ဒေသနာကျမ်း - ၉

1အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှာ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ်သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှုများနှင့်တကွ၊ ဘုရားသခင်၏လက်တော်၌ ရှိကြ၏။ ချစ်တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှုအရာအားဖြင့် အဘယ်သူမျှ မသိနိုင်။ 2ခပ်သိမ်းသောသူတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရားသောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိသောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်၏။ 3နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်းနည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကိုစွဲလမ်း၍၊ နောက်တစ်ဖန် သေသွားတတ်ကြ၏။ 4အသက်ရှင်သောလူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ 5အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ 6သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့် ရောနှော၍ မဆိုင်ရ။
7သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကိုသောက်လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။ 8သင့်အဝတ်လည်း၊ အစဉ် ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။ 9နေအောက်မှာ ပေးသနားတော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာ ကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ 10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။
11တစ်ဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင်၏။ 12လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန်အုပ်မိသောငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ ကျော့မိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
13နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဖွယ်သောပညာဟူမူကား၊ 14မြို့သားနည်းသော မြို့ငယ်တစ်မြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တစ်ပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသောတပ်တို့ကို တည်၍ ဝိုင်းထား၏။ 15ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတစ်ယောက်သည် မိမိပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့သော်လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။ 16ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက်သာ၍ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နားမထောင်တတ်ကြ။ 17အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေးကြော်သောအသံကို နားထောင်ကြသည်ထက်၊ ငြိမ်ဝပ်ရာ၌ ပညာရှိပြောသောစကားကို သာ၍နားထောင်တတ်ကြ၏။ 18ပညာသည် စစ်လက်နက်ထက် သာ၍ကောင်းမြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသောအမှုများကို ဖျက်ဆီးတတ်၏။

ဒေသနာကျမ်း - ၉ (အနက်ဖွင့်)

(နေရောင်ခြည်အောက်မှာ ပျော်ရွှင်သောဘဝ (အခန်း၉)

၉:၁ “အထက်အမှုအရာအလုံးစုံကိုဆင်ခြင်ရသည်ကား”ဆိုသည်မှာယခင်ဖော်ပြသောအချက်အလက်များကိုအကောင်းမြင်ဝါဒဖြင့်ကြည့်ရှုခြင်း ဖြစ်သည်။ ပညာရှိ၊လူကောင်းနှင့်လူတို့လုပ်ရပ်များသည် ဘုရားသခင်၏ လက်တော်ထက်၌ရှိသည်။ သို့သော်လည်းချစ်တော်မူသည်သို့မဟုတ် မုန်း တော်မူသည်ကိုအဘယ်သူမျှမသိရှိနိုင်။ အနာဂတ်ကာလကိုမည်သူမျှမသိ နိုင်။ မမှန်းဆနိုင်။ မည်သို့ဖြစ်လာမည်ကိုမသိကြ။

၉:၂ ဖြောင့်မတ်သူနှင့်အဓမ္မလူဖြစ်စေ၊လူကောင်းနှင့်လူဆိုးဖြစ်စေ၊စင်ကြယ်သူနှင့်မစင်ကြယ်သူဖြစ်စေ၊ယုံကြည်ကိုးကွယ်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နောက်ဆုံးသွားသည့်လမ်းဆုံးသည်အတူတူဖြစ်သည်။ သင်္ချိုင်း ကုန်းဖြစ်သည်။ သို့ကြောင့်ဖြောင့်မတ်သူလည်းအဓမ္မလူအပေါ်အသာရစရာ အကြောင်းမရှိ။ ကျမ်းသစ္စာကျိန်ဆို၍မိမိကိုယ်ကိုအပ်နှံသူဖြစ်စေ၊မအပ်နှံသူ ဖြစ်စေ၊ထူးခြားမှုမရှိ။ အတူတူနှင့်အနူနူသာဖြစ်သည်။ ကျမ်းကျိန်သူသည် လည်းကျမ်းမကျိန်သူအပေါ်မြတ်ခြင်းမရှိ။

၉:၃ လူ့ဘဝ၏ကံကြမ္မာဆိုး၏ပုံကိုရှင်းပြထားသည်။ လူတိုင်းသည် သေရစမြဲဖြစ်သည်။မသေခင်ကာလတွင်ဘဝအလွှာအမျိုးမျိုးကျင်လည်ကြသည်။ နေရာဒေသအသီးသီးတွင်ဘဝအဖုံဖုံကြုံတွေ့ဖြတ်သန်းကြသည်။ သို့ သော်သေလွန်သောအခါထိုအမှုအရာတစ်ခုမှမကျန်မသိရှိကြ။ မသက်ဆိုင်ကြ။  အကယ်၍သေခြင်းမှာလမ်းဆုံးကြသည်ဆိုလျှင်အသက်ရှင်ကာလတွင်မတူ မတန်ခြားနားမှုများသည်မှုစရာဟုတ်ပါသလား။

