ယေဇကျေလအနာဂတ္တိကျမ်း - ၁၇

စပျစ်ပင်နှင့်ရွှေလင်းတကြီးများ
1တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ပုံပြောလျက်၊ 3ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသောအဆင်းအရောင်၊ များပြားသောအမွေးနှင့် ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသော ရွှေလင်းတကြီးသည် လေဗနုန်တောင်သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊ 4အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။ 5မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုးမခပင်ကဲ့သို့ ထားလေ၏။ 6အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်းအခက် အလက်အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင်ဖြစ်လေ၏။ 7အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။ 8အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှာ ရေများရာအရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။ 9သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှာ အမြစ်ကိုနုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှာ ကြီးသောတန်ခိုး၊ များပြားသောအလုံးအရင်းကို အလိုမရှိ။ 10စိုက်လျက်ရှိ၍ ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရလိမ့်မည်ဟု မိန့်တော်မူ၏။
စကားထာ၏အဓိပ္ပာယ်
11တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 12ပုန်ကန်တတ်သော အမျိုးအားသင်ပြောရမည်မှာ၊ ဤစကား အဘယ်သို့ဆိုလိုသည်ကို နားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားပြီ။ 13ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။ 14ထိုနိုင်ငံသည်ယုတ်ညံ့၍ နောက်တစ်ဖန်မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာတည်စေခြင်းငှာ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။ 15သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှာ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွှတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှ လွတ်ရမည်လော။ 16အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။ 17ဖာရောဘုရင်သည်လည်း လူများတို့ကိုသတ်ခြင်းငှာ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဖို့စစ်တိုက်၍ မနိုင်ရာ။ 18အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ဘေးမှမလွတ်ရ။ 19ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကိုမရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ်ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ 20ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။ 21သူ့ထံမှပြေးသောသူများနှင့် သူရဲများအပေါင်းတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
မျှော်လင့်စရာကတိတော်
22တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာ ငါစိုက်ပျိုးမည်။ 23အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါစိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင် ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌လည်းကောင်း၊ အခက်အလက်အရိပ်၌လည်းကောင်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။ 24ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၁၇ (အနက်ဖွင့်)

(လင်းယုန်နှစ်ကောင်ပုံဥပမာ (အခန်း ၁၇)

          ၁၇: ဘုရားသခင်သည် ပရောဖက်ယေဇကျေလအား ဣသရေလအမျိုးသားများသို့ စကားထာဝှက်စေ၏။ ထူးခြားသော အဆင်းအရောင်ရှိ၍ အမွှေးထူ၊ တောင်ပံကြီ:မားသော လင်းယုန်ကြီးတစ်ကောင်သည် လေဗနုန်တောင်သို့လာပြီး အာရဇ်ပင်အကိုင်းအညွှန်းကို ချိုးလျက် ကုန်သွယ်ရာပြည်သို့ ချီဆောင် စိုက်ပျိုးသည်။ မျိုးစေ့များကိုလည်း ရေများရာလယ်မြေ၌ စိုက်ပျိုးကာ မိုးမခပင်ကဲ့သို့ ထားသည်။ နိမ့်သောစပျစ်နွယ်ပင်သည် အခက်အလက်တို့ကို ရွှေလင်းယုန်အောက်သို့ အမြစ်ထိုးသဖြင့် အကိုင်း  အခက်စုံလင်သော စပျစ်နွယ်ပင် ဖြစ်လာသည်။

၁၇:၇−၁၀ အခြားရွှေလင်းယုန်တစ်ကောင်ရောက်လာသည်။ ထိုစပျစ်ပင်ပုသည် ကြီးထွားသီးပွင့်သော်လည်း ရှင်သန်အောင်မြင်ခွင့်မရ။ အသီးဆွတ်၊ အမြစ်ဆွဲနုတ်ခံရ၍ ညှို့နွမ်းသွေ့ခြောက်သေဆုံးမည်။

