ယေဇကျေလအနာဂတ္တိကျမ်း - ၄၄
ယေဇကျေလအနာဂတ္တိကျမ်း - ၄၄ (အနက်ဖွင့်)
၄၄:၁−၃ အပြင်ဘက် အရှေ့ဘက်တံခါးပေါက်ကို အမြဲပိတ်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဗိမာန်တော်သို့ ပြန်ကြွလာလျှင် နောက်တဖန်ပြန်လည်ထွက်ခွါတော့မည့် မဟုတ်။ ထိုတံခါးပေါက်စမုတ်ဆောင်သည် မင်းသားအတွက် စံပယ်ရာနှင့် စားပွဲဝင်ရာဖြစ်သည်။ အချို့ကမင်းသားဆိုသည်မှာ မေရှိယသခင်ကိုယ်တော်တိုင်ဟုယူဆသည်။ အချို့ကမူ ဒါဝိဒ်မျိုးနွယ်မှ ဆင်းသက်လာသော တစ်စုံတစ်ဦးက ရင်ခွင်ပိုက်အုပ်စိုးမည်ဟု ထင်မြင်ကြသည်။ W. Grant ကမူ ထိုမင်းသားသည် ခရစ်တော် ကိုယ်တော်တိုင်မဟုတ်နိုင်ဟု ထောက်ပြသည်။
အဘယ့်ကြောင့်ဆိုသော် သူ့၌ သားအများပြားရှိသည်(၄၆:၁၆)။ ထို့ပြင် အပြစ်အတွက် ယဇ်ပူဇော်ရသည် (၄၅:၂၂)၃၉ ဟုဆိုသည်။
၄၄:၄−၉ ဗိမာန်တော်ရှေ့သို့ ယေဇကျေလရောက် သွားသောအခါ အိမ်တော်တခုလုံးဖုံးလွှားသော ဘုရားဘုန်းတော်သည် သူ့ကိုလည်းလွှမ်းခြုံသွားကြောင်း ခံစားရသည်။ ဘုရားသခင်ရှေ့တော်၌ ခယဝတ်ပြုသူများ၏ စည်းဝေးခြင်းတွင် ဘုရားဘုန်းတော်ထင်ရှားသဖြင့် စိတ်နှလုံးဝမ်းမြောက်ရွှင်လန်း မှုဖြစ်စေကြောင်း အပိုဒ်ငယ်(၄)က သွန်သင်ပါသည်။
ကိုယ်တော်ဘုရားက ယေဇကျေလအား အိမ်တော်ဆိုင်ရာပညတ်တရားနှင့် အဝင်အထွက်တံခါးများကို စေ့စပ်သေချာစွာ ကြည့်ရှုမှတ်သားစေသည်(ငယ်၅)။ ထို့အပြင် ဗိမာန်တော်ထဲသို့ တပါးအမျိုးသားသူစိမ်းသူရံစားများ ဝင်ထွက်အမှုဆောင်ခြင်းကို ခွင့်မပြုရန် တားမြစ်သည် (ငယ် ၆−၉)။
၄၄:၁၀−၁၆ ရုပ်တုဆင်းတုကိုးကွယ်ခဲ့ဘူးခြင်းကြောင့် ထိုကာလမှစ၍ လေဝိအမျိုးတို့ကို အစေအပါးအဖြစ်သာထားတော့သည်။ ယဇ်ပုရောဟိတ်အမှုကို ဇာဒုတ်၏သားမများသာလျှင် ဆောင်ရွက်ကြရသည်။ ဇာဒုတ်၏သားများသည် ဒါဝိဒ်မင်းဒုက္ခရောက်ချိန်၌ သစ္စာရှိရှိရပ်တည်ခဲ့ကြသူများ ဖြစ်သည် (၂ရာ၊၁၅:၂၄။ ၃ရာ၊၁:၃၂၊ ၂:၂၆−၂၇၊၃၅ တို့ကိုဖတ်)။ လေဝိ သားများယဇ်ပုရောဟိတ်အဖြစ်မှ ဖယ်ရှားခံရခြင်းမှာ ဧလိမိသားစုအပေါ်ကျိန်ဆဲခြင်း သို့မဟုတ် ဣသရေလရှင်ဘုရင်များကို သစ္စာမဲ့ခြင်းတို့ကြောင့် ဖြစ်ဟန်ရှိသည်။ ဤနေရာ၌ အပြစ်ဒုစရိုက်၏ အကျိုးဆက်မှာ ခါးသီး၍ သစ္စာတည်ကြည်ခြင်းသည် ဆုလာဘ်ရလမ်းဖြစ်ကြောင်း နားလည်ရသည်။
