ယေဇကျေလအနာဂတ္တိကျမ်း - ၅

ဆံပင်နှင့်မုတ်ဆိတ်ရိတ်ခြင်း
1တစ်ဖန်တုံ၊ အချင်းလူသား၊ ထက်သောဓားတည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့် မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့်ချိန်၍ အစုစုခွဲထားလော့။ 2မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ် သုံးစုတစ်စုကို မြို့ထဲမှာ မီးရှို့လော့။ တစ်စုကို ဓားနှင့် ခုတ်ဖြတ်လော့။ တစ်စုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။ 3အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။ 4ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
5တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ရှိသော တိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊ 6ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။ 7သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ ဆန့်ကျင်သောကြောင့်လည်းကောင်း၊ ငါ၏ စီရင်ချက်လမ်းသို့မလိုက်၊ ငါ၏ပညတ်တရားကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့၏ ထုံးစံဓလေ့သို့ လိုက်သောကြောင့်လည်းကောင်း၊ 8ငါသည် ကိုယ်တိုင်သင့်တစ်ဖက်၌ နေ၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကို စီရင်မည်။ 9သင်ပြုဖူးသမျှသော ရွံရှာဖွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတ္တံ့သော အပြစ်ဒဏ်ကို သင်၌စီရင်မည်။ 10သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်မည်။ 11ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည် ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။ 12သင်၏သုံးစုတို့တွင်၊ တစ်စုသည် နာဘေးဖြင့်သေ၍၊ သင်၏အလယ်၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရလိမ့်မည်။ တစ်စုသည် သင့်ပတ်လည်၌ ဓားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစ်စုကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်၍၊ သူ့နောက်သို့ ဓားကိုလွှတ်လိုက်မည်။ 13ထိုသို့ ငါ့အမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။ 14ထိုမှတစ်ပါး၊ အနားမှာ လျှောက်သွားသမျှသောသူတို့ရှေ့တွင် သင့်ကို လူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာဖြစ်စေမည်။ 15ဒေါသအမျက်အရှိန်အားဖြင့် သင်၌ ပြင်းစွာသော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသော လူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဖွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရား မိန့်တော်မူ၏။ 16သင်တို့ကို ဖျက်ဆီးခြင်းငှာ မွတ်သိပ်ခြင်းဘေးတည်းဟူသောမြားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌လည်းကောင်း၊ သင်တို့တွင် မွတ်သိပ်ခြင်းဘေးကို တိုးပွားစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌လည်းကောင်း၊ 17သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်းဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ဓားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့သည် လွှမ်းမိုးသောအခါ၌လည်းကောင်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)

(လူတို့၏ ကံကြမ္မာအား သင်ဓုန်းဓားနှင့် ဆံပင်မုတ်ဆိတ်တို့ဖြင့်  ပုံရိပ်ဖော်ခြင်း (အခန်း ၅)

          : မြို့တော်လူဦးရေ၏ သုံးပုံတစ်ပုံသည် ငတ်မွတ်မှု သို့မဟုတ် မီးဖြင့်၎င်း၊ သုံးပုံတစ်ပုံသည် ဓါးလက်နက်ဖြင့်၎င်း၊ သေဆုံးကြ၍ ကျန်သုံးပုံတစ်ပုံမှာ ဘေးကင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ (ငယ် ၂၊ ၁၂တို့နှင့်ယှဉ်ဖတ်ပါ)။ အနည်းငယ်သာ ကြွင်းကျန်လွတ်မြောက်သည်။ သို့သော် ထိုသူများသည်လည်း မကြာမီကာလတွင် ပျက်စီးကြမည်(ငယ်၃၊၄)။ ယေရုရှလင်မြို့တော်သားများသည် ဘုရားသခင်ထံမှ အခွင့်ထူးရရှိထားသော်လည်း အကျိုးရှိစွာ အသုံးမပြုတတ်။ မြို့တော်ကို ဝန်းရံသော ရန်သူထက် သာ၍ အကျင့်စာရိတ္တဆိုးသွမ်း ယုတ်ညံ့ကြသည်။

ခရစ်ယာန်တို့သည် ဂျူး(ယုဒ) တို့ထက်သာ၍ အခွင့်ထူးရကြပေသည် ထာဝရအနာဂတ်တွင် ခံယူရရှိမည့် ဆုလာဘ်ကို ဆုံးရှုံးစေမည့် အခွင့်ထူးအလွဲသုံးစားခြင်း မပြုမိစေဖို့ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြုပါစေသော။

၅:၁၀−၁၇ ဇာတ်တူလူ့အသားစားသည့် အဖြစ်ပေါ်လာမည်(ငယ်၁၀) ။ အကြောင်းမှာ ဗိမာန်တော် ပျက်သုဉ်းပြီးသကာလ ဘုရားရှင်၏ ကရုဏာတော် တရားလည်းဝေးလွှင့်လေပြီ(ငယ် ၁၁−၁၃)။ ယုဒလူမျိုးသည် တပါးအမျိုးသားများအလယ်တွင် မျက်စိသူငယ် နားသူငယ်ဖြင့် လုယက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ စော်ကားခြင်း၊ အနိုင်အထက်ပြုခြင်းတို့ကို ဖျက်စီးခံရမည်(ငယ်၁၄−၁၇)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။