၉:၄ လူသည်အသက်ရှင်နေသရွေ့မျော်လင့်ချက်ထားရှိသည်။ လူသည် မျှော်လင့်ချက်ဖြင့်အသက်ရှင်သည်။ အနာဂတ်ကိုကြည့်ရှုသည်။ ထိုသဘော အရသေသောခြင်္သေ့ထက်အသက်ရှင်သောခွေးသည်သာ၍ကောင်းမြတ်၏။  ဤနေရာတွင်ခွေးကိုလူ၏အနီးစပ်ဆုံးတိရစ္ဆာန်အဖြစ်ဖော်ပြလိုခြင်းမ ဟုတ်။ အနိမ့်ဆုံးသောတိရစ္ဆာန်ဟုရည်ညွှန်းသည်။၃၂ ခြင်္သေ့သည်ခွန်အားအကြီးဆုံးသားရဲတိရစ္ဆာန်များ၏တောမင်းဘုရင်ဖြစ်ကြောင်းရည်ညွှန်းသည်။

၉:၅ အသက်ရှိနေသူသည်တချိန်တွင်သေဦးမည်။ သို့သော်သေလွန်သူ သည်အဘယ်အရာကိုမှမသိ။

ဤကျမ်းပိုဒ်ကိုကိုးကား၍မိစ္ဆာဆရာများကလူသေလျှင်ဝိညာဉ်လည်း သေသည်။ အဓိပ္ပာယ်ကောက်ကြသည်။ အသက်ထွက်သွားသောအခါအသိတရားကင်းမဲ့သည်ဟုဆိုကြသည်။ သို့သော်ဤကျမ်းပိုဒ်တစ်ခုတည်းအပေါ်တွင် သာထိုကဲ့သို့ကောက်ချက်ချလျှင်မှားယွင်းပါသည်။ဤဒေသနာကျမ်းမှသွန်သင်ချက်များသည်နေရောင်ခြည်အောက်ကအတွေးအမြင်ဒဿနများသာ ဖြစ်သည်ဟုအဖန်တလဲလဲရှင်းပြပြီးဖြစ်သည်။ တနည်းပြောရလျှင် သမုတိသစ္စာများသာဖြစ်သည်။ ယုတ္တဗေဒရှုထောင့်အရကြည့်လျှင်မှန်ကန်ပါသည်။ သို့သော်ဘုရားသခင်စကားတော်မဟုတ်။ ပညာရှိသူပင်လျှင် ကျမ်းစာမကိုင် လျှင်လက်ခံနိုင်လောက်ပါသည်။

စာရှုသူများလည်း လူသေကောင်အသုဘချပုံကိုတွေ့မြင်ဘူးကြပေမည်။ ရုပ်အလောင်းကိုသင်္ချိုင်းဂူသို့မြှုပ်နှံကြသည်။ ထိုဖုန်မှုန့်မြေကြီးထဲမှ  ပြန်လည်ထလာသည်ဟုကြားဘူးကြပါသလား။ ဘဝလမ်းဆုံးပြီဟုယူဆ ကောင်းယူဆကြမည်။ အသိဉာဏ်မရှိဟု သိမှတ်ကြမည်။ မည်သည့်အရာမှမ လုပ်နိုင်၊မလှုပ်ရှားနိုင်ဟုထင်မြင်ယူဆကြမည်။ အရာခပ်သိမ်းကိုမေ့လျှော့ ထားသည် ထိုထက်ကြာလာလျှင်ပို၍မေ့ပျောက်ဦးမည်။

၉:၆ သေသည်နှင့်အမျှထိုသူနှင့်ပတ်သက်သောချစ်ခြင်း၊မုန်းခြင်း၊ မနာလိုခြင်းအစရှိသောလူ့စိတ်သဘောထားအားလုံးလည်းပျောက်ကွယ်သည်။ ခံစားချက်များပပျောက်သွားသည်။ နောက်တဖန်ဤကမ္ဘာမြေပေါ် မှာပေါ်လာစရာအကြောင်းမရှိ။ အခြားလူသားများနှင့်ပတ်သက်ဆက်ဆံစ ရာလည်းမရှိ။ လုံးဝချုပ်ငြိမ်းသွားသည်။

၉:၇ တဖန်ဒေသနာဆရာ၏ လူ့ဘဝဒဿနကိုတွေ့ရမည်။ တိုတောင်း လှသောလူ့ဘဝတခဏတာလေးမှာဘဝကိုကျေနပ်စွာအသက်ရှင်လော့၊ ပျော်ရွှင်စွာနေလော့။ အကောင်းဆုံးအစာကိုစားလော့၊ချိုမြိန်သောအရက်ကို သောက်လော့။ ချစ်သောသူကိုပွေ့ဖက်နမ်းရှုပ်လော့။ ထိုသို့ပြုလုပ်ရန်ဘုရား သခင်ကလူကိုဖန်ဆင်းထားခြင်းဖြစ်သည်။ လူသားလုပ်သမျှအားလုံးတင့် တယ်သည်ဟုဒေသနာဆရာကဆိုသည်။

