ယေဇကျေလအနာဂတ္တိကျမ်း - ၄၅

သန့်ရှင်းသောမြေ
1သင်တို့သည် မြေကို အမွေခံခြင်းငှာ စာရေးတံချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတစ်ကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။ 2ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။ 3ထိုသို့ အလျားနှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။ 4ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။ 5အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။ 6မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသောအရပ် တစ်ဖက်တစ်ချက်၌ အလျား တစ်သောင်းငါးထောင်၊ အနံ ငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဖြစ်ရမည်။
မင်းသားအတွက်မြေယာ
7သန့်ရှင်းသောမြေကွက်နှင့် မြို့တော် နယ်နိမိတ် အနောက်ဘက်တစ်လျှောက်လုံးတစ်ပိုင်း၊ အရှေ့ဘက်တစ်လျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ ဖြစ်ရမည်။ 8ငါ၏မင်းသားတို့သည် နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလပြည်၌ မင်းသားပိုင်သောမြေ ဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
မင်းသားအတွက်စည်းကမ်းများ
9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလမင်းသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကို ပြုကြလော့။ နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အချိန်နှင့်အတိုင်းအတာ
10မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်တို့ကို သုံးရကြမည်။ 11ဧဖာနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖာသည် တစ်ဟောမဲတွင် ဆယ်စုတစ်စု၊ ဗတ်သည်လည်း တစ်ဟောမဲတွင် ဆယ်စုတစ်စုရှိရမည်။ 12ဂေရာနှစ်ဆယ်ကို တစ်ကျပ်၊ အကျပ်ခြောက်ဆယ်ကို တစ်မာနေရှိရမည်။
ပူဇော်သကာများ
13ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။ 14ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။ 15သူတို့အပြစ်ကို ဖြေခြင်းငှာ ဣသရေလကျက်စားရာ၊ ရေများသောအရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တစ်ကောင်ကို ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 16ထိုချီးမြှောက်ရာ ပူဇော်သကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။ 17မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။
ပွဲတော်များ
(ထွ၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၃၃-၄၃)
18အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ 19ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။ 20ထိုမှတစ်ပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
21ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။ 22ထိုနေ့၌ မင်းသားသည် ကိုယ်ဖို့လည်းကောင်း၊ ပြည်သူပြည်သား အပေါင်းတို့ဖို့လည်းကောင်း၊ နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ် ပူဇော်ရမည်။ 23ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ရာယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသောသိုးထီး ခုနစ်ကောင်ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ် တစ်ကောင်ကိုလည်းကောင်း နေ့တိုင်းပူဇော်ရမည်။ 24နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တစ်ကောင်တစ်ကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကို ပြင်ဆင်ရမည်။ 25သတ္တမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ဆီပူဇော်သကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံးပြုရမည်။

ယေဇကျေလအနာဂတ္တိကျမ်း - ၄၅ (အနက်ဖွင့်)

(အနှစ်တစ်ထောင်စီမံအုပ်စိုးခြင်း (အခန်း ၄၅၊၄၆)

၄၅: ၁ ဣသရေလတို့ အလယ်ဗဟိုတွင် ဘုရားသခင်အတွက် သန့်ရှင်းသောမြေနေရာသီးသန့် ထားရှိရမည်။ ထိုဝတ္တကမြေသည် အလျား ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံတသောင်း ကျယ်ပြန့်သည်။

၄၅:၂−၅ ထိုမြေကွက်ကို နှစ်ဆင့်ခွဲ ခြားထားသည်။ ပထမထိပ်ပိုင်းတဝက်သည် သန့်ရှင်းသောဌာနနှင့် ယဇ်ပုရောဟိတ်များ နေရာဖြစ်သည်။ ကျန်အနိမ့်ပိုင်းတဝက်သည် လေဝိအမျိုးသားများ အတွက် ဖြစ်သည်။

၄၅:၆ အောက်ခြေပိုင်း၌ စတုရန်းကွက်သည် ပရိသတ်များနေရာဖြစ်၍ ယေရုရှလင်မြို့တော်လည်း ထိုနေရာတွင် ပါဝင်သည်။

၄၅:၅၇−၈ အရှေ့ဘက်နှင့် အနောက်ဘက်တလျှောက်ရှိသော မြေနေရာအားလုံးကို မင်းသားက ပိုင်ဆိုင်သည်။

