ထွက်မြောက်ရာကျမ်း - ၁၆

မန္နမုန့်နှင့်ငုံးငှက်များ
1တစ်ဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။ 2ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊ 3ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။ယော၊ ၆:၃၁။ 5နေ့တိုင်းသိမ်းယူသောအရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။ 6မောရှေနှင့်အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်တော်မူသည်ဟု ယနေ့ညဉ့်ဦးယံ၌ သင်တို့သိကြလိမ့်မည်။ 7နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကိုအပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆိုလေ၏။ 8တစ်ဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဉ့်ဦးယံ၌ သင်တို့စားစရာအမဲသားကိုလည်းကောင်း၊ နံနက်ယံ၌ဝလောက်အောင် မုန့်ကိုလည်းကောင်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူဖြစ်သနည်း။ သင်တို့သည်အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရားကိုထိခိုက်သည်ဟု ဆိုလေ၏။ 9တစ်ဖန်သင်တို့သည်အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊ 10အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့မျှော်ကြည့်၍၊ မိုးတိမ်၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။ 11ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကိုငါကြားရပြီ။ 12ညဉ့်ဦးယံ၌ သင်တို့သည်အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
13ညဉ့်ဦးယံ၌ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။ 14နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာရှိရစ်လေ၏။ 15ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တစ်ယောက်ကိုတစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။၁ကော၊ ၁၀:၃။ 16လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တစ်ယောက်တစ်ဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ 17ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။ 18ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။၂ကော၊ ၈:၁၅။ 19မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊ 20အချို့တို့သည် မောရှေစကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍နံလေသော်၊ မောရှေသည် အမျက်ထွက်၏။ 21ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါအရေဖြစ်လေ၏။
22ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တစ်ယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအားကြားပြောလေ၏။ 23သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ထွ၊ ၂၀:၈-၁၁။ 24မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင်သိုထားကြ၏။ နံခြင်းနှင့်ကင်းလွတ်၏။ ပိုးလည်းမရှိ။ 25မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကိုတော၌မတွေ့ရ။ 26ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။ 27ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည်သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။ 28ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။ 29ထာဝရဘုရားသည်ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအားမိန့်တော်မူ၏။ 30ထိုကြောင့် လူများတို့သည်ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။ 31ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။တော၊ ၁၁:၇-၈။
32မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဖို့သိုထားရသော ဩမဲတစ်ဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ 33တစ်ဖန်အာရုန်ကိုလည်း၊ အိုးတစ်လုံးကိုယူ၍ မန္နတစ်ဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဖို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊ဟေဗြဲ၊ ၉:၄။ 34မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။ 35ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည်နယ်နိမိတ်သို့ မရောက်မီတိုင်အောင် မန္နကိုစားကြ၏။ယောရှု၊ ၅:၁၂။ 36ဩမဲမူကား၊ ဧဖာဆယ်စုတစ်စုဖြစ်သတည်း။

ထွက်မြောက်ရာကျမ်း - ၁၆ (အနက်ဖွင့်)

(အပြစ်ဒုစရိုက်ကန္တာရတော (အခန်း ၁၆)