၁၇:၁၁−၂၁ ထိုစကားထာ၏ အဖြေကို ဘုရားရှင်ကိုယ်တော်တိုင် အနက်ပြန်ဖော် ပေးသည်။ ပထမရွှေလင်းယုန်ကြီးမှာ ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာ ဖြစ်သည်(ငယ်၊၁၂)။ အမြင့်ဆုံးအခက် ယုဒဘုရင် ယေခေါနိကို ချိုးဆိတ်၍ ယေရုရှလင်(လေဗနုန်)မှ ဗာဗုလုန်(ကုန်သွယ်ပြည်) သို့ခေါ်ဆောင်သွားသည်။ မင်းပျိုမင်းလွင်ဇေဒကိကို သစ္စာရေတိုက်၍ ယုဒပြည်သို့ ပြန်လွှတ်သည်(ငယ်၊၁၃)။ ဇေဒကိသည် နိမ့်သော စပျစ်ပင်ဖြစ်သည်။ အညွှန့်အနွယ် အပွါးစည်ရှည်ထွက်သော်လည်း အခြားရွှေလင်းယုန် (အဲဂုတ္တုပြည်) အောက်သို့ရောက်ပြန်သည်။ အဲဂုတ္တုက ယုဒပြည်အား ဗာဗုလုန်လက်ထဲမှ ပြန်ယူသည်။ နေဗုခပ်နေဇာမင်းနှင့် ဖွဲ့သော ပဋိညာဉ် ချိုးဖောက်(၄ရာ၊ ၃၆:၁၃) ခြင်းမှာ ဘုရားသခင်၏ ပဋိညာဉ်ကို ချိုးဖောက်ခြင်းနှင့် အတူတူ ဖြစ်သည်(ငယ်၊၁၉)။ ထို့်ကြောင့် ဇေကိသည် ဗာဗုလုန် သို့ပါတော်မူ၍ ထိုအရပ်၌ ကံကုန်သည်။ အဲဂုတ္တုမင်းဟောဖရလည်း မကယ်နိုင်ခဲ့ပေ(အငယ်၊၁၆−၂၁)။

၁၇:၂၂−၂၄ ဤကျမ်းပိုဒ်များ၌ မေရှိယသခင်ပေါ် ထွန်းလာမည့်အကြောင်း(အညွှန့်တက်ခြင်း) ကတိတော် တွေ့ရသည်။ အမြင့်ဆုံးမှာနုသောအညွှန့်ကိုချိုးယူ၍ အမြတ်ဆုံးမှာစိုက်ပျိုးသဖြင့် အသီးအပွင့်ဖြစ်ထွန်းဝေဆာလျက် လူမျိုးကို ငတ်မွတ်မှုမှလွတ်ကင်း ဖူလုံစေမည်(ငယ်၊၂၃)။ ဘုရားသခင်သည် သူ့လူများကို အမိမဲ့သား ရေနည်းငါးပမာ မျက်စိသူငယ် နားသူငယ် ပစ်၍မထား။ ကယ်တင်ရှင်မေရှိယကို စေလွှတ်မည်။ ဤသမ္မာတရားကိုစွဲကိုင်၍ ယနေ့ယုံကြည်သူများသည် အချင်းချင်း နှစ်သိမ့်အားပေး ကူညီနိုင်ကြရမည်။ Carl F. Keil ကအောက်ပါအတိုင်း မှတ်ချက်ပြုသည်−

ဒါဝိဒ်မင်း၏ စံအိမ်တော်သည် အိမ်တကာထက်မြင့်သလို အာရဇ်ပင်သည် အခြားသစ်ပင်တကာထက် ငွါးစွင့် မြင့်မားသည်။ ထိုအပင်အညွှန့်ကို ဆွတ်ယူစိုက်ပျိုးခြင်းမှာ မေရှိယကိုယ်တော် တိုင် တည်ထောင်ရုံမျှမဟုတ်။ မေရှိယကိုယ်တိုင် ဆင်းသက်အုပ်စိုးမည့် အမှတ်လက္ခဏာ ဖြစ်သည်။ အငယ်၂၃၌ အမြင့်ဆုံးသော ဣသရေလတောင်ကုန်းဆိုသည်မှာ ဘုရားသခင်ကိန်းဝပ်ရာ ဇိအုန်တောင် ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိတောင်ကြီးတောင်ငယ်တို့၏ ထိပ်ခေါင်(ဟေရှ၊၂ ) ဖြစ်သည်။ ဘုရားရှင်၏ အာရဇ်ပင်မှာ အကိုင်းအခက်များဝေဆာ ဖြစ်ထွန်းသောကြောင့် နိုင်ငံတော်၌ အမြင့်ဆုံးသော သစ်ပင်မေရှိယကိုယ်တော်တိုင် ဖြစ်သည်။ သစ်ပင်တို့ သဘာဝအတိုင်း အသီးအပွင့် ဝေဆာ ဖြစ်ထွန်းသည်။ အရိပ်ပေးသည်။၁၈

သခင်ယေရှုခရစ်တော် ကြွလာခြင်းသာလျှင် ဤလောကသားများ၏အပြစ်ဒုစရိုက်များကို မျှော် လင့်ချက်ပေးနိုင်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။