ယေဇကျေလအနာဂတ္တိကျမ်း - ၂၁

ထာဝရဘုရား၏ဓားတော်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။ 3အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလပြည်အားဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကိုရန်ဘက်ပြုလျက်၊ ငါ့ဓားကိုဓားအိမ်မှထုတ်၍၊ သင်၌တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။ 4ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်း ရှိသောကြောင့်၊ ငါ့ဓားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။ 5ငါထာဝရဘုရားသည် ငါ့ဓားကို သူ့အိမ်မှထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုဓားသည် နောက်တစ်ဖန် အိမ်သို့ မပြန်ရ။ 6သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။ 7သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွားသနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူအပေါင်းတို့သည် ကြောက်အားကြီး၍ လက်အားလျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ အမှုလာ၍ ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
8တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 9အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ဓားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။ 10ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှာ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှာလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုဓားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။ 11သုံးစရာဖို့ ပွတ်စေခြင်းငှာ အပ်ထားပြီ။ လုပ်ကြံသောသူ၌အပ်ခြင်းငှာ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ 12အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏လူတို့၌ ရောက်လိမ့်မည်။ ဣသရေလမင်းသား အပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ဓား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။ 13စုံစမ်းခြင်းအမှုဖြစ်၏။ ဓားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 14သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍လက်ခုပ်တီးလော့။ ဓားတော်သည် နှစ်ခေါက်၊ သုံးခေါက်ရောက်ရ၏။ သူရဲဓား၊ အားကြီးသော သူရဲဓားဖြစ်၏။ သူတို့ကိုဝန်းရံသောဓားဖြစ်၏။ 15သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေးကို မြို့တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ဓားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဖို့ ပွတ်ထားလျက်ရှိ၏။ 16စုဝေးလော့။ လက်ယာဘက်သို့ ခုတ်လော့။ ပြင်ဦးလော့။ လက်ဝဲဘက်အစရှိသော သင်၏အသွားမျက်နှာပြုသမျှဘက်သို့ ခုတ်လော့။ 17ငါသည်လည်း လက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ ငါထာဝရဘုရားမိန့်တော်မူပြီ။
ဗာဗုလုန်ဘုရင်၏ဓား
18တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 19အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ဓားသွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တစ်ခုကို ရွေးလော့။ 20အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့လည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့လည်းကောင်း၊ ဓားရောက်ရာလမ်းကို မှတ်သားလော့။ 21ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။ 22ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှာလည်းကောင်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှာလည်းကောင်း၊ ကြွေးကြော်အော်ဟစ် စေခြင်းငှာလည်းကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှာလည်းကောင်း၊ လက်ယာဘက်၌ ယေရုရှလင်မြို့အဖို့ ဗေဒင်တွက်၍ နေရာကျ၏။ 23သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင်တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ကိုဖမ်းမိလိုသောငှာ၊ သူတို့ပြစ်မှားသောအပြစ်ကို အောက်မေ့လိမ့်မည်။ 24သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည်တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက်အပြစ်ကို သူတစ်ပါးအောက်မေ့စေ၍၊ မိမိတို့လွန်ကျူးခြင်း အမှုများကိုဖော်ပြလျက်၊ မိမိတို့ကို သူတစ်ပါး အောက်မေ့စေသောကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။ 25အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။ 26ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တစ်ဖန် မရှိရ။ နိမ့်သောသူကို ချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။ 27နိုင်ငံကို ဆုံးရှုံးစေခြင်းငှာလည်းကောင်း၊ အစိုးပိုင်သောသူ မရောက်မီတိုင်အောင်လည်းကောင်း ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဓားနှင့်အမ္မုန်ပြည်သားများ
28အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကိုလည်းကောင်း၊ 29သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။ 30သင့်ဓားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါဖန်ဆင်းသောအရပ်၊ မွေးဖွားရာဌာန၌ သင့်ကို ငါစီရင်မည်။ 31သင့်အပေါ်သို့ ငါ့အမျက်ကိုငါသွန်းလောင်းမည်။ ငါ့ဒေါသမီးဖြင့် သင့်ကိုမှုတ်မည်။ ကြမ်းတမ်းသောသဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့ အပ်မည်။ 32သင်သည် မီးမွေးဖို့ထင်းဖြစ်ရလိမ့်မည်။ သင့်အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၂၁ (အနက်ဖွင့်)

(ထက်မြိသောဓါးနိမိတ်လက္ခဏာ (၂၁:၁၇)

            ၂၁:၁−၇ တဖန် ယုဒနှင့်ယေရုရှလင်မှ ဆန်ကုန်မြေလေးတို့ကို ထက်မြိသောဓါးဖြင့် လှီးထုတ်ဖယ်ရှားမည့် အကြောင်း နိမိတ်ပေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အပြစ်စီရင်ခြင်း ကျရောက်လာတော့မည့် အကြောင်း ယေဇကျေလအား သူ့လူများသို့ သတိပေးစေခြင်းဖြစ်သည်။

