ထွက်မြောက်ရာကျမ်း - ၂၄

ပဋိညာဉ်ကိုအတည်ပြုခြင်း
1တစ်ဖန်ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။ 2သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေအားမိန့်တော်မူ၏။ 3မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။ 4မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ 5ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ 6မောရှေသည်လည်း၊ အသွေးတစ်ဝက်ကို အင်တုံ၌ထည့်၍၊ တစ်ဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းလေ၏။ 7ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။ 8မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာဖျန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။မ၊ ၂၆:၂၈၊ မာ၊ ၁၄:၂၄၊ လု၊ ၂၂:၂၀၊ ၁ ကော၊ ၁၁:၂၅၊ ဟေဗြဲ၊ ၉:၁၉-၂၀၊ ဟေဗြဲ၊ ၁၀:၂၉။
9ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည်တက်၍၊ 10ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့လည်းကောင်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့လည်းကောင်း ထင်လေ၏။ 11ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။
သိနာတောင်ပေါ်သို့
12ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ 13မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။ 14အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။
15မောရှေသည်တောင်တော်ပေါ်သို့တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ 16ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။ 17ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သောမီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။ 18မောရှေသည် မိုးတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။

ထွက်မြောက်ရာကျမ်း - ၂၄ (အနက်ဖွင့်)

၈။ ပညတ်တရားများအတည်ပြုခြင်း (၂၄:)

          ၂၄: ဘုရားသခင်က မောရှေအား သိနာတောင်ပေါ်တွင် ပညတ်တရားများနှင့် အမိန့်ညွှန်ကြားချက်များ ပေးသည် (ထွ ၂၀-၂၃)။ ထိုတောင်ပေါ်မှ မောရှေမထွက်ခွာမီ ဘုရားသခင်က အာရုန်နှင့် လူသားနှစ်ယောက်နာဒပ်နှင့် အဘိဟူ၊ ဣသရေလလူကြီး (၁၁)ဦးတို့ကို ခေါ်ဆောင်လာခိုင်းသည်။ မောရှေတစ်ပါးသာလျှင် သခင်နှင့်နီးကပ်စွာနေ၍ ကျန်လူများသည် မလှမ်းမကမ်းတွင် ရပ်နေကြသည်။ ပညတ်တော်တရားခေတ်တွင် လူနှင့်ဘုရားသခင်သည် ခပ်ခွာခွာနေကြရသည်။ ကျေးဇူးတော်ခေတ်ကာလတွင်မူ ယုံကြည်သူများသည် ဘုရားသခင်ထံတော်သို့ ယုံကြည်ရင်းနှီးစွာ ဝင်ထွက်ခွင့်ရကြသည် (ဟေဗြဲ ၁၀:၁၉)။ ပညတ်တရားက “အနားမလာကြနှင့်” ဟုဆို၍ ကျေးဇူးတော်က “အနားသို့ ချဉ်းလာကြပါ” (ဟေဗြဲ ၁၀:၂၂)ဟု ဆိုသည်။

၂၄: မောရှေသည် ဘုရားသခင်မိန့်တော်မူသမျှကို ပရိတ်သတ်အပေါင်းအား ပြန်လည်ဖောက်သည်ချသည်။ ပရိတ်သတ်ကလည်း သူတို့ဘဝမှန်ကို သိရှိကြသောကြောင့် ပညတ်တော်အား တသွေမတိမ်း လိုက်နာစောင့်ထိန်းပါမည်ဟု တညီတညွှတ်တည်း သဘောတူကြသည်။ ထိုသို့ ဘုရားသခင်နှင့် လူများအကြားတွင် အပေးအယူတည့်သွားကြသဖြင့် အထိမ်းအမှတ် အဖြစ် မောရှေသည် တိုင်(၁၂)တိုင်ပါသော ယဇ်ပလ္လင်တည်သည်။ (တိုင် ၁၂ တိုင်သည် ဣသရေလူမျိုးနွယ် ၁၂ပါး ကိုယ်စားပြုသည်)။ မောရှေသည် ယဇ်ကောင် အသွေးကိုယူ၍ ယဇ်ပလ္လင်အားဖြန်းသည် (ဘုရားသခင်၏ ကတိတော်တည်မြဲသည့် အထိမ်းအမှတ် ဖြစ်သည်)။ ကျန်သော အသွေးတစ်ဝက်ကို ပရိသတ်အား ပက်ဖြန်းသည် (ဘုရားသခင်၏ ပဋိညာဉ်လူ၌တည်မြဲသည့် နိမိတ်လက္ခဏာဖြစ်သည်)။