၄၅:၉−၁၂ နောင်ဆက်ခံမည့် ဣသရေလ မင်းသားများသို့ ဘုရားသခင်က တရားနှင့် အညီအုပ်စိုးဖို့၊ အလေးတင်းတောင်း အချိန်အတွယ် မှန်ကန်စွာ အသုံးပြုဖို့ မိန့်မှာသည်။

၄၅:၁၃−၁၇ ဤကျမ်းပိုဒ်များတွင် ဣသရေလပြည်သူတို့အား မိမိတို့ခံစားရသည့် ကောင်းချီးပမာဏ အချိုးအစားအတိုင်း ဣသရေလမင်းသားများသို့ အခွန်ဆက်သကြဖို့ နှိုးဆော်ပြီး၊ ဣသရေလမင်းသားက လည်းအခါရာသီအလိုက် ကျင်း ပရသော ယဇ်ပူဇော်သက္ကာများကို အချိန်မှန်ပူဇော်ဖို့ မိန့်မှာသည်။

၄၅:၁၈−၂၀ ပထမလ၏ ပထမနေ့ရက်တွင် သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ ထိုသတ္တမမြောက်ရက်နေ့၌ မှားယွင်းသောသူနှင့် မိုက်မဲသူတို့၏ ဒုစရိုက်များကို အပြစ်ဖြေယဇ်ပူဇော်ရမည်။

၄၅:၂၁−၂၅ ပထမလ၏ တဆယ့်လေးရက်နေ့မြောက်တွင် ပသခါပွဲကိုကျင်းပ၍ သတ္တမလ၏ တဆယ့် ငါးရက်နေ့မြောက်တွင် တဲတော်ပွဲကို ကျင်းပကြရမည်။

ဤနေရာတွင် ပင်တေကုတ္တေပွဲတော်၊ တံပိုးမှုတ်ပွဲတော်နှင့် အပြစ်ဖြေရာပွဲ ပူဇော်သက္ကာအကြောင်းများ ဖော်ပြခြင်းမရှိပါ။

ထိုသို့နှစ်လစဉ်၊ လစဉ် ထုံးတမ်းစဉ်လာနှင့်အညီ ပွဲတော်များနှင့် အလုပ်အရှုပ်ခံကျင်းပနေရမည့်အစား လူသားအားလုံးအတွက် ခရစ်တော်က တစ်ကြိမ်တည်းဖြင့် ပွဲအလုံးစုံ အပြီ:အစီး ပြုလုပ်ပေးခြင်းသည် မည်မျှ ကရိကထလျော့နည်းသွားပါသနည်း။ ကျေးဇူးတော်ကြီးမားလှပေစွ။

 

အနှစ်တထောင်အတွက်ပူဇော်ခြင်း

အခန်း ၄၃:၂၀၊ ၂၆။ ၄၅:၁၅၊၁၇ တို့တွင် အနှစ်တထောင်ကာလအတွက် အပြစ်ဖြေပူဇော်သက္ကာကို ရည်ရွယ်သော ယဇ်ပူဇော်ခြင်းအချို့ကို ထူးထူးခြားခြား ဖော်ပြထားသည်။ ဤကျမ်းစကားများကို မည်သို့နားလည်ရမည်နည်း(ဟေဗြဲ၊ ၁၀:၁၂ တွင်”ထိုသခင်မူကားအပြစ်ကို ဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲစိုးစံတော်မူပြီ” ဟု၎င်း၊ ဟေဗြဲ ၁၀:၁၈ တွင် “ထိုအပြစ်တို့ကိုလွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော်သက္ကာ ပြုစရာအကြောင်းမရှိ” ဟု၎င်း ဆိုထားပါသည်။

