ဧဖက်ဩဝါဒစာ- ၂

သေခြင်းမှအသက်ရှင်ခြင်းသို့
1-2သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။- 3ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏ အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။- 4သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊- 5ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။- 6ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။- 7အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။- 8ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။- 9ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။- 10အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
ခရစ်တော်၌တစ်လုံးတစ်ဝတည်း
11ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ပြုသော ဝေါဟာရ အရေဖျားလှီးခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကိုလည်းကောင်း၊- 12ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကိုလည်းကောင်း၊ အောက်မေ့ကြလော့။- 13သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။- 14အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။- 15ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊- 16ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တစ်ဦး တစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တစ်လုံးတစ်ဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေမည်အကြောင်းတည်း။- 17ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အားလည်းကောင်း၊ နီးလျက်ရှိသော ငါတို့အားလည်းကောင်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။- 18ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တစ်လုံးတစ်ဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။
19ထိုကြောင့်၊ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။- 20အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။- 21ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့ အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။- 22ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။

ဧဖက်ဩဝါဒစာ- ၂ (အနက်ဖွင့်)

(တပါးအမျိုးသားများနှင့် ယုဒအမျိုးသားများအတွက် ကယ်တင်ခြင်းတရား (:၁ဝ)

          : အခန်းဆက်ပြောင်းသော်လည်း အကျိုးအကြောင်း ဆက်နွယ်နေသည်။ အခန်း၁တွင် ယေရှုခရစ်တော် ထမြောက် ခြင်း၊ ဘုန်းတန်ခိုးပြည့်စုံစွာစံမြန်းခြင်းများသိခဲ့ရပြီ။ ယခုတစ်ဖန် ဝိညာဉ်ရေးရာ အသေဘဝမှ ထမြောက်၍ ခရစ်တော်ထံပါး၌ စိုးစံနိုင်မည့် ဘုန်းတန်ခိုးအကြောင်းကို ရှင်ပြထားသည်။

ဤကျမ်းပိုဒ်ကိုလေ့လာရာတွင် ကမ္ဘာဦးကျမ်းအခန်း၁ကို ပြန်ကောက်ရသည်။ (၁) ပျက်စီးခြင်း၊ ကစဉ့်ကလျား ဖြစ်ခြင်း၊ ပျက်သုဉ်းခြင်း (က ၁:၂၊ဧ၂:၁-၃)၊ (၂) ဘုရားသခင်၏ဘုန်းတန်ခိုးတော်မိတ်ဆက် (က ၁:၂၊ ဧ ၂:၄)၊ (၃) ဘဝသစ်ဖန်ဆင်းခြင်း (က ၁:၃-၃၁၊ ဧ ၂:၅-၂-၂)။

ဧဖက်အခန်းကြီး(၂)ကို ဝိညာဉ်အသေကောင်များဖြင့် အခမ်းအနားဖွင့်လှစ်ထားသည်။ အခန်းကြီးအဆုံးတွင်မူ ကောင်းကင်နိုင်ငံတွင်ခရစ်တော်နှင့် တူညီကြမည့်အကြောင်း ချယ်သထားသည်။ ခရစ်တော်နှင့်တူညီရန် ကြီးမားသော ပြောင်းလဲမှုရှိကြမည်။

ပထမပိုင်း(၁ဝ)ပိုဒ်တွင် တပါးအမျိုးသားများသည်လည်း ကယ်တင်ခြင်းရရှိပုံ ရှင်းပြထားသည်။ နောက်ပေါက် ရွှေကြာပင်သည်လည်း တော်ဝင်နန်းစံရာတွင် အတူတူဖြစ်ကြမည်။

အခန်းငယ် ၁၊ ၂တွင်တပါးအမျိုးသားများသည် အသက်တာမပြောင်းလဲကြခင်တွင်၊ ဝိညာဉ်ရေးရာတွင် အသေကောင်၊ အပုပ်ကောင်၊ ညစ်ညမ်းသူ အနာခံသူများဖြစ်ခဲ့ကြောင်း အတိတ်ပဲ့ပြင်ကို ပြန်ကောက်ကြသည်။ အပြစ်နွံထဲတွင် မွေ့လျော် သူများဖြစ်၍ ဝိညာဉ်ရေးရာ တွင် အသုဘကောင်များ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာဘုရားသခင်ဘက်၌ အသက်မရှင်ကြ။ ဘုရားရှင်နှင့် ချိတ်ဆက်ခြင်းမရှိကြ။ ထင်သလိုနေကြသည်။ ထို့ကြောင့် အပြစ်နွံထဲတွင်မွေ့လျော်သူများဟုဆိုသည်။ အပြစ် ဆိုသည်မှာ အမှားအယွင်းပေါင်းစုံ၊ ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် မိုက်မှားချက်အမျိုးမျိုး၊ လုပ်သင့်သည်ကိုမလုပ်ဘဲ၊ မလုပ်သင့်သည်ကို လုပ်ဆောင်ခြင်းအဖုံဖုံဖြစ်သည်။ တနည်းအားဖြင့်လမ်းမှန်ကမ်းမှန် မဟုတ်ဘဲ၊ အလွဲလွဲ အချော်ချော် ပြုလုပ်ခြင်းဖြစ်သည်။

: ဧဖက်သားများသည် အသေကောင်များဖြစ်ခဲ့သည်။ လောကီအပြစ်သားလမ်းစဉ်အတိုင်း နေထိုင်သူများ ဖြစ်ခဲ့သည်။ ခေတ်ကာလနောက်သို့လိုက်ကြသည်။ ကာလဒေသ၏ပျော်ရွှင်မှုနောက်သို့ လိုက်ကြသည်။ လောကအရာ ကိုကိုးကွယ်ကြသည်။ လိမ်လည်လှည့်ဖျားခြင်း၊ အကျင့်စာရိတ္တပျက်စီးခြင်း၊ ဘုရားတရားမသိရှိခြင်း၊အတ္တများခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၊ ပုန်ကန်ဆန့်ကျင်ခြင်းများပြုကြသည်။ ခပ်ရှင်းရှင်းပြောရလျှင် ယိုယွင်းပျက်စီးနေကြသည်။

ထိုသို့အကျင်စာရိတ္တပျက်စီးခြင်းသာမကပါ။ အာကာသကောင်းကင်ကိုအစိုးတရပြုသောမင်း နတ်ဆိုးကို ကိုးကွယ်ကြသည်။ ဘေးပတ်ဝန်းကျင်တွင် မကောင်းဆိုးဝါး၊ နတ်ဆိုးများဖြင့် ဝိုင်းဝိုင်းလည်ထားသည်။ ခေတ်ပျက်နတ်ဆိုးကို ပူဇော်ကိုးကွယ်ခဲ့ကြသည်။ ဆိုလိုသည်မှာ အသက်တာမပြောင်းလဲခင် အမူအကျင့်နှင့်ထူးမခြားနားဖြစ်သည်။

နောင်သောအခါတွင်မူ စာတန်နတ်ဆိုးပုန်ကန်ခြားနားခြင်း၏ သားသမီးများဖြစ်လာကြသည်။ ကယ်တင်ခြင်း မရှိသော သားသမီးတိုင်းသည် နတ်ဆိုးသားသမီးများဖြစ်သဖြင့် ဘုရားသခင်၏စကားတော်ကို နာခံခြင်းမရှိကြ။ စာတန်၏ အာဟာရများကိုသာ မှီဝဲကြသဖြင့် ငြင်းပယ်ခြင်း၊ မလေးစားခြင်း၊ မနာခံခြင်းတို့သားကောင်များဖြစ်သည်။

          : အထက်အပိုဒ်တွင်’ငါတို့’ဟုသုံးထားရာမှ ဤကျမ်းပိုဒ်တွင်”ငါတို့”ဟုသုံးနှုန်းထားသဖြင့် ယုဒယုံကြည်သူများသည် ပါဝင်လာပါသည်။ အသက်တာမပြောင်းလဲသေးခင်က ယုံကြည်သူအားလုံးလည်း အကြုံးဝင်ပါသည်။ ထိုသူများ ၏အခြေအနေကို ဇာတိသွေးသားဘဝ၊ ပျက်စီးခြင်းဘဝနှင့် အပြစ်စီရင်ပျက်စီးခြင်း ဟူ၍ ၃ပိုင်းခွဲခြားရှင်းပြထားသည်။ ထို သူများသည် ကိုယ်ကာယ၏ အလို့ငှာ၎င်း၊ စိတ်အလိုသို့၎င်း လိုက်ကြသဖြင့် ကာမဂုဏ်၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမြတ်တော်ခံကြရ၏။ ပေါလု၏ ယုံကြည်သူများသည် ထိုဘဝဖြတ်သန်း ၍၊ အသစ်မွေးဖွားခြင်း ခံရသူများဖြစ်သည်။ ပေါလုကိုယ်တိုင်သည်လည်း ဇာတိအလိုလိုက်၍ အတ္တဝါဒီသမား ဖြစ်ခဲ့သည်။ အခြားသူများထက်ပင် ဆိုးရွားသူ ဖြစ်ခဲ့သည်။

အသက်တာမပြောင်းလဲသော ယုဒလူမျိုးများသည်လည်း ပျက်စီးခြင်း၊ ဆန္ဒ၏သားကောင်များ ဖြစ်သည်။ ဆိုလိုသည်မှာ စိတ်ဆန္ဒအလိုလိုက်မှားသူများဖြစ်သည်။ စိတ်ဆန္ဒအလိုလိုက်ခြင်းဆိုသည်မှာ စင်ကြယ်ဖြောင့်မတ်ခြင်း မရှိသော ဆိုးညစ်မှုပုံစံအမျိုးမျိုးကိုဆိုလိုသည်။ အထူးသဖြင့် အပြစ်မွေ့လျော် ကျူးလွန်သူများကို ဆိုလိုသည်။ အပြစ်မွေ့လျော်သူဟု ဆိုရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသာမဟုတ်။ အပြုအမူအကြံအစည်များလည်း ပါဝင်သည်။ ထိုအကြောင်းကို F.B.Meyer  က ဤသို့သတိပေးထားသည်။

မနောကံသည်လည်း အသွေးအသားဆန္ဒအလိုလိုက်မှားခြင်းဖြစ်၍ ပျက်စီးခြင်းအကြောင်းဖြစ်သည်။ မသန့်ရှင်းသောစိတ်ကူးစိတ်သန်းများ အများအပြားရှိတတ်ကြသည်။ ထိုစိတ်ကူးအတွေးများလာသောအခါ ဝစီကံ၊ ကာယကံ လိုက်ပါသွားသည်။ မြူးတူးကခုန်နေသောနေရာကို နမော်နမဲ့ ဖြတ်သန်း သွားလာလေ့ရှိသူများသည် အနီးကပ်သွားရောက်ကြည့်ရှုချင်ကြသည်။ ထိုသို့သွားရောက်ခြင်းသည် စိတ်သဘောထား ဖြူစင်စွာဖြင့် သွားရောက် ကြည့်ရှုသည်ဟု အာမမခံနိုင်ကြပါ။ ကညာပျိုများကို သတို့သမီးအဖြစ် မြင်ယောင်ကြသည်။ထိုသို့သဘောမထားပါဟု ငြင်းချင်ငြင်းကြမည်။ မည်သို့ပင်ဖြစ်စေ မနာခံခြင်း၏ သားသမီး ဖြစ်သွားပြီ။၁ဝ

