ဒေသနာကျမ်း - ၈

ရှင်ဘုရင်၏အမိန့်ကိုနာခံလော့
1အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည်သနည်း။ ပညာသည် ပညာရှိသောသူ၏မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏မျက်နှာသည် အထူးသဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။ 2ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကိုထောက်၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။ 3သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။ 4ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူ ဆိုရာသနည်း။ 5အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကိုလည်းကောင်း၊ စီရင်ရသောအခွင့်ကိုလည်းကောင်း သိမြင်တတ်၏။ 6လူကြံစည်သမျှအဖို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။ 7နောက်ဖြစ်လတ္တံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတ္တံ့သည်ကို တစ်စုံတစ်ယောက်မျှ မပြောနိုင်ရာ။
8နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
9ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်လည်းရှိ၏။
အဓမ္မလူနှင့်ဖြောင့်မတ်သူ
10ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 11အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။ 12အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ 13အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။
14မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှုတစ်ပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟု ငါ့သဘောရှိ၏။ 15ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ 16လူအချို့တို့သည် တစ်နေ့နှင့် တစ်ညလုံးမအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှာလည်းကောင်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ 17ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။

ဒေသနာကျမ်း - ၈ (အနက်ဖွင့်)

(ခ)နေရောင်ခြည်အောက်ကဉာဏ်ပညာ (အခန်း၈)

၈:၁ လူ၏အသိဉာဏ်ပညာသည်နိမ့်ကျသော်လည်းလူ့ပြဿနာကိုဖြေ ရှင်းနိုင်သည်။ အခြားသူများထက်ဉာဏ်ပညာရှိသည်ဟုရှောလမုန်ခံယူသည်။ လျှို့ဝှက်ထားသောဉာဏ်ပညာများကိုမည်သူရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသနည်း။ ဉာဏ်ပညာသည်မျက်နှာသာရစေသည်။ ပညာရဲရင့်ပွဲလယ်တင့်သည်ဟုဒေသနာဆရာကသတ္တိသွေးပေးထားသည်။ မျက်နှာရသည်။ အခြားပညာရှိသူများ၏မျက်နှာအားချိုသာစေသည်။

၈:၂ ဘုရင်ရှေ့ တော်မှောက်တွင်မည်ကဲ့သို့ပြုမူရမည်ကိုဉာဏ်ပညာက  သင်ပေးသည်။ဘုရားသခင်ရှေ့တွင်ဖြစ်စေ၊လောကမင်းများရှေ့တွင်ဖြစ်စေမျက်နှာရသည်။ ပထမဦးစွာနာခံခြင်းသည်အရေးကြီးဆုံးဖြစ်သည်။ ဟေဗြဲကျမ်းပိုဒ်ဒုတိယပိုင်းကိုဤသို့အမျိုးမျိုးအနက်ဖွင့်ကြသည်။

– ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဟုသဘောထားသည်။(KJV)

– အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဖြစ်သည်။(NASB)

– ဘုရားသခင်ရှေ့၌သစ္စာပြုခြင်းဖြစ်သည်။(NKJV)

ဤကျမ်းပိုဒ်တွင်ပါရှိသောကျမ်းသစ္စာပြုခြင်းဆိုသည်မှာနိုင်ငံတော် အစိုးရထံသို့၎င်း၊ဘုရားသခင်ထံသို့၎င်းအမိန့်တော်များကိုနာခံမည့်အကြောင်းကတိပြုခြင်းဖြစ်သည်။ (ဥပမာဆာ-၈၉:၃၅ကိုကြည့်)။

၈:၃ အပိုင်းငယ် ၃ သည်လည်းအဓိပ္ပာယ်မြှုပ်ထားပြန်သည်။ စိတ်မသာယာသောရှင်ဘုရားရှေ့တွင်ကြာကြာမနေနှင့်။”မြန်နိုင်သမျှမြန်အောင်ထွက်သွားပါ”ဟုအကြံပေး သည်။ သို့မဟုတ်အမျက်ဒေါသထွက်နေသူ၊နာခံခြင်းမရှိသူ၊မိုက်ရိုင်းသူ၊သူ တပါးကိုစော်ကားဖို့ဝန်မလေးသူများနှင့်ခပ်ဝေးဝေးရှောင်ပါဟုအကြံပေး ခြင်းဖြစ်သည်။(KJV,NASB,NKJV)။

မည်သို့ပင်ဖြစ်စေဘုရင်သော်၎င်း၊အခြားသူများကိုဘေးဥပါဒ်ပေးနိုင်လိုသော်၎င်း မပေါင်းသင်းနှင့်။ ထိုသူများရှေ့တွင်မနေနှင့်။ ဒုက္ခပေးနိုင်သည် ဟုနားလည်ရပေသည်။

၈:၄ မည်သည့်အခြေအနေတွင်ဖြစ်စေရှင်ဘုရင်၏အမိန့်သည်အာဏာ အပြည့်အဝရှိသည်။ သို့ကြောင့်စိန်ခေါ်တွန်းလှန်ခြင်းမပြုရ။ သွေဖီခြင်းမပြု ရ။ ဒုက္ခရောက်သွားမည်။