၉:၈ လှပသန့်ပြန့်သောအဝတ်အစားကို ဝတ်ဆင်ပါ။ နောက်မှနောင်တမရနှင့်။ ဦးခေါင်းကိုလည်းနံ့သာမွှေးလိမ်း၍ ကြော့နေအောင်ဖီးပါ။ ပြာပုံမဖြစ် စေနှင့်ဟုဆိုသည်။ လောကကိုအောင်မြင်သောအချို့လူများက ကမ္ဘာမြေကြီး သည်လူသားများပျော်ရွှင်ဖို့၊ သာယာဖို့ဖန်ဆင်းထားသောနေရာဖြစ်သည်ဟု ခံယူကြသည်။ ထိုအထဲတွင်ရှောလမုန်လည်းပါဝင်သည်။

၉:၉ နေရောင်ခြည်အောက်ရှိတိုတောင်းလှသော လူ့ဘဝတာလေးမှာအ ဘယ်အရာမှအစိုးမရပါ။သို့သော် ထိုအထဲမှအဖိုးတန်ရတနာအဖြစ်မှာကိုယ် ချစ်သောသူနှင့်ထိမ်းမြားလက်ထပ်၍ဘဝဆုံးတိုင်ချစ်ခင်ကြင်နာကြသည်။ လူ့ဘဝသည်အခက်အခဲပြဿနာများနှင့် နေ့စဉ်နပန်းလုံးရသောကာလဖြစ် သည်။ ထိုပင်ပန်းဆင်းရဲခြင်းကိုနှစ်သိမ့်နိုင်သောအရာမှာသင့်ချစ်သူတ ယောက်တည်းသာဖြစ်သည်။

အပိုဒ်ငယ်၇-၉သည် ရှေးဗာဗုလုန်ဆရာကြီးGilgamesh၏ တေးကဗျာနှင့်အလွန်ဆင်မည်။

လူသားကိုဖန်ဆင်းစဉ်အခါက

သေခြင်းကိုလည်းတပါတည်းပေးလိုက်သည်။

ဘဝဟူသည်လက်ရှိကာလ

အို ဂိလဂါမက်၊သင့်ဗိုက်ကိုရွှင်စေလော့။

နေ့နှင့်ညကိုပျော်ရွှင်အောင်သုံးလော့။

နေ့တာကိုပျော်ရွှင်စွာကုန်ဆုံးစေပါ။

နေ့နှင့်ညသည်ပျော်ရွှင်စရာကာလတာ

ဝတ်ကောင်းစားလှဆင်မြန်း၍

ခေါင်းကိုသန့်ရှင်းမွှေးကြိုင်စေပါ။

သင့်လက်လိုရာကိုဖမ်းဆွဲပါ။

သင်ကြိုက်နှစ်သက်သူကိုသိမ်းပိုက်ပျော်မွေ့ပါ။

ထိုသည်သာ လူ့ဘဝအဓိပ္ပာယ်ဘဝသစ္စာတည်း၁၃

ထိုအမှုအရာများသည်တစ်ယောက်ကိုတစ်ယောက်အတုယူအတတ်သင်စရာမဟုတ်။နေရောင်ခြည် အောက်မှာသာတူညီမျှလူတိုင်းအခွင့်အရေးပေးထားသည်။ ထိုအကြောင်း ကိုစဉ်းစားလျှင် Denis Alexander၏စကားကို သတိရသည်။ ဝေမျှပါရစေ။

လူသားဧဒိအတွက် ဤဆေးတောင့်ကိုမြိုချရန်ခက်ခဲသည်။ (၂၀)ရာစု  နှစ်နောက်ပိုင်းရှိအသက်(၃၀)အောက်လူငယ်လူရွယ်များတွင် မိမိကိုယ်ကိုပထမဦးဆုံးပြန်မေးချင်သည်။ အချိန်ကာလပြောင်းလဲမှု၏အကျိုးကို အသေအချာဆုပ်ကိုင်နိုင်ပါသလား။ အချိန်အခါနှင့်အခွင့်အရေးကိုအချိန်ကိုက်ရယူ နိုင်ပါသလား။ အဘယ်ကြောင့်ဆိုသော်အချို့က ကံကြမ္မာကိုရိုးမယ်ဖွဲ့ချင်ကြ သည်။ ကျွန်တော်သည်အခြားသူများ၊ အခြားအရာများထက်အဖိုးတန်သည် ဟုခံယူသည်။တခြားလူငယ်များလည်းထိုကဲ့သို့ဖြစ်ကြမည်။ ယုန်၊သစ်ပင်၊ ကျောက်ခဲအစရှိသည်များသည်လွန်ခဲ့သောအနှစ်တရာခန့်ကရှိခဲ့သည်။ ယ နေ့ကာလတွင်လည်းရှိနေကြသည်။ သို့သော်ကျွန်ုပ်၏ခန္ဓာကိုယ်သည် ထိုခေတ်ကာလအဆက်ဆက်ကထိုအရာများနှင့်ထူးခြားသည်။ ထို့ထက်ပြောရလျှင်အနုမြူလှုပ်ရှားမှုသည် ယုန်ဦးနှောက်ထက်ကျွန်ုပ်ဦးနှောက်တွင်ပိုမို သက်ဝင်သည်။ အဓိပ္ပာယ်ပိုရှိသည်။

