ယေဇကျေလအနာဂတ္တိကျမ်း - ၁၉

ငိုကြွေးမြည်တမ်းခြင်း
1ထိုမှတစ်ပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊ 2သင်၏အမိကား အဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။ 3ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။ 4လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။ 5သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍ စိတ်ပျက်သောအခါ၊ သားတစ်ကောင်ကို ယူပြန်၍ ခြင်္သေ့ပျိုဖြစ်စေခြင်းငှာ ပြုသဖြင့်၊ 6သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဖော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။ 7သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့် ပြည်၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။ 8ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဖမ်းကြ၏။ 9သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။
10သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသောကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။ 11မင်းတို့အသုံးအဆောင် ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက်အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။ 12သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည်တိုက်၍ အသီးကို ပိန်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည်ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။ 13ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏။ 14အခက်အလက်တံဖျာတစ်ခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး၊ အစိုးရသော ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာ တစ်စုံတစ်ခုမျှ မကျန်ကြွင်း။ ဤရွေ့ကား၊ ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်း ဖြစ်လိမ့်မည်။

ယေဇကျေလအနာဂတ္တိကျမ်း - ၁၉ (အနက်ဖွင့်)

(နောက်ဆုံးယုဒဘုရင်များအတွက် မြည်တမ်းစကား ( အခန်း ၁၉)

၁၉:၁−၉ နောက်ဆုံးသော ယုဒဘုရင်များအတွက်ငိုချင်းတစ်ပုဒ် ဖြစ်သည်။ ၎င်းရည်ညွှန်းသော ဘုရင်များစာရင်းအပေါ်၌ သဘောမတူညီကြသော်လည်း အထူးသဖြင့် ယောခတ်၊ ယောယခိန်(ယေခေါနိ)နှင့် ဇေဒကိ ဖြစ်သည်။ ယုဒပြည်သည် ခြင်္သေ့များ ဖြစ်သည်။ အခြားလူမျိုးများသည် ခြင်္သေ့များဖြစ်၍ သူတို့၏ အုပ်စိုးသူ မင်းများမှာ ခြင်္သေ့ပျိုများ(ငယ်၂) ဖြစ်သည်။ (ငယ်၃)မှ ခြင်္သေ့ပျိုမှာ အဲဂုတ္တုပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ(ငယ်၄)သော ယောခတ်မင်း ဖြစ်သည်။ အခြားခြင်္သေ့ပေါက်(ငယ် ၅)မှာ ယောခိန် ဖြစ်ဖွယ်ရှိသည်။ ယုဒပြည်သည် အခြားတိုင်းနိုင်ငံများနှင့် ခြားနားမှုမရှိ။ ခြင်္သေ့များထဲက ခြင်္သေ့မ ဖြစ်သည်။ တိုင်းနိုင်ငံများ၏ ခေါင်းဆောင်များသည် ရက်စက်ကြမ်းကြုတ်၍ အတ္တကြီး ကြသော်လည်း” သင်တို့မူကား ထိုသို့မဖြစ်စေနှင့်” ဟုဆိုလိုသည်။ ဘုရားသခင်သည် သူ့လူများအား အခြားသူများနှင့် ခြားနားစေချင် သည်။ သို့မဟုတ်လျှင် ဘုရားရှင်၏ အပြစ်စီရင်ခြင်းကို ဖိတ်ခေါ်ရာကျလိမ့်မည်။

၁၉: ၁၀−၁၄ “သင့်အမိ” (ငယ်၁၀)သည် ယုဒပြည် သို့မဟုတ် ယေရုရှလင်ဖြစ်သည်။ သင်တို့ မျိုးရိုးသည် စပျစ်နွယ်ပင် ဖြစ်သောကြောင့် ခက်လက်သီးပွင့် ဖြစ်ထွန်းရသည်။ တချိန်၌တန်ခိုးထက်သော ဘုရင်များ (အခက်အလက်ကောင်းများ) ရှိသော်လည်း အရှေ့လေတည်းဟူသောဗာဗုလုန်က ဖျက်ဆီးပစ်၍ လူများကို သုံ့ပန်းအဖြစ် (တောကန္တာ) (ငယ်၁၁−၁၃) ဖမ်းဆီးခေါ်ဆောင်သွားမည်။ (အငယ် ၁၄ မှ)မီးသည် အသီးကို လောင်မြှိက်သကဲ့သို့ ဇေဒကိသည် ပြည်သားတို့ကို ခိုကိုးရာမဲ့ပျက်စီးစေ လိမ့်မည်။

အခြားတိုင်းနိုင်ငံများကဲ့သို့ ဣသရေလတို့လည်း ရှင်ဘုရင်လိုအပ်သည်။ ဤနေရာတွင် ဤသရေလနိုင်ငံ၏ ပြည်ဖုံးကားချ ဇာတ်သိမ်းခန်းကို ယေဇကျေလက မီးမောင်းထိုးပြသည်။ ဘုရားသခင်က သူ့လူများအား လောကီသားများနှင့် မရောနှောဘဲ သီးသန့်ရှိစေ ချင်သည်။ ကိုယ်တော်ဘုရားကို ဘုရင်အဖြစ် သိကျွမ်းသော လူမျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်စေချင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။