ယေဇကျေလအနာဂတ္တိကျမ်း - ၃၃

ကင်းစောင့်အဖြစ်ခန့်ထားခြင်း
(ယေဇ၊ ၃:၁၆-၂၁)
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ဟောပြော၍ ဆင့်ဆိုရမည်မှာ၊ ငါသည် တစ်စုံတစ်ခုသောပြည်သို့ ဓားဘေးရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတစ်ယောက်ကို ယူ၍ ကင်းစောင့်ထားပြီးမှ၊ 3ထိုသူသည် ဓားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊ 4တစ်စုံတစ်ယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ဓားဘေးရောက်၍ သူ၏အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။ 5တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင်လိမ့်မည်။ 6သို့မဟုတ် ကင်းစောင့်ထားသောသူသည် ဓားဘေးရောက်ကြောင်းကို မြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား အသိမပေးသောကြောင့် ဓားဘေးရောက်၍ တစ်စုံတစ်ယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။ 7ထိုအတူ၊ အချင်းလူသား၊ သင့်ကို ဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှာ ငါခန့်ထားသောကြောင့်၊ သင်သည် ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။ 8ငါသည် လူဆိုးအား၊ အို လူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟု ဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှာ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကို သင်၌ငါတောင်းမည်။ 9သို့မဟုတ်၊ လူဆိုးကိုသူ၏လမ်းမှလွှဲစေခြင်းငှာ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ်အသက်ကို ကယ်တင်ပြီ။
ထာ၀ရဘုရား၏တရားမျှတခြင်း
10သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှာ၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊ 11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည် မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အို ဣသရေလအမျိုးသားတို့၊ သင်တို့လိုက်သော လမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။ 12သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်းအမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် ပြစ်မှားသောနေ့၌ အသက်ရှင်ရသောအခွင့် မရှိရ။ 13ဖြောင့်မတ်သောသူသည် စင်စစ် အသက်ရှင်ရလိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ်ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ်ခြင်းအမှု တစ်စုံတစ်ခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။ 14တစ်ဖန်ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကိုရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျက်၊ 15ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့ လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။ 16ပြုမိသော ဒုစရိုက်အပြစ် တစ်စုံတစ်ခုကိုမျှ သူ၌မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ် အသက်ရှင်ရလိမ့်မည်။ 17သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက် မဖြောင့်ပါတကား။ 18ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။ 19ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကို ရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။ 20သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုးသားတို့၊ သင်တို့အသီးအသီး ပြုကြသည်အတိုင်း ငါစီရင်မည်ဟု မိန့်တော်မူ၏။
ယေရုရှလင်မြို့ကျဆုံးခြင်း
21သိမ်းသွားရာ သက္ကရာဇ်တစ်ဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတစ်ယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီဟု သတင်းကြားပြော၏။ 22ထိုသူမရောက်မီ ညဉ့်ဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲ နေရသောအချိန်လွန်၍ ဟောပြောရ၏။
လူတို့၏အပြစ်များ
23ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 24အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသောသူတို့က၊ အာဗြဟံသည် လူတစ်ဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဖို့ ပေးတော်မူပြီဟု ဆိုကြသော်၊ 25သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် အသွေးနှင့်တကွ အမဲသားကိုစားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။ 26ဓားကို ခိုလှုံလျက်၊ စက်ဆုပ်ဖွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။ 27တစ်ဖန် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီးသော အရပ်၌နေသော သူတို့သည် ဓားဖြင့်လဲ၍ သေရကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့သည် ကာလနာနှင့် သေရကြလိမ့်မည်။ 28တစ်ပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မလျှောက်မသွားရအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။ 29ပြည်သားတို့သည် ပြုမိသော စက်ဆုပ်ဖွယ်အမှု အလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင် ပယ်ရှင်းသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။
30ထိုမှတစ်ပါး၊ အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ ဗျာဒိတ်ပေးတော်မူသည်ကို ကြားကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တစ်ယောက်ကိုတစ်ယောက် ပြောတတ်ကြ၏။ 31ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကို ကြားသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဖွယ်သောလက္ခဏာကို နှုတ်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီဥစ္စာကို စွဲလမ်းလျက်ရှိ၏။ 32သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက်ဖွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရသော်လည်း နားမထောင်တတ်ကြ။ 33သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင်ပရောဖက်ရှိဖူးသည်ကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၃၃ (အနက်ဖွင့်)