          ၁၆:၁၉ အရှေ့တောင်ဘက်သို့ ခရီးနှင်ကြခြင်းသည် အပြစ်ဒုစရိုက်ကန္တာရတောထဲသို့၁၆ တိုးဝင်ခြင်းနှင့် တူပေသည်။ အဲဂုတ္တုပြည်တွင် ကျွန်ဘဝဖြင့် နေခဲ့ကြစဉ်တွင်ပင်လျှင် ဝလင်စွာ စားသောက်ခဲ့ကြသည်။ အမဲသားမြင်ရဘူးသေးသည်ဟု မောရှေအား အပြစ်တင်စကားဆိုကြသည်။ ထိုအခါ ဘုရားသခင်က ညဉ့်ဦးချိန်တွင် အမဲသားအစားငုံး၊ နံနက်ခင်းတွင်မန္နမုန့်များကို ချပေးသည်။ ငုံးသားအကြောင်းကို ဤကျမ်းချက်နှင့် တော ၁၁:၃၁တွင် (၂)ကြိမ်သာတွေ့ရသည်။ မန္နမုန့်ကို တောက်လျှောက်တွေ့ရသည်။ မန္န ဆိုသည်မှာ “ဒါဘာလဲ” ဟု အနက်ရသည်။ ဘုရားသခင်ပေးသော အံ့ဘွယ်ရာ အစားအစာဖြစ်သည်။ မန္နမုန့်သည် မုန့်ပြားဝိုင်းဖြစ်၍ ချိုသည် (ငယ် ၃၁)။ နှိမ့်ချခြင်း၊ ပြည့်စုံခြင်း၊ စင်ကြယ်ခြင်းရှိ၍ ခရစ်တော်၏ ချိုမြိန်ခြင်း၊ ဘုရားသခင်၏ မုန့်ဖြစ်သည် (ယော ၆:၄၈-၅၁)။ ထိုမုန့်များသည် နံနက်စောစောတွင် နှင်းပွင့်များနှင့် အပြိုင်မိုးပေါ်မှ ကျလာသည်။ ခရစ်တော်ဘုရားက သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဝင်ရောက်လာသည်။ ဣသရေလများသည် တစ်ယောက်လျှင် တစ်နေ့စာ တဩမဲစီ ကောက်ယူရသည်။ တစ်ဩမဲသည် သုံးချပ်နှင့် ညီသည်။ ထိုအရေအတွက်သည် ပိုလည်းမပို၊ လိုလည်းမလိုသော လုံလောက်မျှတသည့်အရေအတွက် ဖြစ်သည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည်လည်း ခရစ်တော်ဘုရားက နေ့စဉ် အခြေခံလိုအပ်ချက် အစားအစာကို ဖြည့်ဆည်းပေးနေပါသည်။ (၂ကော ၈:၁၅)။ နေထွက်၍ ရာသီဥတုမပူမီ မန္နမုန့်ကို ကောက်ရပါသည်။ ထိုကဲ့သို့ပင် ယနေ့ ယုံကြည်သူများသည်လည်း အရွယ်မလွန်မီ၊ အချိန်ရှိခိုက် သခင်ယေရှုထံ အရောက်လာသင့်သည်။ ပထမ (၆)ရက်တွင် နေ့စဉ် မန္နမုန့်ချပေးသော်လည်း သတ္တမနေ့တွင်ကား ချပေးခြင်းမရှိ။

၁၆:၂၀၃၁ ဆဋ္ဌမနေ့တွင်မူ ခါတိုင်းကောက်ယူသော မန္နမုန့်၏ နှစ်ဆကောက်ယူခိုင်းသည်။ နောက်တစ်နေ့ ဥပုသ်နေ့ အတွက်ပါ ကောက်ယူခိုင်းခြင်းဖြစ်သည်။ အခြားနေ့ရက်များတွင် တဩမဲထက် ပိုကောက်၍ သိမ်းဆည်းထားသော မုန့်များသည် ပုပ်သိုး၍လောက်တက်လေ့ရှိသော်လည်း ခြောက်ရက်မြောက်နေ့တွင် ကောက်ယူသိမ်းဆည်းသော မုန့်သည် မပုပ်သိုး။ မန္နမုန့်သည် နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိသည်။ ပျားရည်နှင့်ရောသော မုန့်ကြွပ်ကဲ့သို့အရသာ ရှိသည်။ ခြောက်ရက်နေ့တွင် ကောက်သောမုန့်ကို ဖုတ်၍ တစ်မျိုး၊ ကင်၍တဖုံ၊ ကြော်၍တစ်နည်း စိတ်ကြိုက်ပြုပြင်စားသုံးနိုင်ကြသည်။