            ထို့ကြောင့် အသက်တာပြောင်းလဲခြင်းမရှိသော ယုဒများသည် အမျက်ဒေါသ၏ သားသမီးများဖြစ်ကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ အမျက်ဒေါသ၊ မူယာမာယာ၊ ခါးသီးခြင်း၊ စိတ်တိုခြင်းရှိကြသည်။ လူ့ဗီဇအကျင့်ခံယူကြသည်။ ဘုရားရှင်၏အမျက်ဒေါသလည်း သင့်ကြမည်။ အပြစ်စီရင်ခြင်းခံကြရမည်။ အဓိက ရန်သူမျိုး(၃)ပါးကို သတိထားဖို့ သွန်သင်ထားသည်။ ထိုရန်သူများမှာ (၁)လောကီ၊ (၂)မကောင်းသောအမူအရာ၊ (၃)ဇာတိသွေးသားတို့ဖြစ်သည်။

: သို့သော်လည်း ဘုရားသခင်သည် ဟုဆိုထားရာ အထက်အကြောင်းအရာများကို လုံးဝအဓိပ္ပါယ်ပြောင်းလဲ သွားစေသည်။ ယိုယွင်းပျက်စီးခြင်းလွင်ပြင်၊ မရဏသေရိပ်မှ မဆုံးနိုင်သောဘုရား၏ သားတော်၏အလင်းတန်းထဲသို့ ပို့ဆောင်ပေးသည်။

ထိုသို့ရုတ်ခြည်းပြောင်းလဲပေးသူမှာ ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်သည်။ မည်သူမှမလုပ်နိုင်ကြပါ။ မည်သူမှ ထိုသို့ မစွမ်းဆောင်နိုင်ကြပါ။

ထိုသို့လုပ်ဆောင်နိုင်ခြင်းမှာ ကြွယ်ဝသောကရုဏာတော်ကြောင့်ဖြစ်သည်။ ကိုယ့်ထိုက်နှင့်ကိုယ့်ကံ၊ ကိုယ်ဖြစ်ကိုယ်ခံ မဖြစ်စေဘဲ သက်ညှာခြင်းဖြင့် ကရုဏာတော်ပြသပါသည် (ဆာ ၁ဝ၃:၁ဝ ကိုကြည့်)။ ”သိန်းသန်းချီ၍ ကုန်ကျသောနေရာတွင် ကုဋေကဋာချီ၍ အကုန်အကျခံခြင်းမျိုးဖြစ်သည်”ဟု Eadie  က မှတ်ချက်ပြုသည်။၁၁

အဘယ့်ကြောင့်ဆိုသော် မေတ္တာတော်သည် အလွန်ကြီးမားသော ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ်ဖြစ်သောကြောင့် ထိုမျှကြီးမားခြင်းဖြစ်သည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် လောကသားများ၏ စုပေါင်းစပ်ပေါင်းမေတ္တာထက် ကြီးမားသည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အဖိုးအခကြီးမားလွန်းသောကြောင့် ကြီးမားသည်။ ထိုမျှချစ်မြတ်နိုးသော ကြောင့် တပါးတည်းသောသားတော်အား ကရာနီကုန်းပေါ်တွင် ဒုက္ခဝေဒနာခံစား၍ အသေခံသည့်တိုင်အောင် ပေးအပ်ခဲ့ သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကြီးမြတ်လှပါသည်။ အဘယ့်ကြောင့်ဆိုသော် မဆုံးနိုင်သော ကြွယ်ဝချမ်းသာ ခြင်း ပေးသနားသည်။

: ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားများအကြားတွင်မရှိသော ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ကြီးမြတ်သည်။ လူသားများသည် အပြစ်နွံထဲတွင် သေလွန်ခဲ့ကြသူများ၊ ဘုရားသခင်၏ ရန်သူများဖြစ်ခဲ့ကြသည်။ အဆင့်အတန်းနိမ့်ကျ ယုတ်ညံ့သူများဖြစ်သည်။ သို့သော် ဘုရားရှင်သည် ချစ်မြဲချစ်နေသည်။

ထိုသို့ချစ်မြတ်နိုးသောကြောင့် အပြစ်မှရွေးနှုတ်ရန် ခရစ်တော်အား စေလွှတ်ခဲ့သည်။ ခရစ်တော်၏အမှုတော်ကြောင့် (၁)ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်ခွင့်ရကြသည် (၂) အထံတော်သို့ ပြန်လည်ထမြောက်ကြရသည် (၃)အထံတော်၌ နေထိုင်ကြရသည်။

ထိုအခွင့်အရေးများသည် ဝိညာဉ်ရေးရာတွင် ခရစ်တော်၌ ပေါင်းဖက်ကြသည့်အကြောင်းဖြစ်သည်။ ကိုယ်တော် ၏လုပ်ဆောင်ချက်သည် ကိုယ်တော်တပါးတည်းသာ ကျွန်ုပ်တို့ကိုယ်စား လုပ်ဆောင်သည်မဟုတ်။ ကိုယ်တော်နှင့်အတူ ကျွန်ုပ်တို့လည်း ပါဝင်သည်။ ကိုယ်တော်အသေခံသောအခါ ကျွန်ုပ်တို့လည်းသေသည်။ ကိုယ်တော်သင်္ဂြိုဟ်ခြင်းခံရသည်။

ကိုယ်တော် အသက်ပြန်ရှင်၍ ကောင်းကင်နိုင်ငံတွင် စိုးစံသောအခါတွင်လည်း ကျွန်ုပ်တို့ပါဝင်သည်။ ကိုယ်တော် လုပ်ဆောင်သမျှသည် ကျွန်ုပ်တို့ပျော်ရွှင်ဖို့ဖြစ်သည်။ အတူတူအသက်ရှင်ကြသည် ဆိုသည်မှာ အသက်တာပြောင်းလဲသော ယုလူမျိုးနှင့် တပါးအမျိုးသားနှစ်ရပ်စလုံး အသက်တာအသစ်တွင် ခရစ်တော်နှင့် ပေါင်းဖွဲ့ကြသည့်အကြောင်းဖြစ်သည်။ ထမြောက်ခြင်းတန်ခိုးရှိသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ထမြောက်စေနိုင်သည်။

ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိကြပြီ ဟုဆိုသည်။ ဘုရားရှင်ကို အဘယ်မျှဆန့်ကျင်ပုန်ကန်ကြစေကာမူ ဘုရားသခင်သည် အတိုင်းအဆမရှိ ကရုဏာတော်ကြီးမားသည်။ ထိုကရုဏာတော်ကြီးမားခြင်းကို ကျေးဇူးတော်ဟုဆိုသည်။

ကရုဏာတော်ဆိုသည်မှာ ထိုက်သင့်သောအပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခြင်းဖြစ်သည်ဟု ယခင်ကျမ်းပိုဒ်များတွင် ရှင်းပြခဲ့ပြီးဖြစ်သည်။ ကျေးဇူးတော်ဆိုသည်မှာ မထိုက်မတန်လျက်နှင့် ကယ်တင်ခြင်းကမ်းလှမ်းခြင်းဖြစ်သည်။ အဖိုးအခ၊ တန်ရာတန်ကြေးပေးရသည်မဟုတ်။ အခမဲ့လက်ဆောင် အပြစ်ပေးပါသည်။ ထိုအကြောင်းကို A.T. Pierson  က ဤသို့ဆိုထားပါသည်။

ချစ်ခြင်းမေတ္တာ၏ ရက်ရောမှုဖြစ်သည်။ ဆင်းရဲသားများ အဖိုးအခမပေးနိုင်စွမ်းသော အဖိုးထိုက်တန်ကြီးမားလှသည့်                  လက်ဆောင်အား ဘုရားရှင်က အခမဲ့ပေးခြင်းဖြစ်သည်။၁၂

            : ခရစ်တော်တပါးတည်းသာ ရှင်ပြန်ထမြောက်သည်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုလည်း အထံတော်ပါးသို့ ထမြောက်စေပါသည်။ ကိုယ်တော်သည် သေခြင်း၊ အပြစ်စီရင်ခြင်းမရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၌ တည်ကြ သောကြောင့် သေခြင်း၊ အပြစ်စီရင်ခြင်းခံရမှာမဟုတ်။ သချိုင်းဂူမှ ပြန်လည်ထမြောက်ကြသူများဖြစ်သည်။ ထိုသို့ထမြောက် ခြင်းသည် ခရစ်တော်နှင့် တလုံးတဝတည်းဖြစ်ရခြင်း၏ ဘုန်းတန်ခိုးဖြစ်သည်။ သေခြင်းမှထမြောက်သူများ ဖြစ်သောကြောင့် လူမှန်နေရာမှန်ရရှိထားကြသည်။

နောက်တချက်မှာ ကောင်းကင်နိုင်ငံတွင် ခရစ်တော်နှင့်အတူ စိုးစံခြင်းဖြစ်သည်။ ခရစ်တော်နှင့် တလုံးတဝတည်း ဖြစ်ကြသောကြောင့် လောကီမှုရေးရာမှ ကယ်နှုတ်၍ ခရစ်တော်ထံမှ ဘုန်းတန်ခိုးရရှိကြသည်။ ယုံကြည်ခြင်းရှိသူသည် အသက်တာပြောင်းလဲသည်။ ဤလူ့ဘောင်လောကတွင် နေရမည့်အချိန်သည် ကြာမည်မဟုတ်။ သခင်ခရစ်တော်သည် ဘုရားရှင်၏လက်ယာတော်တွင် စိုးစံသည်ဖြစ်သောကြောင့် ထိုနေရာကို ရော်ယမ်းမှန်းဆကြရသည် (ကော ၃:၁)။

အပိုဒ်ငယ်(၅)နှင့်(၆)၏ သော့ချက်သည် ခရစ်တော်ထဲ၌ ဟူသောစကားရပ်ဖြစ်သည်။ ခရစ်တော်၌အသက်ရှင် ရသည်။ ထမြောက်ရသည်၊ စိုးစံရသည်။ ခရစ်တော်သည် ကိုယ်စားလှယ်ဖြစ်သောကြောင့် ခရစ်တော်၏အောင်ပွဲသည် ယုံကြည်သူများ၏အောင်ပွဲ၊ ခရစ်တော်၏ဋ္ဌာနတော်သည် ကျွန်ုပ်တို့၏နေရပ်ပင်ဖြစ်သည်။ G. William  က ”မာရီမာဂဒလ နှင့် ကားတိုင်ပေါ်မှသူခိုး ယေရှုခရစ်တော်ကြောင့် မိတ်ဆွေကောင်းများဖြစ်သွားကြသည်မှာ အံ့ဩကုန်နိုင်ဖွယ်ဖြစ်သည်”ဟု ဆိုထားပါသည်။

၂း၇ ကျေးဇူးတော်သည် အချိန်အကန့်အသတ်ဖြင့်မဟုတ်။ ထာဝရတည်တံ့သည်။ သခင်ယေရှုက လောကသားများ ၏အပြစ်ကို ကားတိုင်သို့ယူဆောင်သွားခြင်းသည် ဆုံးစမထင်သော ကျေးဇူးတော်ကြီးမားပုံကို ပြသသည်။ ဘယ်သောအခါမှ မှေးမှိန်ပပျောက်ကုန်ဆုံးခြင်းမရှိနိုင်။ ပေါလု၏စကားအဆင့်ဆင့်ကို ကြည့်ကြရအောင်။