၄။ ဣသရေလတို့ပြန်လည်ထူထောင်ခြင်းနှင့် ရန်သူများကို နှိမ်နှင်းခြင်း (အခန်း ၃၃၃၉)

အခန်း ၃၃ မှစ၍ ဤကျမ်းစာအုပ်အဆုံးအထိ ဣသရေလလူမျိုးပြန်လည်ထူထောင်မည့်အကြောင်း၊ ဗိမာန်တော်ပြန်လည်တည်ဆောက်မည့်အကြောင်း ဟောပြောထား ခြင်းဖြစ်သည်။

(ကပရောဖက်အားကင်းစောင့်သူအဖြစ် ခန့်အပ်ခြင်း (အခန်း ၃၃ )

၃၃:၁−၉ ဤအခန်းတွင် ယေဇကျေလကို ကြည့်ရှု ကင်းစောင့်သူအဖြစ် ဖော်ပြသည်။ သူ့လူများအား ယုံကြည်ခြင်း သစွာရှိကြဖို့ သတိပေးသော်လည်း နာခံမှုမရှိဘဲ ပျက်စီးခြင်းလမ်းသို့သာ လိုက်ကြသဖြင့် ကိုယ်ပြုကိုယ်ခံ ဖြစ်မည်။ အကယ်၍ သတိမပေးသဖြင့် သူတို့ပျက်စီးကြလျှင် ဘုရားသခင်က သူတို့အသွေးဖိုးအား ကင်းစောင့်သူထံမှ ပြန်လည်တောင်းလိမ့်မည်။

ဘုရားသခင်က ယေဇကျေလအား ဣသရေလအိမ်တော်ကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးသည်။ ဤနေရာတွင် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာနိုင်သည်။ ဘုရားသခင်က မည်သူ့ကို မည်သည့်တာဝန် ပေးထားသနည်း။ မည်သူ့အတွက် သက်သေခံ ဖြစ်ကြရမည်နည်း။ မည်သူ့ကို သတိပေးရမည်နည်း။ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊အိမ်နီးနားချင်းများလား၊ လုပ်ဖော်ဆောင်ဖက်များလား။ ဤတာဝန်သည် တည်ကြည်လေးနက်သည်။ အကယ်၍ ဤတာဝန်အတိုင်း ဖြည့်ဆည်းခြင်းမရှိလျှင် မိမိတို့ ဝိညာဉ်ရေးကြီးထွားမှု ထိခိုက်စေပါသည်။

၃၃:၁၀−၂၀ လူအများက “မည်ကဲ့သို့ အသက်ရှင်ရမည်နည်း”ဟု စိတ်ပျက်အားငယ်စွာ မေးမြန်းကြပါ ထိမ့်မည်။ ယနေ့ခေတ်ကာလတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသော လူပြဿနာပေါင်းစုံကြားတွင် စိတ်ပျက်အားငယ်သူ၊ မျှော်လင့်ချက်ပျောက်ဆုံးသူ၊ ဒုနှင့်ဒေးရှိကြပါသည်။ ဘုရားသခင်၏ အဖြေစကားမှာ အဆိုးဝါးဆုံးသော အပြစ်ဒုစရိုက်သားများအတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်သည်။ မျှောလင့်ချက်ရဖို့ အပြစ်ဒုစရိုက်မှ လှည့်ပြန်လာရန် သာလိုအပ်သည်။ လျစ်လျူရှုခြင်း ဖြင့်မရနိုင်ပါ။ ၎င်းသည် တရားမျှတခြင်းမရှိဟု အချို့က စောဒကတက်ကြသည်။ ထိုဟို့မဟုတ်ကြောင်း ဘုရားသခင်ကငြင်းဆိုသည်။ အပြစ်ကိုဝန်ခံ၍ ဒုစရိုက်အမှုအားစွန့်ခွါလာသော ဆိုးယုတ်သူအား အပြစ်ခွင့်လွှတ်ခြင်းပေး သည့်နည်းတူ၊ ဒုစရိုက်လမ်း သို့ပြန်သွားသောဖြောင့်မတ်သူအားလည်း စီရင်ခြင်း ပြစ်ဒဏ်ပေးမည် ဟုဆိုသည်။