ဓမ္မဟောင်းကျမ်းမှ အပြစ်ဖြေခြင်းသည် (ပင်ကိုယ်အားဖြင့် ဖုံးအုပ်ခြင်းဟု အနက်ရသည်)။ အပြစ်များကို လုံးဝစင်ကြယ်ပပျောက်စေခြင်းမဟုတ်။ ထို့ကြောင့် ဟေဗြဲ ၁၀:၄ တွင် “နွား၊ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ”ဟု ဆိုသည်။ ထို့ကြောင့် နှစ်စဉ်ပုံမှန်ကျင်းပရခြင်း ဖြစ်ကြောင်းနားလည်ရသည်။ (ဟေဗြဲ ၁၀:၃)။ ထိုသို့ဆိုလျှင် အပြစ်ဖြေခြင်း၏ အဓိပ္ပါယ်ကား အဘယ်သို့နည်း။ ယဇ်ပူဇော်ခြင်းဆိုသည်မှာ အပြင်ပန်းစင်ကြယ်စေခြင်း၊ ဘာသာရေးအစဉ်အလာ အရသန့်ရှင်းစေခြင်း ဖြစ်သည်။ ထုံးစံအရ လူများအားစင်ကြယ်စေခြင်းဖြစ်၍ ဘုရားသခင်ရှေ့တော်သို့ ဝင်ရောက်ရခွင့် အသိမှတ်ပြုခြင်းဖြစ်သည်။ အပြစ်ဖြေပူဇော်သက္ကာပြုရန် တိရစ္ဆာန်များကိုယဇ်ကောင်အဖြစ် ယဇ်ပလ္လင်ပေါ်တွင် တင်လှူပူဇော်ရသည်(ထွ၊၂၉:၃၇)။ ထိုသို့ပူဇော်လျှင် အပြစ်ဒုစရိုက် စင်ကြယ်သွားသည်ဟု လူများကခံယူ၍ လိပ်ပြာသန့်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ယဇ်ပလ္လင်ဖြင့် စင်ကြယ်ခြင်း နည်းလမ်းဖြစ်၍ ဘုရားသခင်၏ အမှုတော်တွင် ပါဝင်ခွင့်ဖြစ်သည်။

တမင်တကာရည်ရွယ်ချက်မရှိဘဲ ပြုလုပ်ခဲ့မိသော အမှုမဲ့အမှတ်မဲ့ အပြစ်များအတွက်ကိုလည်း အပြစ်ဖြေယဇ်ပူဇော်သက္ကာပြုရသည် (ဝတ်၊၄:၂၀)။ ထိုသို့ပြုလုပ်မှသာလျှင် ထုံးတမ်းဓလေ့အရ စင်ကြယ်သွားပြီး၊ ဘုရားသခင်ထံတိုးဝင် ကိုးကွယ်ခွင့်ရပါမည်။

ယနေ့ခေတ်ကာလတွင် အပြစ်ဖြေခြင်းသည် ပိုမိုကျယ်ပြန့်၍ အဓိပ္ပါယ်လေးနက်သထက်နက်ရှိုင်းသည်။ သခင်ယေရှုက လူသားအားလုံးအတွက် အပြစ်ဖြေလွှတ်ခြင်းပြုပေးပြီ ဖြစ်သောကြောင့်လူတိုင်း ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြပြီး။ လူတိုင်းမျက်မှောက်တော်သို့ တိုးဝင်ချဉ်းကပ် ကိုးကွယ်နိုင်လေပြီ။ NKJVနှင့် KJV ကျမ်း ရောမ ၅:၁၁၌ အပြစ်ဖြေခြင်းကို ပြန်လည် သင့်မြတ်ခြင်း၄၀ ဟုဆိုထားသည်။ အခြားကျမ်းမူအများအပြားကလည်း ထိုသို့ပြန်ဆိုကြသည်။

ဣသရေလသမိုင်းကြောင်းတွင် ကျင်းပသည့် ယဇ်ပူဇော်ခြင်းများသဘောသည် ခရစ်တော်၏ ပြီးပြည့်စုံသော ယဇ်ပူဇော်ခြင်းသို့ ဦးတည်ညွှန်ပြသည်။ မိလေနိ(အနှစ်တထောင်ခေတ်) ယဇ်ပူဇော်ခြင်းက ကရာနီကုန်းယဇ်ကို အမှတ်တရစေလိမ့်မည်။ ကိုယ်တော်၏ပွဲတော် မင်္ဂလာသည် ကျွန်ုပ်တို့အတွက် အမှတ်တရဖြစ်လိမ့်မည်။

ဟေဗြဲသြဝါဒ ကျမ်းကအနာဂတ်တွင် အပြစ်ဖြေရာ ယဇ်ပူဖော်ခြင်းအမှု မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။ အနာဂတ်၌ ယဇ်ပူဇော်ခြင်းသည် အတိတ်က အပြစ်ဒုစရိုက်များကို သက်ရောက်နိုင်ခြင်း မရှိနိုင်တော့ကြောင့် အခိုင်အမာ ပြောထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။