ကျွန်ုပ်တို့ကို သနားကြင်နာသည်။

ကျေးဇူးတော်အားဖြင့် သနားကြင်နာသည်။

ကြွယ်ဝသောကျေးဇူးတော်အားဖြင့် သနားကြင်နာသည်။

စဉ်ဆက်မပြတ်စီးဆင်းနေသော ကြွယ်ဝသည့်ကျေးဇူးတော်အားဖြင့်

ကျွန်ုပ်တို့ကို သနားကြင်နာသည်။

          သို့ဖြစ်သောကြောင့် နိစ္စထာဝရကာလအကြောင်းကို လေ့လာသင်ယူရမည်။ ကောင်းကင်နိုင်ငံသည် ကျောင်းတော်ကြီး၊ ဘုရားသခင်သည် သင်ဆရာ၊ ကျေးဇူးတော်သည် သင်စရာဘာသာရပ်၊ ယုံကြည်သူများသည် သင်တန်းသား၊ သင်တန်းကာလသည် နိစ္စထာဝရဖြစ်ပေမည်။

ကောင်းကင်နိုင်ငံရောက်မှသာလျှင် ထိုအကြောင်းအရာကို အစုံအလင်သိကြရမည်။ သို့သော် ဘုရားသခင်တပါး တည်းသာလျှင် အရာခပ်သိမ်းကို တတ်သိနားလည်ပါသည်။ မည်သို့ပင်သင်နေကြစေကာမူ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တူညီနိုင်မည်မဟုတ်။၁၃

စဉ်းစားစရာတစ်ခုမှာ ကောင်းကင်နိုင်ငံရောက်သောအခါ မည်သည့်အတိုင်းအတာထိ တတ်သိနားလည်ကြမည်နည်း။ ကောင်းကင်နိုင်ငံ တက္ကသိုလ်၌ တတ်သိနားလည်ရန် ယခုကာလပင်လျှင် သမ္မာကျမ်းစာဘာသာရပ်ကို သင်ယူပြင်ဆင်နေ ရပါသည်။

: လာမည့်ကျမ်းပိုဒ်(၃)ခုသည် သမ္မာကျမ်းစာက သွန်သင်ထားသော ကယ်တင်ခြင်းအကြောင်း ရှင်းလင်းချက် ဖြစ်သည်။

ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သည်။ ကယ်တင်ခြင်း၏အခြေခံအကြောင်းအရင်းသည် ခရစ်တော်နှင့် ခရစ်တော်၏ အမှုတော်လုပ်ဆောင်ချက်အပေါ်၌ အခြေပြုသည်။

ကယ်တင်ခြင်းကို ပစ္စုပ္ပန်မျက်မှောက်ကာလ၌ ပေးထားပြီဖြစ်သည်။ ကယ်တင်ခြင်းရရှိသူတိုင်း နားလည်ကြသည်။ ပေါလုက ဧဖက်သားများအား သင်တို့ကယ်တင်ခြင်းရရှိကြပြီ ဟုဆိုသောအခါ ဧဖက်သားများ သဘောပေါက်ကြသည်။ နားလည်ခံယူကြသည်။

ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ရရှိကြသည်။ ယုံကြည်ခြင်းဆိုသည်မှာ မိမိသည်အစွမ်းအစတစ်ခုမျှမရှိ၊ အချည်းနှီးသတ္တဝါဖြစ်၍ ကယ်မမည့်သူလိုကြောင်း နားလည်သဖြင့် သခင်ယေရှုခရစ်တော်အား ကယ်တင်သူအဖြစ် လက်ခံယုံကြည်အားကိုးခြင်းဖြစ်သည်။ ယေရှုကိုသာ မျှော်လင့်ချက်ထားရှိသည်။

ကယ်တင်ခြင်းရရှိရန် ကြားနာရသော နှုတ်ကပတ်တော်အား ယုံကြည်ခြင်းဖြင့်အစပြုသည်။ မိမိကိုယ်တိုင်ရှာဖွေ ကြိုးပမ်းခြင်းဖြင့် မရနိုင်။ လူသေကောင်သည် ဘာမှမလုပ်နိုင်သကဲ့သို့ အပြစ်သားသည် သန့်ရှင်းစင်ကြယ်ခြင်း ဘာမှ မလုပ်နိုင်။ အပြစ်ဒဏ်စီရင်ခြင်းခံရဖို့သာရှိသည်။

ကယ်တင်ခြင်းသည် ဘုရားပေးဘဝလက်ဆောင်ဖြစ်သည်။ လက်ဆောင်ဆိုသည်မှာ အခမဲ့ပေးခြင်းဖြစ်သည်။ ဖွဲ့နှောင်ခြင်းမရှိ၊ ချို့ယွင်းချက်မထား။ ဘုရားပေးသောကယ်တင်ခြင်းတရားလက်ဆောင်သည် အခမဲ့ဖြစ်သည်။ ထိုဘုရား ပေးလက်ဆောင်သည် ယုံကြည်ရယူသောအခါ ကယ်တင်ခြင်း ရရှိပါသည်။ နေရာတိုင်းရှိလူတိုင်းအား ကမ်းလှမ်းပေးစေ ပါသည်။

: ကယ်တင်ခြင်းသည် ကောင်းသောအကျင့်ဖြင့်မရရှိနိုင်။ လူ့ကြိုးစားလုပ်ဆောင်မှုနည်းလမ်းဖြင့် ရနိုင်သောအရာ မဟုတ်။ ဥပမာအားဖြင့် အောက်ပါအချက်များသည် ကယ်တင်ခြင်းရရှိသည့် နည်းလမ်းများမဟုတ်ပါ။

၁။        အသိအမှတ်ပြုခြင်း၊

၂။         နှစ်ခြင်းမင်္ဂလာ၊

၃။        အသင်းတော်တွင် အသင်းသားအဖြစ်ပါဝင်ခြင်း၊

၄။        အသင်းတော်ဝတ်ပြုစည်းဝေး တက်ရောက်ခြင်း၊

၅။        ပွဲတော်မင်္ဂလာ၊

၆။        ပညတ်တော်ဆယ်ပါး စောင့်ထိန်းခြင်း၊

၇။        တောင်ပေါ်ဒေသနာအတိုင်း အသက်ရှင်ခြင်း၊

၈။        ပေးကမ်းလှူဒါန်းခြင်း၊

၉။        အိမ်နီးနားချင်းကောင်းပီသခြင်း၊

၁ဝ။      စိတ်ထားကောင်းမွန်ခြင်း၊ လူချစ်လူခင်ပေါခြင်း၊

အကျင့်သီလကောင်းရုံမျှဖြင့် ကယ်တင်ခြင်းမရရှိနိုင်ပါ။ ယုံကြည်ခြင်းနှင့် အကျင့်သီလနှစ်ခုစလုံးကောင်းမှ ကယ်တင်ခြင်းရရှိသည်မဟုတ်။ ယုံကြည်ခြင်း တစ်ခုတည်းရှိလျှင် လုံလောက်သည်။ ယုံကြည်ခြင်းအပြင် အကျင့်သီလ တစ်ခုခုထပ်ဖြည့်လျှင် ထိုကယ်တင်ခြင်းသည် စစ်မှန်သောကယ်တင်ခြင်းမမည် (ရော ၁၁:၆)။ ကောင်းမှုကုသိုလ်သည် လူအား ဝါကြွားစရာဖြစ်စေနိုင်သည်။ အကယ်၍ မိမိကောင်းမှုကုသိုလ်ကြောင့် ကယ်တင်ခြင်းရရှိသည်ဟုဆိုလျှင် ဘုရားသခင်ရှေ့၌ အရှက်ရဖွယ်ရာဖြစ်သည်။ မိမိကောင်းမှုကုသိုလ်၊ အကျင့်သီလအားဖြင့် ကယ်တင်ခြင်းမရရှိနိုင်

(ရော ၃:၂၇)

အကယ်၍ အကျင့်သီလကောင်းမွန်မှုကြောင့် ကယ်တင်ခြင်းရရှိနိုင်လျှင် ယေရှုခရစ်တော်သည်လည်း တကူးတက အသေခံစရာ အကြောင်းမရှိ (ဂလာ ၂:၂၁)။ သို့သော် ခရစ်တော်အသေခံခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်အသေခံ ခြင်းမှတပါး လူသားများကယ်တင်ခြင်းရရှိနိုင်သည့် အခြားနည်းလမ်းမရှိ။

မိမိအကျင့်ဖြင့် ကယ်တင်ခြင်းရရှိသည်ဟုဆိုလျှင် သူသာလျှင် သူ့အရှင်သခင်ဖြစ်၍ သူ့ကိုယ်သူကိုးကွယ်ရပေမည်။ အတ္တဟိ အတ္တနောနာထော မိမိကိုယ်ကိုကိုးကွယ်ခြင်းသည် ရုပ်တုကိုးကွယ်ခြင်းဖြစ်၍ ဘုရားရှင်ကတားမြစ်ပါသည်

(ထွ ၂၀:၃)။

ခရစ်တော်ယုံကြည်ခြင်းအပြင် အကျင့်သီလကောင်းကိုပါ ထပ်ဆောင်းမှ ကယ်တင်ခြင်းရရှိသည်ဆိုလျှင် ကယ်တင်ရှင် နှစ်ပါးဖြစ်သွားမည်။ ယေရှုနှင့် အပြစ်သားများဖြစ်သွားမည်။ ခရစ်တော်က အခြားသူများအား ကယ်တင်ခြင်း၊ တန်ခိုးပေးဝေခြင်းဖြစ်သွားမည်။ ယေရှုသည် ဘယ်သောအခါမှ ထိုသို့မလုပ် (ဟေရှာ ၄၂:၈)။

အကယ်၍ မိမိအစွမ်းအစဖြင့် ကယ်တင်ခြင်းရရှိနိုင်လျှင် ဘုရားရှင်က အကြွေးတင်သွားပါလိမ့်မည်။ သို့ကြောင့် မဖြစ်နိုင်ပါ။ ဘုရားရှင်သည် ဘယ်သောအခါမှ အကြွေးရှိသူမဟုတ် (ရော ၁၁:၃၅)။

ထို့ကြောင့် ယုံကြည်ခြင်းဖြင့်ရရှိသော ကယ်တင်ခြင်းအတွက် ဝါကြွားစရာမရှိပါ။ ဘုရားရှင်အားယုံကြည်ခြင်းသည် စင်ကြယ်ခြင်း၊ ဆင်ခြင်တုံတရား အဓိပ္ပါယ်အပြည့်ဝဆုံးဖြစ်သည်။ ဖန်ဆင်းရှင်နှင့် ရွေးနှုတ်သူအား အားကိုးယုံကြည်ခြင်း သည် သဘာဝတရားနှင့်ညီပါသည်။ ထိုအရှင်သခင်ကိုမှ မယုံကြည်လျှင် မည်သူ့ကို ယုံကြည်ရတော့မည်နည်း။

