် လဲ၍သေကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ 8သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ဓားနှင့် လွတ်သောသူအချို့ရှိစေခြင်းငှာ အကျန်အကြွင်းကို ငါထားမည်။ 9ငါ့ကိုစွန့်ပစ်၍ မှားယွင်းတတ်သော နှလုံးကိုလည်းကောင်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့် လိုက်၍ကြည့်သော မျက်စိတို့ကိုလည်းကောင်း ငါပယ်ဖျက်သောအခါ၊ လွတ်သောသူတို့သည် သိမ်းသွားခြင်းကိုခံရာ အပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ 10ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ်ကြောင်းကို သိရကြလိမ့်မည်။
11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးပြုမိသမျှသော ရွံရှာဖွယ်အမှုဆိုးတို့ကြောင့်၊ အမင်္ဂလာ ရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူကား၊ သူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေးတို့ဖြင့်လဲ၍ သေကြလိမ့်မည်။ 12ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ဓားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှလွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်းဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံလိမ့်မည်။ 13ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ်ကောင်းသော သပိတ်ပင်ရှိသမျှတို့ အောက်၌၊ ရုပ်တုဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ 14သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့ နေလေရာရာပြည်ကို သာ၍ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ ဖြစ်စေသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၆ (အနက်ဖွင့်)

(ရုပ်တုဆင်းတုများကို ပယ်ရှင်း၍ ကျန်ကြွင်းသူများရှိစေမည် (အခန်း၆)

          : တောင်ကုန်းများပေါ်တွင် ရုပ်တုဆင်းတု တည်ထားသောကြောင့် ဣသရေလတောင်ကုန်းများကို ရုပ်တုဆင်းတု တောင်များဟု ဆိုထားသည်။ ထိုသို့ ရုပ်တုဆင်းတု  တည်ထားရာဖြစ်ကြောင့် တောင်ကုန်းတောင်ပူစာ များကိုလည်း ဘုရားသခင်က စီရင်ပြစ်ဒဏ်ပေးလိမ့်မည်။

၆:၈−၁၄ ထိုဘေးအန္တရာယ် ရန်စွယ်များကြားမှ လွတ်မြောက်သော သူအချို့ကို ကြွင်းကျန်အောင် စီရင်ထားသည်။ ထိုသို့ခြွင်းချန်ရခြင်းမှာ အတိတ်က ဆိုးညစ်မှုများကို ပြန်လည်အောက်မေ့ နောင်တရစေဖို့ ဖြစ်သည်။(ငယ် ၈−၁၀)။ ရုပ်တုဆင်းတုသမားများမှာ စစ်ဘေး၊ အငတ်ဘေးတို့ဖြင့် အပြစ်ပေး စီရင်ခြင်း ခံရမည်။ ကပ်ဆိုးသင့်ကြမည်။

ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်၌ ဘုရားသခင်က အပြစ်ပေးအရေးယူရာတွင် လက်ရွေးစင် လူအနည်းငယ်ကို ခြွင်းချန်လေ့ရှိကြသည်။ ထိုသူများမှာ အကျင့်သီလ ကောင်းခြင်းကြောင့်မဟုတ် ဘုရားသခင်၏ သက်သေခံမျးာဖြစ်ဖို့ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။