ယေဇကျေလအနာဂတ္တိကျမ်း - ၂၂

ယေရုရှလင်မြို့ကျူးလွန်သောအပြစ်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ လူအသက်ကို သတ်တတ်သောမြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြလော့။ 3အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှာ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဖို့ မိမိတစ်ဖက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊ 4သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။ 5အို အသရေပျက်၍ နှောင့်ယှက်ခြင်းကိုခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။ 6ဣသရေလမင်းသားတို့သည် အသီးအသီး အခွင့်တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။ 7သင့်အလယ်၌ မိဘတို့ကို မထီမဲ့မြင်ပြုကြ၏။ တစ်ပါးအမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူနှင့် မုဆိုးမတို့ကို ညှဉ်းဆဲကြ၏။ 8သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။ 9သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ 10သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သောမိန်းမနှင့် မှားယွင်းကြ၏။ 11သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယားကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ်သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။ 12သင့်အလယ်၌လည်း လူအသက်သတ်ခကိုခံကြ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။ 13သို့ဖြစ်၍၊ သင်ဆည်းပူးသောဥစ္စာ၊ သင့်အလယ်၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။ 14သင့်ကို ငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင်သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုမည်။ 15သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကိုလည်း ပယ်ရှင်းမည်။ 16လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အရည်ကျိုခြင်း
17တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 18အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့်ကွာသော ချော်ဖြစ်ကြ၏။ 19ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။ 20ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှာ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍ အရည်ကျိုမည်။ 21အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကိုမှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြလိမ့်မည်။ 22ငွေကို မိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရသဖြင့်၊ ငါထာဝရဘုရားသည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ပရောဖက်တို့၏ပြစ်မှားမှုများ
23တစ်ဖန်အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 24အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက်ထွက်သောနေ့၌မိုးမရွာ၊ သင်သည် မိုးရေကို မခံရသောပြည်ဖြစ်၏။ 25ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်းဖွဲ့ခြင်းကို ပြုကြပြီ။ ဟောက်၍ အကောင်ကိုကိုက်ဖြတ်သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍာများနှင့် အဖိုးထိုက်သောဥစ္စာများကို လုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကို များပြားစေကြ၏။ 26ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။ 27မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ်သောတောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှာ လူအသက်ကိုသတ်၍၊ သူတစ်ပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။ 28ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရား မိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။ 29ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ဓားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက်ခြင်း၊ တစ်ပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲခြင်းကို ပြုကြ၏။ 30ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှာ ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ ဆီးတားသောသူ တစ်ယောက်ကိုမျှ ငါရှာ၍မတွေ့။ 31ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၂၂ (အနက်ဖွင့်)

(ယေရုရှလင်ညစ်ညမ်းခြင်း ဗျာဒိတ်တော်()ပါး (အခန်း၂၂)

၂၂:၁−၁၂ ယေရုရှလင်၏ အပြစ်ဒုစရိုက်များကို ဖော်ပြသည်။ သွေးချောင်းစီးခြင်း(ငယ်၉) (လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်းလည်းပါနိုင်သည်)။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(ငယ် ၃−၄)၊ လူသတ်ခြင်း၊ သူစိမ်းဧည့်သည်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများကိုနှိပ်စက်ခြင်း (ငယ်၇)၊ ဗိမာန်တော်ညစ်ညူးစေခြင်း၊ ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း(ငယ်၈)၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း(ငယ်၉) ၊ အကျင့်စာရိတ္တညံ့ဖျင်းခြင်း (ငယ်၁၀)၊ သူများအိမ်ယာပြစ်များခြင်း၊ သွေးသားနိးစပ်သူနှင့် ကာမေသုမိစ္ဆာပြုခြင်း (ငယ်၁၁)၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ငွေတိုးချေးခြင်း၊ နိုင်လိုမင်းထက်ငွေရခြင်း၊ ဘုရားတရားမေ့ခြင်းများ(ငယ်၁၂) ပြုမှားလျက်ရှိ ကြသည်။

၂၂:၁၃−၂၂ ဤသို့မရိုးမသားစီးပွားရှာခြင်း၊ သွေးချောင်းစီးခြင်း ဒုစရိုက်များကြောင့် ဣသရေလလူမျိုးသည် တပါးအမျိုးသားများအကြားတွင် ပြန့်ကြဲကွဲလွင့် ကြမည် (ငယ်၁၃−၁၆)။ ယေရုရှလင်မြို့သည် ကြေးနီကြေးဖြူများ အရည်အသွေးစစ်မိုက် ကဲ့သို့ဖြစ်သည်။ ဣသရေလအမျိုးသည် ရွှေအရည် ကျိုစစ် သကဲ့သို့ စစ်ဆေးခံရကြမည် (ငယ်၁၇−၂၂)။

၂၂:၂၃−၂၄ တဖန် ဘုရားရှင်က ယေဇကျေလအား သင့်ပြည်သည် မိုးရေမခံရသောပြည် ဖြစ်မည် ဟုမိန့်ကြားသည်။ Taylor ကဤသို့ရှင်းပြထားသည်။

ဗျာဒိတ်တော်တွင် ပါရှိသည့်အတိုင်း ထိုပြည်သည် မိုးခေါင်ရေရှားသော အရပ်ဒေသဖြစ်သည်။ ကျမ်းစာပညာရှင်အများစုက Septuagint ၂၄တွင် မိုးရွာသွန်းစေခြင်းကို “စင်ကြယ်စေခြင်းဟု ဆိုသည်။ ထို့ကြောင့်မိုးရေမခံသောမြေမှာ မစင်ကြယ်သောမြေဟု နားလည်သင့်သည်။၂၀

၂၂:၂၅−၃၁ အုပ်စိုးသူမင်းမှစ၍ လူအဖွဲ့အစည်းလူထု လူတန်းစားတိုင်းသည် ထာဝရဘုရားသခင်ရှေ့၌ အပြစ်သားများ ဖြစ်သည်(ငယ်၂၅)။ Septuagint၂၁တွင် မင်းများ “Princes” ဟူသော စကားလုံးကို KJV နှင့် NKJV ကျမ်းမူများ၌ ပရောဖက်များနှင့် ငယ်၂၆တွင် ပါရှိသည့် ယဇ်ပရောဟိတ်များလည်း ပါဝင်သည်။ တရားသူကြီးများ(ငယ် ၂၇)၊ ပရောဖက်များ(ငယ် ၂၈)၊ လူအပေါင်း(ငယ် ၂၉)၊ သည်လည်း အပြစ်သားများ ဖြစ်သည်။ ဘုရားသခင်ရှေ့၌ ရပ်တည်နိုင်အောင် သန့်ရှင်းသူ တစ်ဦးမျှ မရှိ။ ထိုပြည်၌ ယခင်ကလည်းမရှိ၊ ယခုလည်းမရှိ(ငယ် ၃၀−၃၁)။

ဘုရားသခင်သည် လူနှင့်ဘုရားသခင်အကြား ကွာဟမှုကို အခြားနည်းလမ်းကိုသာ မရှာကြံဘဲ ဆက်စပ်ဖြည့်ဆည်းခြင်း နည်းလမ်းကိုသာ ကြံဆသည်။ တစ်စုံတစ်ဦး၏ ပယောဂကြောင့် လူနှင့်ဘုရားသခင်ဝေးကွာ၍ ကွဲပြားခြားခဲ့ပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။