:၁ဝ ကယ်တင်ခြင်း၏အကျိုးဆက်မှာ ခရစ်တော်၌ ဖန်ဆင်းတော်မူရာဖြစ်၏။ ဘုရားရှင်တော်နှင့် ပြုပြင်ခြင်းဖြစ်သည်။ အသစ်တဖန် မွေးဖွားသူသည် ဘုရားသခင်၏မူရင်း သားသမီးဖြစ်သည်။ ကုန်ကြမ်းထည်ပစ္စည်းများကို ကုန်ချောပစ္စည်းထုတ်လုပ်ရသကဲ့သို့ ဖြစ်ကြသည်။ ထိုပစ္စည်းသစ်၊ မူရင်းပစ္စည်းသည် ဘယ်သောအခါမှ တန်ဖိုးလျှော့နဲ ကျဆင်းသည်ဟုမရှိ။ ”လူမည်သည်ကား ခရစ်တော်၌တည်လျှင် အသစ်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် ပြောင်းလဲကြပြီ” (၂ကော ၅:၁၇)။

ထိုအသစ်သောသတ္တဝါ၏ ရည်မှန်းချက်မှာ အကျင့်ကောင်းကျင့်ဖို့ ဖြစ်သည်။ ကောင်းသောအကျင့်ဖြင့် ကယ်တင်ခြင်းမရရှိနိုင်သော်လည်း ကောင်းသောအကျင့်ကျင့်ဖို့ ရွေးကောက်ခြင်းဖြစ်သည်။ ကောင်းသောအကျင့်သည် အရင်းအမြစ်မဟုတ်ပါ။ အသီးအပွင့်သာဖြစ်သည်။ ကယ်တင်ခြင်းရရှိဖို့ အကျင့်သီလကောင်း တည်ဆောက်ခြင်းမဟုတ်။ ကယ်တင်ခြင်းရရှိသောကြောင့် အကျင့်သီလကောင်းရသည်။

ထိုတရားဓမ္မအကြောင်းကို ယာ ၂:၁၄-၂၆ တွင် ရှင်းပြထားသည်။ ယာကုပ်က ”ယုံကြည်ခြင်းမရှိသော အကျင့်သည် အသေဖြစ်သည်”ဟုဆိုရာတွင် ယုံကြည်ခြင်းနှင့် အကျင့်သီလကောင်းခြင်းနှစ်ခုဖြင့် ကယ်တင်ခြင်းရရှိသည်ဟု မဆိုလို။ ယုံကြည်ခြင်း၏ အကျိုးဆက်သည် အကျင့်သီလကောင်းသော အသက်တာဖြစ်စေသည်ဟုဆိုလိုသည်။ အကျင့်သီလကောင်းသည် ယုံကြည်ခြင်းကို သက်သေထူခြင်းဖြစ်သည်။ ထို့ကြောင့် ပေါလုက ”ကောင်းသောအကျင့်ကျင့်ဖို့ ယေရှုခရစ်၌ ပြုပြင်ဖန်ဆင်းရာဖြစ်သည်” ဟုဆိုသည်။

ဘုရားရှင်၏အမိန့်တော်ကို လေ့လာကြပါစို့။

ယုံကြည်ခြင်း  ကယ်တင်ခြင်း            အကျင့်သီလ             ဆုလက်ဆောင်

ကယ်တင်ခြင်းကို ယုံကြည်ခြင်းက ဦးဆောင်သည်။ ကယ်တင်ခြင်းက အကျင့်သီလကောင်းမွေးဖွားသည်။ အကျင့် သီလကောင်းရှိသူများကို ခရစ်တော်က ဆုလာဘ်ဆောင်ချီးမြင့်သည်။

ဤနေရာတွင် အကျင့်သီလဆိုသည်မှာ အဘယ်နည်းဟုမေးနိုင်ဖွယ်ရာရှိပါသည်။ ပေါလုက”ငါတို့သည် ကောင်း သောအကျင့်၌ ကျင်လည်ရမည့်အကြောင်း ဘုရားသခင်သည်ငါတို့ကို ပြင်ဆင်တော်မူပြီဟုဆိုထားသည်။ တနည်း အားဖြင့် လူတိုင်းအသက်တာအတွက် ဘုရားသခင်က ပုံကြမ်းရေးဆွဲထားပြီးဖြစ်ပါသည်။ အသက်တာမပြောင်းလဲမီကပင် ရေးဆွဲထားပြီးဖြစ်သည်။ ထိုပုံကြမ်းဇယားအတိုင်း အသက်တာလျှောက်လှမ်း ဆေးရောင်ခြယ်ဖို့ ဖြစ်သည်။ မိမိသဘော အတိုင်း ခြေဦးတည့်ရာ လျှောက်လှမ်းရသည်မဟုတ်။ ကျွန်ုပ်တို့အတွက်   ကြိုတင်ရေးဆွဲထားသော  ပုံကြမ်းအတိုင်း လျှောက်လှမ်းရသည်။ အသက်တာရွေးနှုတ်ခြင်းမှာ ဘုရားရှင်အားအမြင့်မားဆုံးချီးမွမ်းကိုးကွယ်ဖို့၊ အခြားသူများအား ကောင်းချီးဝေငှဖို့၊အမြင့်ဆုံးသော ဆုလက်ဆောင်ရရှိဖို့ဖြစ်သည်။

လူတိုင်းအသက်တာအသီးသီးတွင် အကျင့်သီလကောင်းသီဆောက်ကြဖို့ ရွေးကောက်ခြင်းဖြစ်သည်။ (၁)မိမိ တို့အသက်တာတွင် အပြစ်ရှိသည်ဟု သိရှိဝန်ခံရမည်။ (၂)ချို့ယွင်းချက်မထား၊ အထံတော်သို့ အစဉ်မပြတ် ကြိုးစား အားထုတ်ရမည်။ (၃)နှုတ်ကပတ်တော်ကို အစဉ်လေ့လာ၍ ဘုရားရှင်ကမည့်သည့်အရာကိုလုပ်စေချင်ကြောင်း အသံတော် နားထောင်ရမည်။ (၄) နေ့ရက်စဉ်အတိုင်းဘုရားရှင်နှင့် စကားပြောချိန်အချိန်ယူရမည်။ (၅) အမှုတော်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ရမည်။ (၆) အခြားယုံကြည်သူအပေါင်းအဖော်များကိုလည်း နှိုးဆွလှုံဆော်ရမည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား အကျင့်ကောင်းကျင့်ဖို့ ဖန်ဆင်းခြင်းဖြစ်သည်။ အကျင့်ကောင်းများကိုလည်း ပြသထားပါသည်။ အကျင့်ကောင်း ကျင့် သူများအား ဆုလက်ဆောင်ပေးဖို့လည်း အသင့်ပြင်ထားပါသည်။

(ယုံကြည်သူယုဒများနှင့် တပါးအမျိုးသားများ ခရစ်တော်၌စည်းလုံးရေး (:၁၁၂၂)

          အခန်း(၂)၏ ပထမပိုင်းတွင် တပါးအမျိုးသားများနှင့် ယုဒအမျိုးသားများ၏ ကယ်တင်ခြင်းအသီးသီးရရှိကြပုံကို ရှင်းပြထားသည်။  လူမျိုးရေးအရ ကွဲပြားခြားနားကြသော်လည်း အသက်တာပြောင်းလဲဖြစ်သောအခါ၊ ခရစ်တော်၌ တလုံး တဝတည်း ဖြစ်ကြသည်။ အသင်းတော်၌ တစုတစည်းတည်းဖြစ်ကြသည်။ သခင်ခရစ်တော်၏ စင်ကြယ်သော ဗိမာန် တော် ဖြစ်ကြသည်။

:၁၁ အပိုဒ်ငယ် ၁၁ နှင့် ၁၂ တွင် အသွေးအသား မွေးဖွားခြင်းဖြင့် တပါးအမျိုးသားများသည် ယုဒအမျိုးနှင့် ဝေးကွာနေကြသော်လည်း အသက်တာပြောင်းလဲလာကြသောအခါ သွေးနီးသူများဖြစ်သည်ဟု ရှင်းပြထားသည်။ ယခင်ကဝေးကွာခဲ့ကြသည်။ ဆိုလိုသည်မှာ တပါးအမျိုးသားများသည် အရေဖျားလှီးခြင်းမရှိသူများဟု ယုဒများက မထေမဲ့မြင်ပြုကြသည်။ တပါးအမျိုးသားများသည် ဘုရားသခင်၏လူများ အမှတ်အသားအရေဖျားလှီးခြင်းခံရသူများ မဟုတ်။ အရေဖျားလှီးခြင်းသည် ရှေးအခါက လူမျိုးရေးအတားအဆီးကြီးဖြစ်သည်။ ဒါဝိဒ်နှင့် တပါးအမျိုးသား ကောလိယတို့ပြောသောစကားကို နားဆင်ကြည့်ပါ။ ”အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည့် အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော လူဖြစ်သနည်း” (၁ရာ ၁၇:၂၆)။

ယုဒများက သူတို့၏ အရေဖျားလှီးခြင်းကို ဂုဏ်ယူဝင့်ကြွားကြသည်။ ဝါကြွားစရာအဖြစ်သုံးကြသည်။ တခြား လူမျိုးများတွင်မရှိသော ထုံးတမ်းစဉ်လာဖြစ်၍ ဘုရားသခင်ရွေးကောက်တော်မူသော သီးသန့်လူမျိုးတော်၏ သင်္ကေတ လက္ခဏာအဖြစ် ဂုဏ်ယူကြသည်။ ထို့ကြောင့် ပေါလုက ”သင်တို့အရေဖျားလှီးခြင်းသည် သင်တို့ကိုယ်တိုင် လက်ဖြင့် လှီးခြင်းဖြစ်၍ ဝါကြွားစရာမဟုတ်”ဟုထောက်ပြသည်။ ပြင်ပလက္ခဏာ လူမြင်ကောင်းအောင် ပြုလုပ်ခြင်းသာဖြစ်သည်။ စိတ်နှလုံးထိ ထိုးဖောက်စိမ့်ဝင်ခြင်းမရှိ။ ”အမြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့် သူ့ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သူသည် ယုဒလူအမှန်ဖြစ်၏” (ရော ၂:၂၈၊ ၂၉)။

ယုဒလူများသည် အပြင်ပန်းအားဖြင့် ယုဒလူများဖြစ်ကြသော်လည်း စိတ်နှလုံးတွင်မူ ယုဒလူမျိုးမစစ်ဟု အပိုဒ်ငယ် ၁၁ တွင် ဆိုထားသည်။ တပါးအမျိုးသားများနှင့် ယုဒလူမျိုးများသည် လူမျိုးရေးအားဖြင့် ကွဲပြားခြားနားသူများဖြစ်သည်။ ယုဒလူမျိုးများသည် ဘုရားသခင်ရှေ့တော်တွင် မျက်နှာတော်ရသူများ (ရော ၉း၄၊၅)ဟုခံယူကြသည်။ တပါးအမျိုးသားများကို ဧည့်သည်လူစိမ်းများကဲ့သို့ သဘောထားကြသည်။ ဘုရားသခင်ကို ကိုးကွယ်လိုလျှင် ယုဒများထုံးတမ်းစဉ်လာကို ဦးစွာ လိုက်နာစောင့်ထိန်းရသည်။ ယေရုရှလင်ဗိမာန်တော်တပါးတည်းသာလျှင် ဘုရားသခင်ကျိန်းဝပ်ရာ ကမ္ဘာမြေပေါ်ရှိ ဗိမာန် တော်အဖြစ်ခံယူကြသည်။ ထိုဗိမာန်တော်ထဲသို့ တပါးအမျိုးသားများ ဝင်ရောက်ခွင့်မရှိ။ ဝင်ရောက်လျှင် သေဒဏ်ပေးခံ ရသည်။