၁၆:၃၂၃၄ အချို့မန္နမုန့်များကို သားစဉ်မြေးဆက် နောင်လာနောက်သားများ တွေ့မြင်စေရန် အမှတ်တရ သိမ်းဆည်းခွင့်ပြုသည် (ဟေဗြဲ ၉:၄)။ ဘုရားသခင်သည် ဖန်ဆင်းခြင်း ပြီးဆုံး၍ သတ္တမနေ့ရက်တွင် အနားယူသည် (က ၂:၂)။ သို့သော် လူများကိုလည်းထိုသို့ အနားယူဖို့ အမိန့်မပေးပါ။ ဣသရေလလူများအား ဥပုသ်နေ့ စောင်းထိန်းဖို့ရန်သာ မှာကြားသည်။ ကြာလာသောအခါ အထိုအချက်သည် ပညတ်တော်ဆယ်ပါးတွင် ပါဝင်လာသည် (၂၀:၉-၁၁) ထိုပညတ်တရားသည် ဘုရားသခင်နှင့် ဣသရေလလူများ အကြား သိနာတောင်ပေါ်တွင် ပြုလုပ်သည့် သဘောတူညီချက် (၃၁:၁၃) ဖြစ်သည်။ အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်ခြင်းအား အပတ်စဉ် သတိရစေဖို့ အထိမ်းအမှတ် (တရား ၅:၁၅)လည်း ဖြစ်သည်။ တစ်ပါးအမျိုးသားများအား ဥပုသ်နေ့စောင်းထိန်းဖို့ ညွှန်ကြားချက်မရှိပါ။ ပညတ်တော်ဆယ်ပါးမှ (၉)ပါးကို ဓမ္မသစ်ကျမ်းတွင် အသင်းတော်များဖြောင့်မတ်သန့်ရှင်းစေဖို့ တကျော့ပြန်လည်ဖော်ပြထားသည်။ ဥပုသ်နေ့အကြောင်း ပညတ်ချက်တစ်ခုကိုမူ ချန်လှပ်ထားသည်။ ထို့ကြောင့် ခုနှစ်ရက်တစ်ပတ်မှာ တစ်ရက် အနားယူရသည်ဟုသာ ယေဘူယျအားဖြင့် နားလည်ခံယူရသည်။ ယနေ့ယုံကြည်သူ ခရစ်ယာန်များအတွက် ရက်သတ္တပတ် ပထမနေ့သည် ဘုရားသခင်၏ နေ့ရက်ဖြစ်သည်။ ထိုနေ့ရက်သည် တရားဝင်အမိန့် ပြန်တမ်းအားဖြင့် ပြဌာန်းထားခြင်းမဟုတ်သော်လည်း တစ်ပတ်တာလုံးတွင် ကာယခွန်အား၊ ဝိညာဉ်အားအင် ကုန်ခမ်းခဲ့သမျှ ပြန်လည်ဖြည့်ဆည်းရသော ကျေးဇူးတော်အခွင့်အရေး နေ့ရက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ချီးမွမ်းကိုးကွယ်သည့် နေ့ရက်ဖြစ်သင့်သည်။

ကျမ်းစာဆိုသည်မှာ ပဋိညာဉ်သေတ္တာဖြစ်သည်။ ယခင်ကျမ်းပိုဒ်များတွင် ပဋိညာဉ်ဟု သုံးသည်။ အဓိကအားဖြင့် ပညတ်တရားများဖြစ်သည်။ အထူးသဖြင့် ပညတ်တော်ဆယ်ပါးဟု အလွယ်တကူမှတ် ယူကြသည်။

၁၆:၃၅၃၆ နှစ်ပေါင်း(၄၀)ကာလပတ်လုံး မန္နမုန့်စားကြသည်ဆိုခြင်းမှာ ကန္တာရခရီး တစ်လျှောက်လုံးတွင် ထိုမန္နမုန့်ဖြင့် အသက်ရှင်ကြသည်ဟု ဆိုလိုသည်။ ခါနာန်နယ်စပ်ဂိလဂါလ အရပ်ဒေသသို့ ရောက်ချိန်ထိ မန္နမုန့်စားကြသည် (ယောရှု ၅:၁၂)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။