ထွက်မြောက်ရာကျမ်း - ၃၀

နံ့သာပေါင်းမီးရှို့ရာပလ္လင်
(ထွ၊ ၃၇:၂၅-၂၈)
1တစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။ 2ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။ 3ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။ 4ရွှေတန်ဆာအောက်၊ ပလ္လင်တစ်ဖက်တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍၊ ပလ္လင်ထမ်းစရာထမ်းပိုးနေရာ ဖြစ်ရမည်။ 5ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ 6ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။ 7အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကိုပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကိုရှို့ရမည်။ 8ညဉ့်ဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။ 9ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သောယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သကာကိုလည်း မပြုရ။ 10အာရုန်သည် တစ်နှစ်တစ်ခါ အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တစ်နှစ်တစ်ခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
တဲတော်အခွန်
11တစ်ဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ 12ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။ 13ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တစ်ဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။ထွ၊ ၃၈:၂၅-၂၆။ မ၊ ၁၇:၂၄။ 14အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သကာကို ထာဝရဘုရားအားပြုရမည်။ 15ကိုယ်အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားအား ပူဇော်သကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည် မလျှော့ဘဲ၊ လူတိုင်းအကျပ်တစ်ဝက်စီ ပေးရမည်။ 16ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
ကြေးဝါအင်တုံ
17တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ 18အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဖို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။ထွ၊ ၃၈:၈။ 19သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သော်လည်းကောင်း၊ 20အမှုတော်ကိုထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ချဉ်းကပ်သော်လည်းကောင်း၊ 21သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့ သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
နံ့သာဆီ
22တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ 23သင်သည်မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သောမုရန်စေး အကျပ်ငါးရာ၊ မွှေးသောသစ်ကြံပိုး နှစ်ရာငါးဆယ်၊ မွှေးသောကြံ နှစ်ရာငါးဆယ်၊ 24သစ်ကြံပိုး တစ်မျိုးငါးရာ၊ သံလွင်ဆီတစ်ဟိန်ကိုယူ၍၊ 25ဆေးသမားအတတ်နှင့် ဖယောင်းဆီကိုဖော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကိုဖော်ပြီးမှ၊ 26ပရိသတ်စည်းဝေးရာတဲတော်နှင့် သက်သေခံချက် သေတ္တာကိုလည်းကောင်း၊ 27စားပွဲနှင့် စားပွဲတန်ဆာ ရှိသမျှကိုလည်းကောင်း၊ မီးခုံနှင့် မီးခုံတန်ဆာကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊ 28မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ ထိုနံ့သာဆီနှင့်လိမ်းသဖြင့်၊ 29ထိုအရာတို့ကိုအလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့်တွေ့သမျှသောအရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။ 30အာရုန်နှင့် သူ၏သားတို့ကိုလိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။ 31ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဖို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။ 32လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကိုဖော်သည်နည်းတူ၊ အခြားသောဆီကို မဖော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။ 33ထိုဆီနှင့်တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
နံ့သာပေါင်း
34တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊ 35ဆေးသမားအတတ်နှင့် နှာဆေးကို ဖော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကိုဖော်ရမည်။ 36အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။ 37ထိုသို့သောနံ့သာပေါင်းကို ဖော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဖို့မဖော်ရ။ သင်တို့တွင် ထာဝရဘုရားအဖို့သန့်ရှင်းရမည်။ 38အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

ထွက်မြောက်ရာကျမ်း - ၃၀ (အနက်ဖွင့်)

(တဲတော်နှင့်ပတ်သက်၍ အခြားညွှန်ကြားချက်များ (အခန်း ၃၀၊၃၁)

၁။ နံ့သာပေါင်းယဇ်ပလ္လင် (၃၀:၁၀)