သခင်ခရစ်တော်က တရယ်နှင့်စိတုန်အရပ်မှ တပါးအမျိုးသမီးများ၏ ယုံကြည်ခြင်းအားမေးမြန်းခဲ့စဉ် ယုဒများက ကလေးသူငယ်များနှင့် တပါးအမျိုးသားအား စားပွဲအောက်က ခွေးလောက်မျှ သဘောမထားကြောင်း တွေ့ရှိကြသည်။ သူ့ကိုယ်သူ ခွေးပမာခံယူသည်။ ကလေးသူငယ်များပမာ တစာစာပူဆာသောအခါ ယုံကြည်ချက်အဖြေရရှိသွားသည် (မာ ၇:၂၄-၃ဝ)။ ဤကျမ်းပိုဒ်က တပါးအမျိုးသားများ၏ အတိတ်ကဘဝဟောင်းကို ပြန်လည်ထောက်ပြသည်။

:၁၂ တပါးအမျိုးသားများသည် ခရစ်တော်ကို မသိခဲ့ကြ။ မေရှိယသခင်မရှိခဲ့။ ဣသရေလအမျိုးသားသို့သာလျှင် ကတိတော်ရှိခဲ့သည်။ မေရှိယသခင်ပေါ်ထွန်းမည့်အကြောင်း ဗျာဒိတ်တော်ရှိခဲ့သည့်အတိုင်း (ဟေရှာ ၁၁:၁ဝ၊ ၆၀:၃) ယုဒလူမျိုးထဲသို့ ပေါ်ထွန်းခဲ့သည်။ ”ဣသရေလအမျိုးအပါအဝင် ပျောက်လွင့်သောသိုးများမှတပါး၊ အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေလွှတ်” (မ ၁၅:၂၄)ဟု ကျမ်းစကားရှိခဲ့သည်။ ထိုသို့ တပါးအမျိုးသားများသည် မေရှိယ ရှိမရှိ မသိခဲ့ကြ။ ဣသရေလတို့၏ ချမ်းသာခြင်းနှင့်မပတ်သက်။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ဆက်စပ်ပတ်သက်နေကြသော်လည်း တပါးအမျိုးသားများသည် တစိမ်းသရံ ဧည့်သည်ကဲ့သို့ ရှိနေရသည်။ ကတိတော်၌ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်။ ဘုရားသခင်သည် ဣသရေလအမျိုးသား အာဗြဟံ၊ ဣဇက်၊ ယာကုပ်၊ မောရှေ၊ ဒါဝိဒ်၊ ဆောလမုန်တို့တွင် ထပ်ခါထပ်ခါ ကတိတော်ပြုခဲ့သည်။ ထို ပဋိညာဉ်များသည် ဣသရေလတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည်။ တပါးအမျိုးသားနှင့် မသက်ဆိုင်။ တစ်ဦးချင်းအရဖြစ်စေ၊ လူမျိုးလိုက်ဖြစ်စေ ပတ်သက်ခြင်းမရှိ။ မျှော်လင့်ချက် မဲ့ခဲ့ကြသည်။ လူမျိုးအလိုက် တိုင်းနိုင်ငံသတ်မှတ်ပေးခြင်း၊ အာမခံချက်မရှိခဲ့။ တစ်ဦးချင်းအနေဖြင့်လည်း သင်္ချိုင်းကုန်းကိုကျော်လွန်သော မျှော်လင့်ချက် မပေးခဲ့။ တပါးအမျိုးသားများ၏ အနာဂတ်မျှော်လင့်ချက်သည် ကြယ်ရောင်လရောင်မလင်းသော မဟူရာညသာဖြစ်ခဲ့သည်။ ဘုရားတရားမရှိဘဲ လူ့လောကအလယ်မှာ ရောက်တတ်ရာရာ ကျင်လည်ခဲ့ကြသည်။ သို့သော် ဘုရားကိုမယုံကြည်ဟု ဆိုလိုခြင်းမဟုတ်။ ကိုယ်ပိုင်ဘုရားငယ်များရှိပါသည်။ သစ်သား၊ ကျောက်ခဲဖြင့် ထုလုပ်ထားသောဘုရား၊ အုတ်ခဲဖြင့်ပြုလုပ် ထားသော ကျောက်ပုံဘုရားများရှိကြသည်။ ကိုးကွယ်ကြသည်။ ဘုရားစစ်၊ ဘုရားမှန်ကို မသိရှိကြ။ ဘုရားစစ်၊ ဘုရားမှန်ကို မသိရှိသော အမှောင်လောကတွင် စမ်းတဝါးဝါးအသက်ရှင်ခဲ့ကြသည်။

:၁၃ သို့သော်လည်း ယခုမှာမူ ဟူသောစကားသည် အထက်ပါအတိတ်ဟောင်းကို ပြည်ဖုံးကားချ၍ အခန်းကဏ္ဍ သစ်ဖွင့်လှစ်ခြင်းဖြစ်သည်။ တပါးအမျိုးသားဧဖက် ယုံကြည်သူများသည် အတိတ်ကဘုရားသခင်နှင့် အလှမ်းကွာဝေးခဲ့ရာမှ ယခုအခါတွင် ဘုရားရှင်နှင့်နီးကပ်စွာ အသက်ရှင်ခွင့်ရရှိခဲ့ကြသည်။ ထိုသို့နီးကပ်စွာအသက်ရှင်ခွင့်မှာ ကယ်တင်ခြင်း၏ ရလဒ်ဖြစ်သည်။ ကယ်တင်ရှင်သခင်ကို ယုံကြည်ကိုးစားကြသောအခါ ခရစ်တော်၌ နေရာရကြသည်။ ခရစ်တော်၌နေကြ သောကြောင့် ဘုရားသခင်နှင့်နီးစပ်ခွင့်ရကြသည်။ ထိုသို့ အသက်တာပြောင်းလဲရခြင်းမှာ ခရစ်တော်၏အသွေးတော်တန်ခိုး ဖြစ်သည်။ အတိတ်ကအဖြစ်ဆိုးများကို အသွေးတော်ဖြင့် ဆေးကြောသန့်စင်ခဲ့ကြသည်။ ထိုအသွေးတော်မှာ ကရာနီ ကုန်းပေါ်တွင် သွန်းလောင်းသောခရစ်တော်၏ အသွေးတော်ဖြစ်သည်။ သခင်ခရစ်တော်၏ ကားတိုင်အမှုတော်ကို လက်ခံကြ သောအခါ ထိုကားတိုင်မှာ သွန်းလောင်းခဲ့သောအသွေးတော်ဖြင့် အပြစ်ဟူသမျှကို ဆေးကြောသန့်စင်ပေးပါသည်။

သခင်ယေရှုသည် ထိုသူများအား အထံတော်တွင် နေစေသည်သာမက အသစ်သော လူမှုဝန်းကျင်ကိုလည်း ဖန်တီးပေးသည်။ တလောကလုံး ကွာခြားစည်းတားထားသောယုဒနှင့် တပါးအမျိုးသားအကြား အုတ်တံတိုင်းကြီးကို ဖြိုဖျက်ပေးသည်။ ဓမ္မသစ်ကျမ်းတွင် ယုဒလူမျိုးနှင့် တပါးအမျိုးသားဟူ၍ လူတန်းစား(၂)ရပ်ရှိသည်။ နောက် တတိယလူတန်းစားမှာ ဘုရားသခင်၏အသင်းတော် (၁ကော ၁၀:၃၂)ဟူ၍ ပေါ်ထွန်းလာပြန်သည်။ အသွေးတော်အားဖြင့် ထိုသူများသည် ကွဲပြားခြားနားခြင်းမရှိကြတော့ဘဲ ခရစ်တော်၌ တလုံးတဝတည်း ဖြစ်ကြရပြီဟု သွန်သင်ပါသည်။

:၁၄ ခရစ်တော်ကိုယ်တိုင်သည် ရန်ငြိမ်းခြင်းဖြစ်သည်။ ရန်ငြိမ်းသည်ဟုမဆိုကြောင်းကို ဂရုပြုပါ။ လာမည့်ကျမ်းပိုဒ်တွင် ဆက်လက်ရှင်းပြထားပါသည်။ ခရစ်တော်ကိုယ်တိုင်သည် ရန်ငြိမ်းခြင်းဟုဆိုသည်။ လူက မည်ကဲ့သို့ ရန်ငြိမ်းခြင်း ဖြစ်နိုင်သနည်း။

တယူသန်ယုဒလူသည် ယုံကြည်သူဖြစ်လာသောအခါ ယုဒလူမျိုးဟူသော အစွဲအလန်းပျောက်သွားပါသည်။ ခရစ်တော်၌ သတ္တဝါသစ်ဖြစ်သွားသည်။ ထိုကဲ့သို့ပင် မယုံကြည်သူတပါးအမျိုးသားများသည်လည်း အသက်တာပြောင်းလဲ လာသောအခါ ခရစ်တော်၌ အသစ်ဖန်တီးသော သတ္တဝါဖြစ်လာသည်။ တနည်းအားဖြင့် ခရစ်တော်၌ ရှိနေသူများသည် ဘဝတူ၊ ကံတူ နာမ်စပ်များဖြစ်ကြသည်။ ခရစ်တော်၌ သွေးစည်းခိုင်မာလျှက် တလုံးတဝတည်းဖြစ်သွားကြသည်။ ထို့ကြောင့် ထိုလူသားတော်သည် မိ ၅:၅တွင် ဗျာဒိတ်တော်ပေးခဲ့သည့်အတိုင်း ရန်ငြိမ်းခြင်းဖြစ်သည်။

ရန်ငြိမ်းခြင်းအမှုတော်အကြောင်းကို ၁၄-၁၈တွင် အသေးစိတ်ရှင်းပြထားပါသည်။

ပထမဦးစွာ နှစ်ခုကိုတစ်ခုအဖြစ်သို့ လုပ်ဆောင်သည်။ ယုဒလူမျိုးများနှင့် တပါးသောလူမျိုးကို လူမျိုးတစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သည်။ ခရစ်ယာန်ယုံကြည်ခြင်း၌ ယုဒလူမျိုး၊ တပါးအမျိုးသားဟူ၍ မရှိပါ။ ယုဒယုံကြည်သူ၊ တပါးအမျိုးသားယုံကြည်သူဟူ၍လည်း ပြောစရာအကြောင်းမရှိ။ လူမျိုးရေးနှင့် ဇာတိအစဉ်အလာများကို ကားတိုင်ပေါ်၌ သံမှိုနှက်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် လူမျိုးနှစ်မျိုးအကြား စည်းခြားထားသော မဟာအုတ်တံတိုင်းကြီးကို ဖြိုလှဲပစ်သည်။ ဣသရေလူမျိုးအား စည်းဝိုင်းထားသော မောရှေ၏ပညတ်တရား သံဆူးကြိုးများကို ဖြတ်တောက်ဖယ်ရှားခြင်းဖြစ်သည်။တရားစရပ်များတွင် ယုဒလူမျိုးသာတရားနာခြင်း အကျင့်ဓလေ့ကို ဆိုလိုသည်။ ”သန့်ရှင်းသောနေရာအဖြစ် သတ်မှတ်ထားသောနေရာကို အုတ်တံတိုင်း၊ သံဆူးကြိုးဖြင့် ကာရံထားသည်။ ထိုနေရာသို့ ကျူးကျော်ဝင်ရောက်သူသည် သေဒဏ်စီရင်ခြင်းခံရသည်။”