၄၄:၁၇−၁၉ အမှုတော်ဆောင်သောယဇ်ပုရောဟိတ်များသည် ချည်သားဝတ်ရုံကိုသာ ဝတ်ဆင်ရမည်။ သိုးမွှေးထည် မဝတ်ရ။ သန့်ရှင်းသော အမှုတော်ဆောင်ဝတ်ရုံဖြင့် လူများကို စင်ကြယ်ပေးခြင်း မပြုလုပ်ရ (ငယ် ၁၉)ဆိုသည်မှာ သန့်ရှင်းရာဌာနဝတ္တရားများဆောင်ရွက်သည့် ဘာသာရေးထုံးတမ်းကိုသာ ရည်ညွှန်းသည်။ ယဇ်ပုရောဟိတ်များနေ့စဉ် ဆောင်ရွက်ရသော တာဝန်ပိုင်းနှင့် ပက်သက်ခြင်းမရှိပါ။ (ထွ၊၂၉:၃၇။ ၃၀:၂၉။ ဝတ်၊၆:၁၈−၂၇။ ဟဂ္ဂဲ၊၂:၁၀−၁၂)။
၄၄:၂၀−၂၂ ယဇ်ပုရောဟိတ်များလိုက်နာရမည့်စည်းကမ်းမှာ ဆံပင်မရှည်ရန် ဖြစ်ညှပ်ရမည်။ မရိတ်ရ။ စပျစ်ရည်မသောက်ရ။ အသရေရှိသော အိမ်ထောင်ဘက်ရှိရမည်။ မုဆိုးမ၊ တခုလပ်မယူရ။
၄၄:၂၃−၂၄ ဇာဒုတ်၏ သားများသည် ဓမ္မဆရာနှင့် တရားသူကြီးတာဝန်ကိုလည်း ထမ်းဆောင်ကြရမည်။ ဘုရားသခင်၏ လူသားများအားသန့်ရှင်းခြင်းနှင့် မသန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့်မစင်ကြယ်ခြင်းများကို ခွဲခြားနားလည်ရန် လမ်းညွှန်သွန်သင်ရမည်။
၄၄:၂၅−၂၇ လူသေကောင်ကို ကိုင်တွယ်ထိတွေ့မိလျှင် ဘာသာရေးထုံးတမ်းနှင့်အညီ မိမိကိုယ်ကို စင်ကြယ်အောင်ပြုရမည်။ မိဘ−သားသမီး၊ ညီအစ်ကို လင်မရှိသောနှမအတွက် ခြွင်းချက်ရှိသည်။
၄၄:၂၈−၃၁ ဘုရားသခင်ထံ ရည်စူးတင်လှူသောအရာများကို သူတို့ဥစ္စာအဖြစ်ခံစားရကြမည်။ ဘုရားသခင်သည် သူတို့ အတွက် အမွေဥစ္စာဖြစ်သည်။ လောက၌ သူတို့ဖို့ ဥစ္စာပစ္စည်းများရှိရန်မလို။ ယနေ့ခေတ်တွင်လည်း ဘုရားသခင်အမှုဆောင်များ ထိုအတိုင်းခံယူနှလုံးသွင်းသင့်သည်။ ကိုယ်တော်ဘုရားကိုသာ တင်းပြည့်ကျပ်ပြည့် မှီခိုအားထားစေချင်သည်။ လောကအနှောင်အဖွဲ့သံယောဇဉ်များမှ ကင်းလွတ်ကာ ခပ်သိမ်းသော အခြေအနေ၌ ရှင်ပေါလုကဲ့သို့ ရောင့်ရဲတင်းတိမ်စိတ် ရှိရမည်(ဖိ၊ ၄:၁၁)။ သို့သော် ထိုအရာတို့သည် အလိုအလျောက်ရောက်လာမည် မဟုတ်သောကြောင့် ကျွန်ုပ်တို့လေ့ကျင့်သင်ယူရပါမည်။ ဆာ ၇၃: ၂၅−၂၆ တွင် ပါရှိသည့်အတိုင်း “ကိုယ်တော်မှတပါး အကျွန်ုပ်၌ အဘယ်သူရှိပါမည်နည်း။ မြေကြီးပေါ်မှာ ကိုယ်တော်ဘုရားကိုသာ အလိုရှိပါသည်။ အကျွန်ုပ်၏ အသားနှင့်စိတ်နှလုံးပျက်ပြုန်းသော်လည်း ဘုရားရှင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ အကျွန်ုပ်၏ အစဉ်အမြဲခံစားရာ ဖြစ်တော်မူ၏” ဟုဆိုနိုင်ရမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။