၂၁:၈−၁၇ ယေဟောဝါဘုရား၏ အမျက်ဒေါသပြေငြိမ်းစေဖို့ (ငယ် ၁၄−၁၇) သတ်ဖြတ်သုတ်သင်ခြင်း(ငယ် ၈−၁၃)အလို့ငှါ ဗာဗုလုန်ဓါးကို ထက်မြိစွာ သွေးထားပြီ။ အငယ် ၁၀ နောက်ဆုံးပိုင်းနှင့် အငယ် ၁၃ ၏ဆိုလိုရင်းကို နားလည်ရန် ခက်ခဲသည်။ ဤသို့ တွေးဆနိုင်ပါသည်။ ယုဒလူမျိုးများအတွက် ပျော်ပါးစရာမရှိ။ NKJVကျမ်းစကားအတိုင်းဆိုရလျှင် လူကို နှိပ်စက်ထိပါးစေတတ်သည့် သစ်သားတုတ်လက်နက်များကို ယုဒလူမျိုးတို့ စက်ဆုပ်ကြသည်။ ယခု သံမဏိဓါးနှင့် နဖူးတွေ့ဒူးတွေ့ကြလေပြီ။ ထိုဓါးသည် သူတို့စက်ဆုပ်ရွံရှာခဲ့သော တုတ်လက်နက် ဖြစ်ဟန်ရှိသည်။ ဆိုလိုသည်မှာ တုတ်လက်နက်ရှိလျှင် ယုဒလူမျိုးမရှိနိုင်တော့ပေ။

(လမ်းနှစ်ခွနိမိတ်လက္ခဏာ (၂၁:၁၈၃၂)

၂၁:၁၈−၂၄ ထိုနောက်ဗာဗုလုန်ရှင်ဘုရင် စစ်ချီလမ်းနိမိတ်လက္ခဏာ ဖြစ်သည်။ လမ်းခွဆုံသို့ ရောက်လာသည်။ လမ်းတစ်သွယ်မှာ ယေရုရှလင်သို့ ဦးတည်၍ အခြားတစ်လမ်းမှာ ရဗွတ်(အမ္မုန်မြို့တော်)သို့ ဦးတည်သည်။ မည့်သည့်မြို့ကို အလျင် တိုက်ခိုက်ရမည်နည်း။ ဂမ္ဘီရမှော်နည်းလမ်း(၃)ခု သုံးထားသည်။ (၁) ယေရုရှလင်မြို့အတွက် မြှားတစ်ချောင်း၊ ရဗွတ်မြို့အတွက် မြှားတစ်ချောင်းစီလုပ်ထားသည်။ (၂) ပြည်စောင့်နတ်များကို တိုင်ပင်သည်။ (၃) ယဇ်ကောင်များ၏ အသည်းပုံကို ကြည့်ရှုနိမိတ် ဖတ်သည်။ မည်သည့်မြို့ကို ရွေးချယ်သနည်း။ အဖြေက ယေရုရှလင်မြို့ပင် ဖြစ်တော့မည်။

၂၁:၂၅−၂၇ အပိုဒ်ငယ်(၂၅)တွင် မတရားသော အဓမ္မဘုရင်မှာ ဇေဒကိမင်း ဖြစ်၏ သူသည် ထီးနန်းမှ ဖယ်ရှားခံရသည်။ မေရှိယသခင်မကြွလာမိ ဘုရားရှင်၏ လူမျိုးတော်ကို အုပ်စိုးရသော နောက်ဆုံးဘုရင်ဖြစ်လိမ့်မည်။ Matthew Henry က ဤသို့ရေးသားသည်။

ဇေဒကိနောက်၌ ဒါဝိဒ်နန်းတော်တွင် နိုင်ငံတော်တွင် သခင်ခရစ်တော်ပြန် ကြွလာသည့်တိုင်အောင် စိုးစံသူ ရှင်ဘုရင်ရှိမည်မဟုတ်။ ခရစ်တော်သည် နိုင်ငံတော်ကို စိုးစံရန် အခွင့်အာဏာရှိသူ ဖြစ်သည်။ သူသည် ကတိတော်ပြုထားသည် ဒါဝိဒ်ရာဇပလ္လင်ကို ထာဝရအမွေခံမည်(လု :၃၂) အခွင့်ရှိသည်နှင့်အညီ အချိန်ကာလ စေ့စုံသည့်အခါအလုံးစုံကို သိမ်းပိုက်ပိုင်ဆိုင်စေမည်။ အခွင့်အာဏာတော် ယုတ်လျော့မရှိဘဲ၊ ဆန့်ကျင်သော အရာခပ်သိမ်းတို့သည် မှောက်လှန်ပြောင်းလဲကြရမည် (ဒံ :၄၅၊၁ကော ၁၅:၂၅)  ထိုစကားသည် ဒါဝိဒ်သို့ပြုတော်မူခဲ့သော ကတိတော်များ ပျက်ကွက်ချွတ်ချော်မည်ဟု စိုးရိမ်သောသူများသို့ နှစ်သိမ့်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဂတိတော်သည် အစဥ်အမြဲတည်သည်။ မေရှိယနိုင်ငံတော်သည် ထာဝရတည်ရှိမည်။၁၉

  • ၂၁:၂၈−၃၂ ဗာဗုလုန်မင်းသည် နောက်တဆင့်တွင် အမ္မုန်တို့ကို တိုက်ခိုက်သိမ်းပိုက်မည်။ တပြည်လုံးကို ပြားပြားဝပ်အောင် ဖျက်ဆီးမည်။
  • သမိုင်းကြောင်း လက်တွေ့အဖြစ်အပျက်များသည် ဗျာဒိတ်တော်ပြုချက်အတိုင်း အမှန်တကယ် ဖြစ်လာမည်။ လောကီတိုင်းနိုင်ငံတို့လည်း ခရစ်တော်ပေါ်ထွန်း လာသည့်အချိန်ထိ ထိုအတိုင်းရှိနေကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။