:၁၅ တတိယမှာ ယုဒလူမျိုးနှင့် တပါးအမျိုးသားအကြား အုတ်တံတိုင်းကို ဖြိုဖျက်သကဲ့သို့ ဘုရားသခင်နှင့် လူအကြားရန်ငြိုးကို ပယ်ဖျက်ခြင်းဖြစ်သည်။ ပေါလုက ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောပညတ်တရားတည်းဟူသော ရန်ငြိုးဟုဆိုသည်။ မောရှေစီရင်ထုံးသည် တစ်ခုတည်းသော ဝိနည်းထုံးနည်းနာဖြစ်၍ လူနှင့်မပတ်သက်လျှင်မူ စင်ကြယ် သည်။ ရော ၇:၁၂ တွင် ”တရားတော်သည် သန့်ရှင်း၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏” ဟုဆိုထားသည်။ သို့သော် လူ့ဇာတိအပြစ်သားများသည် ထိုပညတ်တရားကို တလွဲတချော်သုံးပြီး အမုန်းတရား ဖြစ်စေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က ဣသရေလလူမျိုးကို လူမျိုးတော်အဖြစ် ရွေးချယ်ခြင်းသည် ပညတ်တရားဖြစ်သည်။ သို့သော်လည်း ဣသရေလလူမျိုးက ထိုသို့ရွေးချယ်ခြင်းတရားကို စင်ကြယ်စွာမစောင့်ထိန်းဘဲ တပါးအမျိုးသားများအား မထီမဲ့မြင်ပြုရာ လက်နက်အဖြစ် အလွဲသုံးစားကြသည်။ တပါးအမျိုးသားများသည် ယုံကြည်သူ ခရစ်ယာန်ဖြစ်လာသောအခါ ရန်ငြိုးရန်ဖွဲ့များ ပြေလည်သွားပါသည်။ မည်ကဲ့သို့ ရန်ငြိုး ကြေသွားသနည်း။ ပထမဦးဆုံး အချက်မှာ ခရစ်တော်ကိုယ်တိုင်သည် ပညတ်တရားချိုးဖောက်မှုအတွက် အသေခံတော်မူခဲ့သည်။ ဘုရားသခင် လက်သင့်ခံ သော ဖြောင့်မတ်ခြင်း ပြည့်စုံစေခဲ့သည်။ ပညတ်တရားချိုးဖောက်မှုလျော်ကြေးခရစ်တော်က ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် ခရစ်တော်ထဲတွင်ရှိနေသူများကို ပညတ်တရားက ဘာမှမလုပ်နိုင်တော့ပါ။ ယုံကြည်သူများသည် ပညတ်တရားအောက်မှာ ရှိသူများမဟုတ်။ ကျေးဇူးတော်ထဲမှာ ကြီးပြင်းနေထိုင်သူများဖြစ်သည်။ သို့သော် ကိုယ်ထင်ရာလုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုလိုခြင်း မဟုတ်။ ခရစ်တော်၌ ဖွဲ့နှောင်ရသည်။ ခရစ်တော်၏ပညတ်တရားကို နာခံရသည်။

ထိုခရစ်တော်၏ ပညတ်တရားသည် အသစ်သောဖန်ဆင်းခြင်းဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က နှစ်ခုကတစ်ခုသို့ ဖန်ဆင်းထားသည်။ ယုဒနှင့်တပါးအမျိုးသားယုံကြည်သူများကို အသင်းတော်ထဲ၌ လူသစ်အဖြစ်သို့ ဖန်ဆင်းသည်။ ထိုသို့ ဘဝတူဖြစ်သောကြောင့် မိဿဟာယအသစ် ရှိကြသည်။ အသင်းတော်သည် ယခင်ကမရှိစဘူးသော အသစ်ဖြစ်သည်။ ဤအချက်ကို နားလည်သဘောပေါက်ဖို့ အရေးကြီးသည်။ ဓမ္မသစ်ကျမ်းရှိ အသင်းတော်သည် ဓမ္မဟောင်းမှာ ဣသရေလ လူမျိုးအား အသစ်ဖန်ဆင်းခြင်းမဟုတ်ပါ။ ထူးခြားသောဝိသေသလက္ခဏာရှိသည် လေ့လာကြည့်ကြပါစို့။

၁။        တပါးအမျိုးသားများသည်လည်း ယုဒလူမျိုးများနှင့် တန်းတူရည်တူ အခွင့်အရေးအသစ် ရရှိကြသည်။

၂။         ယုဒလူမျိုးနှင့် တပါးအမျိုးသားနှစ်ရပ်စလုံး လူမျိုးရေးလက္ခဏာပပျောက်ပြီး ခရစ်ယာန်ယုံကြည်ခြင်း၌ အသစ်                         ဖြစ်ကြသည်။

၃။        ယုဒလူမျိုးနှင့် တပါးအမျိုးသားနှစ်ရပ်စလုံး ခရစ်တော်၏ခန္ဓာကိုယ်၌ မိဿဟာယအဝင် အသစ် ဖြစ်ကြသည်။

၄။        ယုဒများသည် ယုဒနိုင်ငံအစား ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်ခြင်းအသစ်ရှိကြသည်။

၅။        ယုဒများသည် ပညတ်တရားအောက်မှာ မနေကြတော့ဘဲ၊ အသစ်သောသတ္တဝါ ဖြစ်ကြသည်။

အသင်းတော်သည် ဓမ္မဟောင်းကျမ်းထဲမှ ပြုပြင်မွမ်းမံခြင်းမဟုတ်။ အလိုတော်နှင့်အညီပေါ်ထွန်းလာသော အသစ်စက်စက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏အကြံအစည်တော်သည် ထိုအသင်းတော်တွင် အဆုံးမသတ်ပါ။ ယုဒလူမျိုးနှင့် တပါးအမျိုးသားများ ရန်ငြိုးကိုငြိမ်းစေပါသည်။ အသစ်သောပတ်ဝန်းကျင်တွင် အသစ်သောသတ္တဝါအဖြစ် ဖန်ဆင်းထားပါသည်။ လက်ဝါးကပ်တိုင်က လူမျိုးရေးခွဲခြားမှု၊ အဆင့်အတန်းခွဲခြားမှု၊ တယူသန်ခြင်း၊ အတားအဆီးဟူသမျှ ကို ဖျက်သိမ်းပေးပါသည်။

:၁၆ ခရစ်တော်ကယုဒလူမျိုးနှင့် တပါးအမျိုးသားတို့ကို ဘုရားသခင်ထံ၌ ငြိမ်းချမ်းစေ့စပ်ပေးပါသည်။ တချိန်က လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား အထင်အမြင်တိမ်းစောင်းမှုများကို ပယ်ဖျက်ပြီး၊ တလုံးတဝတည်းဖြစ်လာကြသည်။ ထိုသို့ စိမ်းကားခဲ့ကြခြင်းမှာ အပြစ်တရားဖြစ်သည်။ ကားတိုင်ပေါ်တွင် ခရစ်တော်အသေခံခြင်းဖြင့် ထိုရန်ငြိုးချုပ်ငြိမ်းသွားသည်။ ထိုခရစ်တော်၏ လက်ခံယုံကြည်သူတိုင်းသည် ဖြောင့်မတ်ခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း၊ ရွေးနှုတ်ခြင်း၊ အပြစ်ချမ်းသာခွင့်ရခြင်း၊ အပြစ်တန်ခိုးမှ ကယ်ထုတ်ခြင်း ရရှိကြပါသည်။ ရန်ငြိုးရန်ဖွဲ့ ကုန်ဆုံးဝေးလွင့်ပြီး ဘုရားသခင်ထံတော်၌ စေ့စပ်ငြိမ်းချမ်းရေး ရကြသည်။ ထိုလူမျိုးနှစ်မျိုးစလုံးအား ခရစ်တော်က တစ်ခုတည်းသောခန္ဓာကိုယ်အဖြစ် ယူငင်ပါသည်။ ခရစ်တော်၏ ခန္ဓာကိုယ်တည်းဟူသော အသင်းတော်ထဲတွင် တလုံးတဝတည်း ပါဝင်ကြသည်။

ဘုရားသခင်က စေ့စပ်ငြိမ်းချမ်းရေးလုပ်လိုခြင်းမဟုတ်ပါ။ လူသားများအားမလုပ်၍မဖြစ်သောကြောင့် လုပ်ခြင်း ဖြစ်သည်။ သခင်ခရစ်တော်၏ ကားတိုင်အမှုတော်သည် လူသားများအား ဖြောင့်မတ်စေပြီး မိတ်ဆွေဖွဲ့ပါသည်။ ရန်သူမဖြစ် စေပါ။

:၁၇ အပိုဒ်ငယ် ၁၄ တွင် ခရစ်တော်သည် ငြိမ်သက်ခြင်းဖြစ်၍ အပိုဒ်ငယ် ၁၅ တွင် ရန်ငြိမ်းခြင်းလုပ်ဆောင်ပုံကို ရှင်းပြထားသည်။ ဤကျမ်းပိုဒ်တွင် ငြိမ်းချမ်းရေးတရားဟောကြားပုံကို ရှင်းပြထားသည်။ မည်သည့်အချိန်တွင် မည်ကဲ့သို့ ရောက်လာပါသနည်း။ ပထမဦးစွာ ရှင်ပြန်ထမြောက်ခြင်းဖြင့် ရောက်လာသည်။ ဒုတိယအချက်အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ရောက်လာသည်။ ရှင်ပြန်ထမြောက်ခြင်းဖြင့် ငြိမ်းချမ်းရေးတရား ဟောကြားသည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသော စကားလုံးသည် ငြိမ်းချမ်းရေး(သို့)ရန်ငြိမ်းခြင်း ပထမဦးဆုံး စကားလုံးဖြစ်သည် (လု ၂၄:၃၆၊ ယော ၂၀:၁၉၊ ၂၁၊၂၆)။ ထို့နောက် တမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် တန်ခိုးပေး၍ ရွှေပြည်အေးတရား ဟောကြားစေသည် (တ ၁၀:၃၆)။ ထို ဧဝံဂေလိငြိမ်းချမ်းရေးတရားသည် နီးလျှက်ရှိသော(ယုဒ)သူတို့အား၎င်း၊ ဝေးလျှက်ရှိသော(တပါးအမျိုးသား)သူတို့အား၎င်း ဟောတော်မူ၏။ (ဟေရှာ ၅၇:၁၉)မှ ပရောဖက်ပြုချက်သည် မှန်ကန်ပြည့်စုံလာပေသည်။