၉။ ဘုရားခင်ဘုန်းတန်ခိုးထင်ရှားခြင်း (၂၄:၁၈)

          ၂၄:၁၁ ဘုရားသခင်တွေ့ချင်သော မောရှေတို့အဖွဲ့သည် သိနာတောင်ပေါ်သို့ တက်သွားကြသည် (ငယ် ၁-၂)။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ကြသည်။ ဘုရားသခင်ကို ဖူးမြင်သူသည် အသက်သေရသော်လည်း ဤနေရာတွင်မူ မသေကြ။ ဘုရားသခင်ကို မြင်ရသော်လည်း သေကြေပျက်စီးခြင်း မရောက်ကြ။ ထိုနေရာတွင် စားသောက်ခဲ့ကြသည်။ တနည်းအားဖြင့် ဘုရားသခင်ကို ဖူးမြင်၍ ငြိမ်းချမ်းရေး ပူဇော်သက္ကာမှီဝဲကြသည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်မျက်နှာတော် ဖူးမြင်ရခြင်းသည် မေးခွန်းထုတ်စရာဖြစ်သည်။ ဘုရားသခင်၏ မျက်နှာတော်ကို လူတွေက မြင်နိုင်စွမ်းမရှိဟု ထွ ၃၃:၂၀၊ ယော ၁:၁၈၊ ၁ယော ၄:၁၂ တို့တွင် ဆိုထားသည်။ လူများက ဘုရားသခင်ကို လူတွေက ဖူးမြင်ကြောင်း အခြားကျမ်းပိုဒ်များတွင် ဆိုထားပြန်သည်။ က ၃၂:၂၀၊ ထွ ၂၄:၁၀၊ ၃၃:၂၃ တွင်ပါရှိသည်။ ဘုရားသခင်သည် ဘုန်းတန်ခိုးဖြင့် ဖုံးအုပ်သဖြင့် မြင်ရသူများက မီးတောက်မီးလျှံပမာ မြင်ရသည်။ တစ်ခါတစ်ခါ လူကဲ့သို့၎င်း၊ ကောင်းကင်တမန်အဖြစ်၎င်း၊ တိမ်လိပ်အဖြစ်၎င်း (တရား ၅:၂၄) လူများက မြင်သာအောင် ကိုယ်ထင်ပြသည်။

၂၄:၁၂၁၈ နောက်တကြိမ် သိနာတောင်ပေါ်သို့ မောရှေတက်ရပြန်သည်။ ဤအခေါက်တွင်မူ လက်ထောက် ယောရှုလည်းပါသည်။ လူထုကြီးကိုမူ အာရုန်နှင့်ဟုရ(မောရှေ၏ ယောက်ဖ) တို့အား ကြည့်ရှုစောင့်ရှောက်ခိုင်းသည်။ ခြောက်ရက်လုံးလုံး တောင်ပေါ်တွင် မိုးတိမ်များကြားက လှမ်းခေါ်ရာ ရက်ပေါင်း(၄၀) ညပေါင်း(၄၀)ကြာသည်။ လေးဆယ်ဆိုသည်မှာ အတိအကျဖြစ်နိုင်သကဲ့သို့ ရက်ပေါင်းများစွာ ဟုလည်း အနက်ရသည်။ ထိုအချိန်တွင် မောရှေအား ဆန်းစစ်ဘိသိက်ပေးခြင်းထက် လူထုပရိသတ်က စုံစမ်းနှောင့်ယှက်ခြင်းခံကြရသည်။ ထို့ကြောင့် ဘုရားသခင်က ပညတ်တရားထက် လူ့စိတ်နှလုံး ခံယူချက်က ပိုမိုအရေးကြီးသည်ဟု ဆိုထားခြင်းဖြစ်သည်။

ဘုရားသခင်က မောရှေသို့ ပေးသော အမိန့်ညွှန်ကြားချက်များကို ၃၁:၁၈ တွင် မှတ်တမ်းတင်ထားပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။