၃၃:၂၁−၂၂ ယေဇကျေလ၏ နှုတ်သည်ပွင့်ဟလာသည်။ ဆွံ့အမနေတော့။ မကြာမီ ယေရုရှလင်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြို့တော်ကို ရန်သူတို့က သိမ်းပိုက်လိုက်ပြီဟု သတင်းပေးပို့လာသည် (၂၄:၂၇ ကိုလည်းရှုပါ)။

၃၃:၂၃−၂၉ ဤအပိုဒ်ငယ်များသည် ယေရုရှလင်မြို့ကျဆုံးပြီးနောက် ဣသရေလမြေပေါ်၌ ကြွင်းကျန်သော လက်တဆုပ်စာ ယုဒလူမျိုးများအကြောင်း ဖြစ်သည်။ အာဗြဟံ တစ်ဦးတည်းက ဤပြည်ကို အမွေခံခဲ့သည်။ ငါတို့လူအများအဖြစ်လျက်နှင့် ဤပြည်၏အမွေကို မခံရကောင်းလားဟု ဆိုကြသည်။ သို့သော် ဘုရားသခင်က အရေအတွက်ထက် အရည်အချင်းကိုသာ တန်ဖိုးထားသည်။ ထိုသူတို့သည် ရုပ်တုဆင်းတု အမျိုးမျိုးကိုးကွယ်ခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းခြင်းဖြင့် ထိုပြည်အား ညစ်နွမ်းယုတ်ညံ့စေခဲ့သောကြောင့် သန့်စင်ပေးဖို့ လိုအပ်ပြီ။ သူတို့ကို စစ်ကြောခြင်းဖြစ်သည်။ သူတိုသည် အာဗြဟံ၏(ဝိညာဉ်ရေးရာ) စစ်မှန်သော အမွေခံများမဟုတ်ကြ။ အပြင်ပန်းလုပ်ဆောင်မှုက အပြစ်စီရင်ခြင်းကို မကယ်ဆယ်နိုင်။ ဘုရားသခင်သည် နှုတ်ခမ်းဖျားက ချိုသာသောပီယဝါစာစကားကို စိတ်မဝင်စား၊ အသက်ရှင်ခြင်းနည်းလမ်းအကျင့်ကို သာအသိမှတ်ပြုသည် (ယာ ၂:၁၄ နှင့်ယှဉ်ဖတ်)။

၃၃:၃၀−၃၃ လူအပေါင်းတို့သည် ယေဇကျေလ၏ စကားကို နှစ်သက်ဟန်ရှိသော်လည်း လက်တွေ့လိုက်နာလုပ်ဆောင်လိုစိတ်မရှိကြ။ သူ၏ ပရောဖက်ပြုချက်များပြည့်စုံသောအခါကျမှ သူတို့အလယ်တွင် ပရောဖက်တစ်ပါးရှိခဲ့ကြောင်း သိရှိကြရမည်။

ယနေ့ယုံကြည်သူများသည်လည်း ကြားရသော နှုတ်ကပတ်တော်များကို ကြားရုံသာကြားကြသလား၊ အသက်တာတွင် လက်တွေ့ အသုံးချပါသလားဟု မိမိကိုယ်ကို ပြန်လည်ဆန်းစစ် ဖို့လိုပါသည်။ ကြားနာရသော တရားဒေသနာအား အကောင်းဆုံး တုန့်ပြန်ချက်မှာ “ကောင်းလိုက်တဲ့တရားဒေသနာဟု ပြောဆိုရုံမျှသာ မဟုတ်ပါ။ “ဘုရားသခင်က ကျွန်ုပ်ကိုစကားပြောနေပြီ။ တခုခုလုပ်ရတော့မည်”ဟု ဖြစ်သင့်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။