:၁၈ ထိုသို့စေ့စပ်ငြိမ်းချမ်းရေးရသောကြောင့် ဘုရားရှင်၏ခန္ဓာကိုယ်၌ အတူတကွပါဝင်ခွင့်ရကြသည်။ ဓမ္မဟောင်းကျမ်း ယဇ်ပုရောဟိတ်ဆရာကြီး၊ အသန့်ရှင်းဆုံးနေရာ တဲတော်ထဲသို့ဝင်ရောက်ခြင်းနှင့်တူသည်။ ထိုစဉ်က ယဇ်ပုရောဟိတ်ဆရာကြီးသည် တစ်နှစ်မှတစ်ခါသာလျှင် ဝင်ရောက်ခွင့်ရှိသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ Eadie  က ဤသို့ ရှင်းပြသည်။

ယခုမူတွင်ကား ယုဒအမျိုးသားမဟုတ်၊ တပါးအမျိုးသားလည်း ဝိညာဉ်ရေးရာအခွင့်ထူးရရှိကြသည်။ လူမျိုးတကာကမှ မျိုးနွယ်စုတစ်ခု၊ ထိုမျိုးနွယ်စုထဲမှ တစ်ဦးသာလျှင် တစ်နှစ်တွင်တကြိမ်သာ ဝင်ရောက်ခွင့်ရသည်။ အချိန်ပိုင်းအားဖြင့်သာ ဝင်ရောက်ခွင့်ရခဲ့သည်။၁၄

            ယခုမူကား ယုံကြည်သူတိုင်း ဘုရားသခင်ရှေ့တော်သို့ ဝင်ရောက်ဒူးထောက် ဆုတောင်းခွင့်ရသည်။ စကြာဝဋာမိုးမြေ အရှင်ကိုလည်း အဘဘုရားသခင် ဟုခေါ်ခွင့်ရကြသည်။

ဤနေရာတွင် ဆုတောင်းခွင့်ဆိုရာ၌ ယေရှုခရစ်နာမတော်အားဖြင့်သာ ဆုတောင်းရသည်။ ခရစ်တော်တပါးတည်း သာလျှင် ဘုရားသခင်နှင့်လူအကြား စေ့စပ်ငြိမ်းချမ်းပေးသူရှိသည်။ အသေခံတော်မူခြင်း၊ သင်္ဂြိုဟ်ခံခြင်း၊ ရှင်ပြန်ထမြောက် ခြင်းဖြင့် ဘုရားရှင်နှင့် နီးစပ်ခွင့်အဟန့်အတားများကို ဖယ်ရှားပစ်သည်။ ယခုတွင် ထိုအရှင်သခင်သည် ခမည်းတော်နှင့်အတူ ကောင်းကင်နိုင်ငံတွင်စိုးစံ၍ ယုံကြည်သူများအတွက် နေရာထိုင်ခင်းပြင်ဆင်နေသည်။ ထိုသူ၏နာမတော်ကိုသုံး၍ ဘုရားရှင်နှင့် မိဿဟာယဖွဲ့ရသည်။ ယုံကြည်သူများသည် မိမိတို့အရည်အချင်းဖြင့် ဘုရားသခင်ကို ဖူးမျှော်ခွင့်ရသူများ မဟုတ်။ ယခု ခရစ်တော်၌တည်သော လူမျိုးနှစ်ပါးစလုံးသည် ပါဝင်ဆက်ဆံခွင့်ရကြပြီ။ ထိုသို့ ပါဝင်ဆက်ဆံခွင့်ရရန် သန့်ရှင်းသောဝိညာဉ်တော်ကလည်း အမြဲတမ်းဆုတောင်းကူညီသည်။ ဝိညာဉ်တော်သည် အားနည်းချက်များကို ကူညီ ဖြည့်ဆည်းသူဖြစ်သည်။ ဆုတောင်းရကောင်းမှန်းမသိ၊ ဆုမတောင်းနိုင်သည့်အချိန်များတွင်လည်း သန့်ရှင်းသောဝိညာဉ်တော် က ကိုယ်စားဆုတောင်းပေးသည် (ရော ၈:၂၆)။

အဘခမည်းတော်ဟု ခေါ်ယူခွင့်ရကြပြီ။ ဓမ္မဟောင်းသန့်ရှင်းသူများသည် ထိုအခွင့်အရေးကို မရလိုက်ကြရှာ။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း မရှိမီကာလတွင်လူသည် ဘုရားသခင်ရှေ့တော်၌ သတ္တဝါတစ်ခုသာဖြစ်သည်။ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီးသောအခါတွင်မူ ”ငါ့ညီတို့ရှိရာသို့သွား၍ ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည့်အကြောင်းကြား ပြောကြ လော့” (ယော ၂၀:၁၇) ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်၏ ရွေးနှုတ်ခြင်းအမှုတော်နှင့်အညီ ယုံကြည်သူများသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခွင့်ရကြသည်။ ဤအပိုဒ်ငယ် ၁၈ တွင် သုံးပါးတဆူဖြစ်တော်မူပုံကို ရှင်းပြထား သည်။ ယေရှုခရစ်တော်နာမတော်အားဖြင့် ဘုရားသခင်ထံ ဆုတောင်းရသည်။ ထိုသို့ဆုတောင်းရန် သန့်ရှင်းသော ဝိညာဉ်တော်က တန်ခိုးအစွမ်းပေးသည်။

:၁၉ နောက်ဆုံးအခန်းငယ်(၄)ခုမှာ တပါးအမျိုးသားယုံကြည်သူများ၏ အခွင့်ထူးအခွင့်သစ်များဖြစ်သည်။ သို့ကြောင့် တကျွန်းတနိုင်ငံသား၊ ဧည့်သည်များမဟုတ်တော့ပါ။ သူစိမ်းသရံ၊ ခွေး၊ အရေဖျားမလှီးသူများ၊ ကလေကချေ များဟု အပြောခံစရာမရှိတော့ပါ။ ဓမ္မသစ်ကာလတလျှောက်လုံးတွင် သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်ကြရပြီ။ ယုဒ ယုံကြည်သူဖခင်ကြီးများ၏ အရိပ်ဩဇာလွှမ်းမိုးမှု မခံရတော့ပါ။ ခရစ်ယာန်အားလုံးသည် ကောင်းကင်နိုင်ငံ၏ နိုင်ငံတော် သားများဖြစ်ကြပါသည် (ဖိ ၃:၂ဝ၊ ၂၁)။ ဘုရားသခင်၏ အိမ်တော်မိသားစုဝင်များ ဖြစ်ကြပါသည်။ ကောင်းကင်နိုင်ငံသား များ ဖြစ်ခွင့်ရသည်သာမက အိမ်တော်မိသားစုဝင်ခွင့်ရကြသည်။

:၂ဝ ထို့အပြင် အသင်းတော်တွင် ပါဝင်ဖွဲ့စည်းသူများလည်းဖြစ်သည်။ ဗိမာန်တော်တည်ဆောက်ရာ၌ ကျောက်များ ဖြစ်သည်။ အဆောက်အဦးဆောက်ရာတွင် တိုက်မြစ်ချရသည်။ ထိုတိုက်မြစ်ပေါ်တွင် ကျောက်များဆင့်၍ တည်ရသည်။

ဗိမာန်တော်၏အုတ်မြစ်သည် တမန်တော်များနှင့် ပရောဖက်များဖြစ်သည်။ တမန်တော်နှင့် ပရောဖက်များဆို သည်မှာ ဓမ္မသစ်ကာလကို ဆိုလိုသည်။ ဓမ္မဟောင်းကာလ မပါဝင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်ကာလတွင် အသင်းတော်ဟူသော စကားမကြားဘူးကြပါ။ သို့သော် ထိုတမန်တော်များနှင့် ပရောဖက်များသည် အသင်းတော်၏ အုတ်မြစ်ပန္နက်များဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ အသင်းတော်၏ တိုက်မြစ်သည် ခရစ်တော်ဖြစ်သည် (၁ကော ၃:၁၁)။ ထို ခရစ်တော်တိုက်ဒေါင့်မြင့်ပေါ်တွင် တမန်တော်နှင့် ပရောဖက်များက တိုက်မြစ်ထပ်ဆင့်တင်ခြင်းဖြစ်သည်။ ခရစ်တော် ကိုယ်တိုင်က တမန်တော်များနှင့် ပရောဖက်များ သွန်သင်ဟောကြားခြင်းဖြင့် အသင်းတော်အုတ်မြစ်တည်ခြင်းဖြစ်သောကြောင့် တိုက်မြစ် အရင်းအမြစ်သည် ခရစ်တော်ဖြစ်သည်။ ပေတရုက ယေရှုခရစ်တော်အား အသက်ရှင်သောဘုရား၏ သားတော်အဖြစ် သိမှတ်ခံယူစဉ်တွင် ယေရှုက အသင်းတော်ကို ကျောက်ပေါ်မှာတည်မည်။ ဘုရားသားတော် ဘိသိက်ပေးခြင်းခံရသူအ ပေါ်မှာတည်မည်ဟု ဆိုထားသည် (မ ၁၆:၁၈)။ ဗျာ ၂၁:၁၄ တွင် တမန်တော်များသည် သန့်ရှင်းသော ယေရုရှလင်မြို့ရိုးကို (၁၂)ခုအဖြစ်တင်စားထားသည်။ တမန်တော်များသည် မြို့ရိုးများ မဟုတ်သော်လည်း ဆက်စပ်ပက်သက်သည်။ အဘယ့် ကြောင့်ဆိုသော် အသင်းတော်ပေါ်ထွန်းရေးတွင် လက်ဦးဟောကြား သွန်သင်သူများဖြစ်သည်။ အဆောက်အဦး ဆောက်လုပ် ရာတွင် တိုက်မြစ် တစ်ကြိမ်သာ တည်ရသည်။ တမန်တော်များနှင့်ပရောဖက်များသည် ထိုတိုက်မြစ်ချရာတွင် ပါဝင်သူများ ဖြစ်သည်။ ထိုသူများတိုက်မြစ်ချသည့်အကြောင်းကိုဓမ္မသစ်ကျမ်းတွင် မှတ်တမ်းတင်ထားသည်။ မဝေးတော့သော အနာ ဂတ်ကာလမှာ ယုံကြည်သများနှင့်အတူ ရှိကြဦးမည်။ ဒုတိယအချက်အားဖြင့် ခေတ်ကာလတိုင်းတွင် သမိုင်းခြေရာ ကျန်ရှိနေသည်။ သာသနာပြုခြင်းနှင့်အသင်းတော်ထူထောင်သူများသည် တမန်တော်များဖြစ်သည်။

ယေရှုခရစ်တော်သည် ဗိမာန်၏အုတ်မြစ်ကျောက်မျှသာမဟုတ်ပါ။ အုတ်မြစ်တိုက်ထောင့်ချုပ် ဖြစ်သည်။ ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသောအမှုတော်ကို မည်သူမျှပုံဖော်နိုင်မည်မဟုတ်။ အုတ်မြစ် တိုက်ထောင့်ချုပ် အကြောင်းကို(၃) မျိုးဖြင့် ရှင်းပြပါမည်။ သခင်ယေရှုတော်သည် တစ်ခုတည်းသောအချုပ်၊ အသင်းတော် ၏ အချက်အချာ ဖြစ်သည်။

