ယေဇကျေလအနာဂတ္တိကျမ်း - ၁၈
ယေဇကျေလအနာဂတ္တိကျမ်း - ၁၈ (အနက်ဖွင့်)
(တ) စပျစ်သီးချဉ်ပုံဥပမာဖြင့် ငြင်းပယ်ခြင်း (အခန်း ၁၈)
၁၈:၁−၄ ယုဒလူမျိုးတွင် သူတို့အပြစ်ဖုံးကွယ်ဖို့ ဘိုးဘေးတို့အား အပြစ်ဖို့သော စကားပုံရှိသည်။
“ဘိုးဘေးတို့က စပျစ်သီးချဉ်စားခဲ့သောကြောင့်သားသမီးများတိုင်အောင် သွားကျိန်းကြပြီ။“
ဘုရားရှင်က ထိုစကားပုံကို ငြင်းပယ်သည်။ လူတိုင်းမိမိတို့ ပြစ်မှားသည့် ဒုစရိုက်အတွက် တာဝန်ရှိကြသည်။
၁၈:၅−၂၄ ထို့နောက် ဘုရား၏ တရားစီရင်နိယာမကို ပုံဥပမာအမျိုးမျိုးပေး၍ ရှင်းပြသည်။
၁။ အပြစ်ဒုစရိုက်ကို ရှောင်ဖယ်၍ ဖြောင့်မတ်စွာ ကျင့်ကြံသူသည် အမှန်ဧကန် အသက်ရှင်မည်(ငယ်၅−၉)။
၂။ ဖြောင့်မတ်သူ၏ ဆိုးညစ်သော သားသည် အမှန်ဧကန်သေရမည် (ငယ်၊ ၁၀−၁၃)။ ယုဒများသည် ကျွန်ဘဝတွင်ဖြစ်စေ၊ သခင်ယေရှုခေတ်တွင်ဖြစ်စေ၊ သူတို့ကိုသူတို့ အာဗြဲဟံ၏ သားများဖြစ်ကြောင့်၊ ဂုဏ်ယူပြောဆိုလေ့ရှိကြသည်(လု၊ ၃:၈။ ယော၊ ၈:၃၉)။ မိမိတို့မျက်မှောက် ဘဝဆိုးညစ်လျှင် အာဗြဲဟံအား ဘိုးဘေးတော်စပ်လည်း ဘာမျှအသုံးမဝင်ဟု ဘုရားရှင်က ဖော်ပြသည်။ ကျွန်ုပ်တို့တွင် အခြားသူတို့အား ဝိညာဉ်ရေးဆက်နွယ်မှု၌ နူးညံ့ကြင်နာသော စိတ်နှလုံးရှိကြသည်။ သို့သော် အမှန်ဧကန်ဖြောင့်မတ်စင်ကြယ် ဘိုးဘေးတို့၏ ဦးဆောင်မှုသည် သားသမီးများ၏ အမွေခံပတ်ဝန်းကျင် ကောင်းဖြစ်သည်။
၃။ အဘမဖြောင့်မတ်သော်လည်း သားသမီးဖြောင့်မတ်လျှင် ထိုသားသမီးသည် အမှန်ဧကန် အသက်ရှင်မည်(ငယ်၁၄−၁၇)။ သို့သော်လည်း မဖြောင့်မတ်သောအဘမူကား မဖြောင့်မတ်သည့်အတိုင်း အမှန်ဧကန်သေရမည်(ငယ် ၁၈)။
၄။ မတရားဆိုးညစ်သောသူသည် အမှန်ဧကန်နောင်တရ၍ အပြစ်ဒုစရိုက်ကို စွန့်ခွါလျှင် အသက်ရှင်မည်(ငယ် ၂၁−၂၃)။
၅။ တရားဖြောင့်မှန်သူသည် ဖြောင့်မတ်ခြင်းလမ်းမှသွေ ဖည်ဖောက်ပြန်၍ အဓမ္မမှုကို ပြုကျင့်လျှင် သေရမည်(ငယ် ၂၄)။
အငယ် (၂၀)နှင့် ထွ ၂၀:၅သည် ဝိရောဓိမဖြစ်ပါ။ မိဘ၏ မှားယွင်းမှုသည် သားသမီးအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ထွက်မြောက်ရာကျမ်း၌ ဖော်ပြချက်မှာ ယေဘူယျမှန်ကန်သည်။ ဤနေရာ၌သွန်သင်သော လူတိုင်းတစ်ဦးချင်းစီ မိမိကျင့်ဆောင်လျှောက်လှမ်းမှုအတွက် မိမိတာဝန်ဟုဆိုခြင်းမှာလည်း မှန်ကန်သည်။
အပိုဒ်ငယ်(၂၀)တွင် ပါရှိသည့်ပြစ်ဒဏ်မှာ ထာဝရကာလအတွက်မဟုတ် ယာယီပြစ်ဒဏ် ဖြစ်သည်။ ပစ္စုပ္ပန်ပြုမှားသော ဒုစရိုက်ကြောင့် ရုပ်ခန္ဓာသေဆုံးရသည်။ အငယ် ၅−၂၄ သွန်သင်မှုသဘောတရားမှာ ထာဝရအသက်တာနှင့် သက်ဆိုင်ခြင်းမရှိပါ။ အကယ်၍သက်ဆိုင်သည် ဟုဆိုလိုခြင်းဖြစ်လျှင် အကျင့်သီလအားဖြင့် ကယ်တင်ခြင်းရဖို့ အတင်းကြိုးပမ်းကြပေလိမ့်မည်(ငယ် ၅−၉)။ ဖြောင့်မတ်ခြင်းတရား၏ အခန်းကဏ္ဍလည်း ပျောက်ဆုံးသွားလိမ့်မည်။ ဤအချက်နှင့်ပက်သက်၍ သခင်ယေရှုက ဓမ္မသစ်ကျမ်း၌ (ဧ ၂:၈−၉ နှင့် ယော ၁၀:၂၈) တို့တွင် ရှင်းလင်းစွာ သွန်သင်ထားကြောင်းတွေ့ရပါသည်။
၁၈:၂၅−၃၂ လူတို့က ဘုရားသခင်အား တရားဖြောင့်မတ်မူမရှိကြောင်း ဆက်၍အဓွန့်တက်ကြသည်။ ဘုရားရှင်က အပြစ်ဒုစရိုက်မှ စွန့်ခွါထွက်လာလျှင် ဆိုးယုတ်သူသည် ကယ်တင်ခြင်းရရှိနိုင်ကြောင်းနှင့် ထိုကဲ့သို့ပြုစေရန်လည်း ဘုရားသခင်အလိုရှိကြောင်း၊ ၎င်းသည် မဖြောင့်မတ်ခြင်းမဟုတ်သလို မတရားမှု လည်းမဟုတ်ကြောင်း ရှင်းပြသည်။
ဘုရားရှင်က အပြစ်ခွင့်လွှတ်သောအခါ လွန်ကျူးခဲ့သမျှ အပြစ်ဒုစရိုက်များကို အမှတ်မထား၊ အကုန်အစင်မေ့ပစ်ခြင်း ဖြစ်သည်(ငယ်၂၂)။ ထိုသို့ဆိုရာတွင် မှတ်ဉာဏ်မကောင်း၍ မေ့လျော့ခြင်းမဟုတ်။ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်း အမှုတော်အပေါ် အပြည့်အဝ ကျေနပ်အားရတော်မူ သောကြောင့် ဖြစ်သည်။ ယုံကြည်သူများအတွက် လုံလောက်သော အဖြေ စကားပေတည်း။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။