၈:၅ ဘုရင့်အမိန့်တော်နာခံသူသည်စိတ်ဆင်းရဲခြင်းမကြုံတွေ့ရ။ ရှင် ဘုရင်အမျက်တော်ရှမှာကိုမစိုးရိမ်ရ။ ဉာဏ်ပညာကနာခံခြင်းနှင့်အချိန်လေး စားခြင်းကိုသင်ပေးပါသည်။

၈:၆ အလုပ်တစ်ခုလုပ်ကိုင်ရာတွင်အမှားနှင့်အမှန်ဆုံးဖြတ်စရာရှိသကဲ့ သို့အချိန်မှန်မမှန်ရွေးချယ်ဖို့လည်းရှိသည်။ လူသည်မှန်ကန်စွာရွေးချယ် တတ်သော်လည်းအချိန်မှန်အောင်မရွေးချယ်တတ်သဖြင့်ကြီးလေးသောဝန် ထုပ်ဝန်ပိုးရောက်သွားရသည်။ အလုပ်မှန်အောင်ရွေးချယ်တတ်သကဲ့သို့ကာ လဒေသမှန်အောင်လုပ်ဆောင်ဖို့လည်းလိုသည်။

၈:၇ လူသည်လုပ်စရာများလွန်းသောကြောင့်လုပ်စရာမသိ၊ရွေးစရာမသိ။ အနာဂတ်အကြောင်းကိုလည်းမသိ။ မည်သည့်အရာဖြစ်ပျက်မည်။ မည် သို့ရင်ဆိုင်ရမည်ကိုလည်းမခန့်မှန်းနိုင်အနာဂတ်အကြောင်းကိုမပြောနိုင်ကြ။

၈:၈ မိမိသေမည့်ရက်ကိုကျိန်းကျေအောင်လုပ်နိုင်မည့်သူမရှိ။ သေခြင်းကိုရှောင်လွှဲနိုင်သူတစ်ယောက်မှမရှိ။ သေမင်းတိုက်ပွဲကိုစစ်ပြေငြိမ်းနိုင်သူမရှိ။ သေမင်းကပင်အနိုင်ယူစမြဲလိမ်လည်လှည့်ဖျားခြင်းနှင့်မုသာစကားဟု လည်းသေခြင်းကိုမလိမ်မညာနိုင်ကြ။

၈:၉ နေရောင်ခြည်အောက်မှာလူ့အဖြစ်သနစ်များကိုဆင်ခြင်ကြည့်ရှုပါ သည်။ အချို့လူသည်အခြားသူများထက်ခေါင်းတလုံးပိုချင်ကြသည်။ ခေါင်း ပုံဖြတ်ဂုတ်သွေးစုပ်ချင်ကြသည်။ ထိုသို့ပြုကြသောအခါအခြားသူများက ဆင်းရဲခြင်းခံရသည်။ ရာထူးအာဏာရှိသူသည်ရာထူးအာဏာမရှိသူများကို နိုင်ခိုင်းစားသည်။

၈:၁၀ ဤအမှုမျိုးကြုံဆုံရသည်။ မတရားသောသူသေလွန်သဖြင့် သင်္ဂြိုဟ်ကြသည်။ သူနေခဲ့သောမြို့ရွာ၌အောက်မေ့သတိရပွဲ၊ရက်လည်ပွဲလုပ် ကြသည်။ ထိုသူသည်မရှိတော့သော်လည်းလူများကသူကောင်းကြောင်းကို  ကြံဖန်ပြောဆိုချီးမွမ်းကြသည်။ ဘာသာရေးထုံးတမ်းစဉ်လာများသည်လည်း  ဖြောင့်မတ်ခြင်းမရှိပါလား။ မတရားသူ၏ငရဲဆယ်ပိဿာထက်ကုသိုလ်တ ပိဿာချီးမွမ်းကြခြင်းသည်အဓိပ္ပာယ်မရှိသောလုပ်ရပ်ဖြစ်သည်။

၈:၁၁ ဥပဒေကျူးလွန်ဖောက်ဖျက်ခြင်း၊အရေးယူခြင်းတဝဲလည်လည် ဖြစ်နေပုံကိုထောက်ပြထားသည်။ ထိုသို့ဖြစ်ရခြင်းမှာဥပဒေဖောက်ဖျက်ကျူး လွန်ခြင်းများအားချက်ချင်းလက်ငင်းအရေးယူခြင်းမပြုဘဲ၊သွေးအေးမှလုပ် ကြသောကြောင့်ပေါ့ပျက်သွားသည်။ စွပ်စွဲခံရသူများအတွက်တရားမျှတမှုရှိ အောင်အချိန်ပေးခြင်းမှာကျိုးကြောင်းသင့်မြတ်ပါသည်။ ချက်ချင်းလက်ငင်း အရေးယူသင့်သည်။ အကြောင်းလည်းခိုင်လုံပါသည်။ အခြားတဘက်တွင်မူ  အချိန်ကာလဆွဲခိုင်းခြင်းဖြင့်အဖြစ်အပျက်မှန်အားမတရားမှုများကဝင် ရောက်စွက်ဖက်နိုင်သည်။ သို့ကြောင့်တရားမျှတသောစီရင်ခြင်းထိပါးသွား စေနိုင်သည်။