၁။        သာမန်အားဖြင့်အုတ်မြစ်သည် အဆောက်အဦးအောက်ခြေတွင်ရှိသည်ဟုသာ နားလည်ကြသည်။ အဆောက်အဦး တစ်ခုလုံးသည် ထိုအုတ်မြစ်ပန္နပေါ်တွင်တည်သည်။ အဆောက်အဦးတစ်ခုလုံး၏ အရေးပါ အရာရောက်သော အခြေခံဖြစ်သည်။ ထိုသဘောတရားအတိုင်း သခင်ခရစ်တော်သည် အသင်းတော်၏ အခြေခံမဏ္ဍိုင် ဖြစ်သည်။ ထိုပန္နအုတ်မြစ်တွင် နံရံ နှစ်ဖကဆုံစည်းရသည်။ ထိုကဲ့သို့ပင် ယေရှုအပေါ်၌တည်သော အသင်းတော်သို့ ယုဒလူမျိုးနှင့်တ                      ပါးအမျိုးသား ဆုံစည်းကြရသည်။

၂။         အချို့သောကျမ်းပညာရှင်များက အုတ်မြစ်တိုင်ထောင့်ချုပ်ကို အဆောက်အဦး၏ သော့ချက်ကျောက်မြစ်ဟု ခေါ်ဆိုကြသည်။ ထိုကျောက်မြစ်က အဆောက်အဦးတစ်ခုလုံးကို ထမ်းထားသည်။ ခရစ်တော်သည်လည်း ထိုကျောက်မြစ်ကဲ့သို့ပင် အသင်းတော်ကို ထမ်းထားသည်။ အကယ်၍ ထိုတိုက်မြစ်ရွေ့လျားသွားလျှင် အပေါ်မှာ ရှိရှိသမျှသည် ပြိုလဲကုန်မည်။

၃။        တတိယရှင်းပြချက်မှာ ပိရမစ်ကျောက်ထိပ်ဖြစ်သည်။ ထိုကျောက်သည်ပိရမစ်၏        အမြင့်ဆုံး ထိပ်သည်းတွင် တင်ထားရသည်။ ထိုကျောက်သည်အခြားကျောက်များနှင့် ပုံစံအရွယ်အစားမတူညီပါ။ အနား၊ ဒေါင့်များသည် ပိရမစ်ပုံစံအတိုင်း ဖြစ်သည်။ ထိုကျောက်ကဲ့သို့ပင် ခရစ်တော်သည်လည်း အသင်းတော်၏ ကျောက်ဖြစ်သည်။ ကိုယ်တော် ကိုယ်ရည်ကိုသွေးနှင့် အမှုတော်သည် တမူ ထူးခြားသည်။ အသင်းတော်တွင် ထူးခြားလေးနက်သည်။ ပထမဦးဆုံး အချက်မှာ တိုက်မြစ် ဖြစ်သည်။

          :၂၁ ထိုတိုက်ထောင့်ဆိုသည်မှာ ခရစ်တော်ကိုဆိုလိုသည်။ ခရစ်တော်သည် အသင်းတော်၏ အရင်းအမြစ် အသက်နှင့် ကြီးထွားရင့်ကျက်မှုဖြစ်သည်။ ထိုအကြောင်းကို Blaikie  က ဤသို့ဆိုသည်။

ထိုတိုက်ထောင့်ပေါ်တွင်ထပ်ဆင့်တည်ကြသည်(ထပ်တင်ကြသည်) အဆောက်အဦးပေါ်မှာ မှီတင်း နေထိုင်ကြသည်။ အကယ်၍ ထိုတိုက်ထောင့်ကျောက်သာ စကားပြောတတ်မည်ဆိုလျှင် ”သင်တို့ကို ငါကျေးဇူးပြုပါသည်၊ ကျေးဇူးပြုပါသည်” ဟုဆိုပေမည်။၁၅

            ဗိမာန်တော်၏ လှပတင့်တယ်ခြင်း၊ စည်းဝါးကိုက်ညီခြင်းသည် အဆောက်အဦးတစ်ခုလုံးအား ပုံစံစနစ်တကျ တည်ဆောက်ခြင်းကို ဖော်ဆောင်သည်။ အဆောက်အဦးဆောက်လုပ်ရာတွင် ပစ္စည်းမျိုးစုံ၊ အရွယ်အစားအဖုံဖုံဖြင့် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျနေရာချထားခြင်းဖြစ်သည်။ ကျောက်ကို ချိုင့်ဝှမ်းထဲမှ တူးယူပြီး အဆောက်အဦးတွင် စနစ်တကျဆောက်လုပ်ရသည်။ ထိုကဲ့သို့ပင် အမှုတော်၌ အုတ်မြစ်ကျောက်သည် သေခြင်းချိုင့်ဝှမ်းထဲမှ ထွက်လာပြီး၊ ကျေးဇူးတော်အားဖြင့် နေရာမှန်သို့ရောက်ရှိသည်။ သဘောအားဖြင့် တူညီသော်လည်း ဆင့်ကဲဆင့်ကဲကြီးထွားပုံခြင်း တူညီသည်မဟုတ်။ အဆောက်အဦးသည် အုတ်ခဲ၊ ဘိလပ်မြေများဖြင့် အဆင့်ဆင့်တည်ဆောက်ခြင်းဖြစ်သည်။လူ့ကိုယ်ခန္ဓာကိုယ်၏ ကြီးထွားမှုနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ပါ။ သို့သော် အသင်းတော်သည် ရုပ်ဝတ္ထုပစ္စည်းများဖြင့် တည်ဆောက်သည်မဟုတ်။ စုပေါင်းဆက်စပ် ဖွဲ့စည်းခြင်းလည်းမဟုတ်။ အသက်ရှင်သောခရစ်တော်ကို ဦးခေါင်းအဖြစ်၎င်း၊ ယုံကြည်သူများကို ခန္ဓာကိုယ်အဖြစ်၎င်း ဖွဲ့စည်းခြင်းဖြစ်သည်။ ပင်တေကုတ္တေနေ့တွင် သန္ဓေတည်၍ ချီဆောင်ခြင်းနေ့ရက် တိုင်အောင် ကြီးပြင်းနေမည်။

ထိုသို့သက်ရှိအရာများဖြင့် ကြီးထွားနေသောအသင်းတော်ကို သခင်ဘုရားအလို့ငှာ သန့်ရှင်းသောဗိမာန်တော် ဟုခေါ်သည်။ ဗိမာန်တော်ဆိုသည်မှာ အပြင်ပန်းဖြင့်မြင်သာသော အဆောက်အဦးကို ဆိုလိုသည်မဟုတ်။ အတွင်းအဇ္ဇျတ္တ(ဂရိ  naos) သန့်ရှင်းစင်ကြယ်ခြင်းကို ဆိုလိုသည်။ ဗိမာန်တော်ထဲမှ အသန့်ရှင်းဆုံးသောနေရာကို ရည်ညွှန်းသည်။ ဘုရားသခင် ကိုယ်တော်တိုင် ကိန်းဝပ်၍ တိမ်တောင်တိမ်လိပ်များသဖွယ် ဘုန်းတန်ခိုးတောက်ပသည့် နေရာဖြစ်သည်။

ဤကျမ်းပိုဒ်တွင် သင်ခန်းစာများစွာရှိပါသည်။ (၁) အသင်းတော်တွင် ဘုရားသခင်ကိန်းဝပ်သည်။ ယုဒနှင့်တပါး အမျိုးသား ကယ်တင်ခြင်းရရှိသူများသည် ဘုရားသခင်၏ဘုန်းတန်ခိုးကြီးမားပုံကို ဖူးမျှော်မြင်တွေ့ကြရသည်။ (၂) ဗိမာန် တော်သည် စင်ကြယ်သည်။ (၃) စင်ကြယ်သောဗိမာန်တော် သည် သခင်ယေရှုဖြင့် ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ရာ၊ ဝတ်ပြုပူဇော်ရာဋ္ဌာနတော်ဖြစ်သည်။

ကျမ်းစာက ဗိမာန်တော်သည် သခင်ဘုရားအလို့ငှာ သန့်ရှင်းသော ဗိမာန်တော်ဟုဆိုသည်။ တနည်းအားဖြင့် သခင်ယေရှုသည် စင်ကြယ်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ အသင်းဝင် ယုံကြည်သူများသည်လည်း ထိုခရစ်တော်၌ ပေါင်းဖက်ကြသဖြင့် စင်ကြယ်သောချစ်ခြင်းမေတ္တာ၌ ကြီးရင့်ကြသည်။

:၂၂ ဗိမာန်တော်တွင် ယုံကြည်သူတပါးအမျိုးသားများသည် ယုံကြည်သူယုဒများနှင့် တန်းတူရည်တူ အရည်အချင်း တူကြသည်။ ဧဖက်သားများအပါအဝင် အခြားသူများလည်း ထိုသို့ တန်းတူရည်တူဖြစ်ခြင်းကို ကြားသိသောအခါ ရင်သပ်ရှုမောကြပေမည်။ ဗိမာန်တော်သည် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ကျိန်းဝပ်ရာနေရာဖြစ်သည်။ ထို့ကြောင့် ဗိမာန်တော်၏ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် ယုံကြည်သူများ မိဿဟာယဖွဲ့ရာနေရာဖြစ်သည်။ အသင်းတော်သည် သန့်ရှင်းရာ မိဿဟာယပြုရာနေရာဖြစ်သည်။ ဓမ္မဟောင်းကာလ တပါးအမျိုးသားများအနေအထားနှင့် နှိုင်းယှဉ်ကြည့်ပါ။ ထိုအချိန်တွင် ဗိမာန်တော်နားသို့ သီခွင့်မရကြ။ ယခုမှာမူ ကိုယ်တိုင်ကိုယ်ကျ ဘုရားရှင်နှင့် မိဿဟာယဖွဲ့ခွင့်ရကြပြီ။

အသင်းတော်၏ဦးခေါင်းနှင့် အသင်းတော်ဆက်စပ်ပုံကို မှတ်သားပါ။ (၁) ခရစ်တော်ထံသို့ဆိုခြင်းမှာ ခရစ်တော်နှင့် အတူတကွ ဗိမာန်တော်တည်ဆောက်နေကြခြင်းဖြစ်သည်။ (၂) ဘုရားသခင် ကျိန်းဝပ်ရာ ဋ္ဌာနတော်ဆိုသည်မှာ လောကမြေပေါ်ရှိဘုရားသခင်၏ စံပါယ်ရာနေရာဖြစ်သည်။ (၃) ဝိညာဉ်တော်အားဖြင့် ဆိုသည်မှာ အသင်းတော်သည် ဘုရားသခင်ကိန်းဝပ်ရာဖြစ်သည် (၁ကော ၃:၁၆)

ဤအခန်းအစတွင် တပါးအမျိုးသားများ၏ ဘုရားတရားမသိဘဲ၊ ညစ်ညမ်းယုတ်ပတ်မှု၊ အပြစ်နွံထဲတွင် အသေ ကောင်ဖြစ်မှု၊ ဆိုးညစ်မှုနှင့် မနာခံမှုများကို ရှင်းပြသည်။ ထိုညစ်ညမ်းသော တပါးအမျိုးသားများသည် အသွင်သဏ္ဍာန် ပြောင်းလဲ၍ ဝိညာဉ်တော်ဖြင့် ဘုရားသခင်ကိန်းဝပ်ရာသို့ ဝင်ရောက်ဆက်ဆံခွင့် ရကြပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။