          ၃၀:၁၀ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ကို ရွှေဖြင့် ကွပ်ထား၍ သန့်ရှင်းရာ အကန့်တွင် ထားရှိရမည်။ ၁၈ လက်မစတုရန်းပုံရှိ၍ ၃ပေ အမြင့်ရှိသည်။ ရွှေယဇ်ပလ္လင်ဟုလည်း လူသိများသည်။ ထိုယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကို နံနက်ခင်းနှင့်ညနေခင်းတို့တွင် မီးရှို့ရသည်။ ထိုသို့ မီးရှို့ခြင်းသည် လူသားများကိုယ်စား ပြုတော်မူသော ခရစ်တော်၏အမှုကို ပုံဖော်သည်။ ထိုယဇ်ပလ္လင်သည် သန့်ရှင်းရာအကန့်တွင် ထားရှိသော်လည်း အမှန်တကယ်မှာ အသန့်ရှင်းဆုံးကျက်သရေဆောင်နှင့် ပတ်သက်သည်။ KJV ဟေဗြဲကျမ်းမူတွင် ဒုတိယကုလားကာ နောက်တွင် ဟုရေးသား၍ NKJV၂၇ ကျမ်းမူတွင် Censer ဟုရေးထားသည်။ ထိုယဇ်ပလ္လင်ကိုလည်း အလွယ်တကူ သယ်ဆောင်နိုင်ရန် တစ်ဘက်တစ်ချက်တွင် လျှိုကွင်းများ တပ်ဆင်ထားသည်။

၂။ အသက်ရွေးရန်ငွေ (၃၀:၁၁၁၆)

          ၃၀:၁၁၁၆ အသက်(၂၀)အထက်ရှိသော ဣသရေလအမျိုးသားများတိုင်း အသက်ရွေးနှုတ်ခ (ခေတ်စကားအရ အသက်အာမခံ) ဂေရနှစ်ဆယ်ဘုရားရှင်ထံထားခိုင်းသည်။ ဆင်းရဲချမ်းသာမရွေးပေးနိုင်သော ငွေကြေးပမာဏဖြစ်သည်။ ထိုအာမခံကြေးကို တဲတော်အမှုဘဏ္ဍာတော်အဖြစ် ထားရှိရသည်။ ထိုအာမခံကြေးက ကပ်ဆိုးဘေးဆိုးမှ ကွယ်ကာလုံခြုံပေးသည် (ငယ် ၁၂)။

၃။ အင်တုံ (၃၀:၁၇၂၁)

          ၃၀:၁၇၂၁ ကြေးဝါအင်တုံကို တဲတော်ဝင်တံခါးဝနှင့် ယဇ်ပလ္လင်အကြားတွင် ထားရသည်။ အာရုန်နှင့်သားများ ခြေလက်ဆေးကြောရာအင်တုံ၏ ဇလုံဖြစ်သည်။ အမျိုးသမီးများက ပေးလှူသော ကြေးဝါမှန်ဖြင့် ပြုလုပ်သည် (၃၈:၈)။ ကိုယ်လက်သန့်စင်ဆေးကြောခြင်းမရှိဘဲ သန့်ရှင်းသော အရာများကို ထိပါးကိုင်တယ်သူများသည် သေရသည်။ ထို့ကြောင့်ဘုရားသခင်ထံသို့ ဝင်ရောက်သောအခါ စိတ်ဝိညာဉ်နှင့် ခံယူချက်သဘောထား ဖြူစင်ကြည်လင်စွာ ပါဝင်ရသည် (ဟေဗြဲ ၁၀:၂၂ ကိုလည်းကြည့်)။

၄။ ဘိသိက်ဆီ (၃၀:၂၂၃၃)

          ၃၀:၂၂၂၃ ယဇ်ပုရောဟိတ်များကိုယ်တိုင်နှင့် ပရိဘောဂ အသုံးအဆောင်များကို စင်ကြယ်သော ဘိသိက်ဆီ လိမ်းရသည်။ အခြားသူများ သုံးစွဲခွင့်မရှိ။ သမ္မာကျမ်းစာတွင် ဆီသည် သန့်ရှင်းသော ဝိညာဉ်တော်အစား မကြာခဏ သုံးနှုန်းလေ့ရှိသည်။ ယဇ်ပုရောဟိတ်များအား ဘိသိက်ဆီလိမ်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်ပါဝင်ပြည့်ဝသွားသည်ဟု အဓိပ္ပါယ်ရသည်။

၅။ အမွှေးတိုင် (၃၀:၃၄၃၈)

          ၃၀:၃၄၃၈ နံ့သာရေမွှေးပေါင်းစုံဖြင့် ပြုလုပ်ထားသော အမွှေးတိုင်ကို ရွှေယဇ်ပလ္လင်ပေါ်တွင် နံနက်ခင်းနှင့် ညနေခင်းတွင် မီးရှို့ပူဇော်ရသည်။ ထိုအမွှေးတိုင်သည် ဝတ်ပြုပူဇော်ရာအတွက် သီးသန့်ပြုလုပ်ခြင်း ဖြစ်၍ ပေါ့ပေါ့တန်တန် သဘောမထားရ။ ကြုံရာနေရာတွင် မသုံးရ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။