ယေဇကျေလအနာဂတ္တိကျမ်း - ၄

ယေရုရှလင်မြို့ကိုဝိုင်းရံပုံသရုပ်ပြခြင်း
1တစ်ဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။ 2မြို့ကိုဝိုင်း၍ မြို့ပြင်၌ တပ်တည်လော့။ မြေရိုးကိုလည်း ဖို့လော့။ တပ်သားတို့ကိုလည်း ခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွဲထားလော့။ 3ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ 4ထိုမှတစ်ပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကိုခံရမည်။ 5အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကို သင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏အပြစ်ကို သင်သည်ခံရမည်။ 6ထိုနေ့ရက်စေ့ပြီးမှ၊ တစ်ဖန် လက်ယာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကိုငါထားပြီ။ 7သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တစ်ဖက်၌ ပရောဖက်ပြုရမည်။ 8ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မီ၊ သင်သည် တစ်ဖက်မှတစ်ဖက်သို့ မစောင်းရ။
9ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။ 10ထိုမုန့်ကို တစ်နေ့တစ်နေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍စားရမည်။ 11ရေကိုလည်း တစ်နေ့တစ်နေ့လျှင် တစ်ဗတ်စီခြင်၍သောက်ရမည်။ 12မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှာ၊ လူများရှေ့တွင် လူ၏မစင်နှင့် ဖုတ်ရမည်။ 13ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တစ်ပါးအမျိုးသားတို့နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 14ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊ 15လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုန့်ကိုဖုတ်ရမည်ဟု မိန့်တော်မူ၏။ 16တစ်ဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။ 17မုန့်နှင့်ရေ ခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ်ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၄ (အနက်ဖွင့်)

(ယေရုရှလင် မြို့ဝိုင်းရံခံရမည့်ပုံစံကို အုတ်ပြားဖြင့် ပုံစံသရုပ်ဖော်ခြင်း (အခန်း )

          ၄:၁−၈ ယေရုရှလင်သည် ခိုင်ခန့်မာကျောသော ကျောက်မြစ်အပေါ် ပန္နက်တင်တည်ဆောက်ခြင်း ဖြစ်သည်။ ရွံ့မြေဖြင့်ဖုတ်၍ ပြုလုပ်ထားသောအုတ်ခဲမှာ ဗာဗုလုန်မြို့ကို ပုံဆောင်သည်(က၊၁၁:၃နှင့် ၉ကိုဖတ်ပါ)။ မျက်မှောက်ကာလ၌ ယေရုရှလင်၏ အကျင့်စရိုက်များနှင့် ရုပ်တုဆင်းတုကိုးကွယ်ခြင်း အပြစ်အမှားများက ဗာဗုလုန်ထက်ဆိုးညစ်နေသည်(၅:၇ကိုကြည့်)။ ထို့ကြောင့် ဘုရားသခင်က ယေဇကျေလအား ရွံ့စေးမြေဖုတ်အုတ်ပြားဖြင့် ယေရုရှလင်မြို့ ဝန်းရံခြင်းကို ပုံဖော်ခိုင်းသည်။ ထို့နောက် ယေရုရှလင်မြို့၏ အပြင်ဘက်ကို သံပြားကြီးဖြင့် ဝန်းပတ်ကာရံခိုင်းသည်။ သံပြားကြီး၏ အဓိပ္ပါယ်မှာမြို့တော်သည် ထီးတည်းခြင်း ဖြစ်၍ အကူအညီကင်းမဲ့ နေခြင်းကို ပုံဆောင်ခြင်းဖြစ်သည်။ ပရောဖက်သည် ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ဘုရားသခင်ကိုယ်တော်တိုင်က ယေရုရှလင်မြို့အား ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုလိုသည်။ ယေဇကျေလအား ဘယ်ဘက်နံစောင်းလှည့်၍ ရက်ပေါင်း ၃၉၀ ဣသရေလအမျိုးသားတို့အတွက် လှဲအိပ်ခိုင်းသည်။ နောက်တဖန် ညာဖက်နံစောင်းသို့လှည့်၍ ရက်ပေါင်း−၄၀ ယုဒအမျိုးသားတို့အတွက် လှဲအိပ်ခိုင်းပြန်သည်။

ဤနေရာ၌ နေ့ရက် ၁−ရက်သည် တစ်နှစ်နှင့်ညီမျှသည်။ သို့သော် စုစုပေါင်းကြာမြင့်ချိန် အကြောင်းရင်းကို လက်ခံနိုင်ဖွယ် ရှင်းလင်းဖော်ပြချက်များမတွေ့ရှိပါ။ Septuagint ကရက်ပေါင်း−၃၉၀ ကို ရက် −၁၉၀ သို့ ပြောင်းလဲဖြေရှင်းထားသော်လည်း ဟေဗြဲလက်ရေးကျမ်းမူများက ထိုအချက်ကို လက်မခံပါ။ ယေဇကျေလသည် နေ့နေ့ညည အချိန်ကာလနှစ်ခုအကြားတွင် နံစောင်းတစ်ဖက်မှတစ်ဖက်သို့ လှည့်ပြောင်း အိပ်စက်ရခြင်း၏ အကြောင်းအရင်းမှာလည်း အဖြေမရှိသော ပဟေဠိတစ်ပုဒ် ဖြစ်နေပါသည်။ အချို့သော ကျမ်းစာအနက်ဖွင့်ပညာရှင်တို့က ဤအချင်းအရာမှာ မျက်မြင်အထောက်အကူဖြစ်စဖို့အတွက် သရုပ်ဖော်နေခြင်း မျှသာဖြစ်ကြောင့် လူအများက သတိထားမိခြင်း အာရုံစိုက်လာအောင်လုပ်ဆောင်နေခြင်း သာဖြစ်သည်ဟု ရှင်းပြကြသည်။

၄:၉−၁၇ မြို့တော်ပတ်ပတ်လည် ဝန်းရံခြင်းခံနေရသောကြောင့် အစာရေစာခေါင်းပါး၍ ငတ်မွတ်ခြင်း အကြောင်းပုံဖော်သည်။ ဦးစွာ လူ့အညစ်အကြေးများကို လောင်စာအဖြစ် အသုံးပြုချက်ပြုပ်ဖုတ်ကင်ကြရသည်။ ထိုနောက် နွားချေးခြောက်ကို လောင်စာအဖြစ် ပြောင်းလဲသုံ:စွဲကြသည်။ မြို့ဝန်ရံခံခြင်း၊ ငတ်မွတ်ခြင်း၊ ညစ်ညမ်းခြင်းနှင့် ဘေးဒုက္ခအဝဝသည် ယုဒအမျိုးသားတို့ဒုစရိုက်၏ အဖိုးအခဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။