၈:၁၂ ထိုအမှုအရာများကိုချို့ယွင်းချက်အဖြစ်ဒေသနာဆရာကသ ဘောထားလိုက်သည်။ဘုရားသခင်ကိုကြောက်ရွံ့သူသည်ဘဝအသက်တာ တွင်ကောင်းကျိုးခံစားကြသည်။ မတရားသောသူများသည် မတရားသောအ မှု ပြုလုပ်ခြင်းဖြင့် အသက်ရှည် ကသော်လည်း အဆုံးတွင် အချည်းအနှီး သာ ဖြစ်သည်။ ကောင်းသော အမွေခံဝတ်ဝန်းကျင် မကျန်ရှိ၊ ကောင်းသော သူသည်  ထိုက်ထိုက်  တန်တန် ဆုလက်ဆောင်ပြန်လည်ရရှိသကဲ့သို့ ဆိုး သောသူသည်လည်း တန်ရာတန်ကြေး ဝဋ်လည်သည်။

၈:၁၃ အဓမ္မလူသည် ပျောက်ဆုံးသူများဖြစ်သည် ဟု ဒေသနာဆရာ ကဆိုသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသူသည် သက်စိုး မရှည် ကြ။ သူ့ဘဝသည်အရိပ်ပမာ တခဏသာဖြစ်သည်။

၈:၁၄ နိယာမတရားနှင့် နိယာမတစ်ခုနှင့်ဆန့်ကျင်သော အဖြစ် အပျက် တင်ပြသည်။ တခါတရံ အဓမ္မလူပြုသော ဒုစရိုက်ကြောင့် ဖြောင့်မတ်သောသူများ ဆင်းရဲဒုက္ခရောက် ကြသည်။ တဖန် ဖြောင့်မတ်သူများရရှိသည့် ဆုလက်ဆောင်များကို အဓမ္မလူများက နာမည်ကောင်း ဝင်ရောက် သူသည် လည်းရှိသည်။ ထိုကမောက်ကမ၊ ဗြောင်းတိဗြောင်းပြန် အမှုများသည် လူ့ဘဝတွင် ဖမ်းမရသောလူမှုပြဿနာဖြစ်သည်။ အချည်း အနှီးအမှု ဖြစ်သည်။

၈:၁၅ လူဘဝတလျှောက်မှာ ပြန်တွေ့သော အကောင်းဆုံးမူဝါဒကို ဓမ္မဆရာက တင်ပြထားသည်။ နေရောင်ခြည်အောက်မှာ စားခြင်း၊ သောက်ခြင်း၊ပျော်မွေ့ခြင်းထက် ကောင်းသော အမှုမရှိ။ လူ့ဘဝကာလကို အကျိုးရှိစွာ အသုံးချခြင်းဖြစ်သည်။ ထိုသို့ ပျော်ပါးမွေ့လျော်ရန် ဘုရား သခင်က လူအားကမ္ဘာမြေပေါ်တွင် ရှိစေသည်။ နေရောင်ခြည်အထက် ၊ မိုးကောင်းကင် အကြောင်းမပါ။ ထည့်မတွက်။ လက်ငင်းကြုံတွေ့ရသော မျက်မှောက်ဘဝတာအတွက်သာဖြစ်သည်။

၈:၁၆ ထို့ကြောင့် ဒေသနာဆရာသည် လူ့ဘဝအဓိပ္ပါယ် နား လည်နိုင်ရန် တနေ့နှင့်တညတစက်မမှေးဘဲ စဉ်းစားဆင်ခြင်သည်။ ဘဝဒဿနဖြေထုတ်သည်။ လူ့ဘဝအစမှစ၍ နိဂုံးတိုင်အောင် ဆင် ခြင်လေ့လာသည်။ လူ့လှုပ်ရှားမှု၊ ရုန်းကန်မှုကိုရှုမြင်သည်။ မအိပ်မနေ တညဉ့်နှင့် တရက်လုံ:လုံ:စဉ်းစားသည်။ သုတေသနပြုသည်။

၈:၁၇ ထိုသို့ မအိပ်မနားဆင်ခြင်သော အခါ အဖြေတစ်ခုရလာသည်။ ထိုအဖြေမှာဘုရားသခင်စီရင်တော်မှုသော လက်ရာတော်များကို လူ့အသိ ဉာဏ်ဖြင့် မသိရှိနိုင်။ မည်သို့ပင် ကြိုးစားသော်လည်း အဖြေရှာမရ။ လူ့ အစွမ်း အစ အသိဉာဏ်ဖြင့် ဘုရားသခင်၏ အမှုတော်များကို မသိရှိနိုင်။ သိမည် အထင်ဖြင့် အဖြေထုတ်မည်ကြံသော်လည်း အဆုံးမရောက်နိုင်။ နက် သက်ထက် မြင့်သထက်မြင့်သည်။ ဘုရားသခင်၏ လက်ရာတော်သည် လေးနက်မြင့်မားလှပါတကား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။