အခြားတစ်ခုပြောစရာရှိသည်မှာ သေခြင်းသည်လမ်းကြောင်းတစ်ခု၏အဆုံးဖြစ်သည်။ သို့ကြောင့်ကျွန်ုပ်ခန္ဓာကိုယ်၊ ကျွန်ုပ်ဦးနှောက်လှုပ်ရှားမှုသည် လည်းတပြိုင်တည်းရပ်စဲသွားသည်။ လူ့ဘဝကာလတွင်တရားမှု၊ မတရားမှု၊ စင်ကြယ်မှု၊ မစင်ကြယ်မှုများခံစားရသော်လည်းကျွန်တော်၏ခံစားချက်များ သည် အချိန်နှင့်အတူကုန်ဆုံးချုပ်ငြိမ်းသွားသည်။ နှစ်ကြာငြောင်းသောအခါ ကမ္ဘာမြေပေါ်မှ လူ့သမိုင်းကြောင်းများသည်လည်း သမိုင်းစာမျက်နှာတွင်သာ ကျန်ရှိမည်။ အကြီးအကျယ်ဆုံးစာပေပညာရှင်၊ အနုပညာရှင်များသည် လည်း ဒုတိယကမ္ဘာမြေမီးလောင်ခြင်းထဲတွင်ပြာကျချုပ်ငြိမ်းကြမည်။ ဟစ်တလာ၊ မာတင်လုသာ ဂျိမ်းစီးဝီးလ်၊ ဖရန်စစ်အစ္စစီ၊ ဥက္ကဌကြီးမော်၊ ကနေဒီတို့ သည်လည်းမရှောင်လွဲနိုင်ကြ။ ထိုအထဲတွင်ပါသွားကြမည်။

သို့ကြောင့် ဆိုးသောအရာထဲမှအကောင်းဆုံးသောအမှုကိုရွေးချယ် ထားသည်။ ပြောင်းလဲမှုနိယာမထက် လူ၏ကြိုးစားအားထုတ်မှုကိုပိုမိုအ လေးထားသူဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခဖြစ်နေခြင်း၊ မေးခွန်းများကိုလစ် လျှူမရှု၊ လူ့အသိုင်းအဝိုင်း၏ပြဿနာအရင်းကိုဖြေရှင်းနိုင်အောင်ရှာဖွေရ မည်။ လူ၏ဦးနှောက်အတွေးအခေါ်သည် စယန္တရားကဲ့သို့ သဘာဝစက်ယ န္တရားအဖြစ်လည်ပတ်နေသည်မှာ တိရစ္ဆာန်များ၏ဦးနှောက်ထက်အလုပ်လုပ်ကြောင်းထူးခြားသည့်အချက်ပြ သည်။ အသိအာရုံကပေးသောခံစားချက်များသည် အမှန်တကယ်ဖြစ်သည်။ ထိုသို့ယုံကြည်ရသည့်အကြောင်းအထောက်အထားပေးစရာမရှိပါ။၃၄

၉:၁၀ ဤကျမ်းစကားသည် ဒေသနာကျမ်းမှလူသိများထင်ရှားသော ကျမ်းချက်ဖြစ်သည်။ အမှုဆောင် လုပ်ငန်းတွင်၎င်း၊ တဦးနှင့်တဦးအားပေးရာတွင်၎င်း၊ ကိုးကားလေ့ရှိကြသည်။ ကျမ်းပိုဒ်၏အနှစ်သာရများ မရဏာ သေရွာ၌အလုပ်လုပ်ခြင်းတီထွင်ကြံဆခြင်း၊ စဉ်းစားခြင်းကိစ္စမရှိတော့ပါ။ အသက်ရှင်သည့်ကာလအခိုက်အတန့်မှာရသမျှအခွင့်အရေးကိုမလွတ်တန်း ဆုပ်ကိုင်ထားလော့ဟုအနက်ရသည်။ ဖြစ်သင့်ဖြစ်ထိုက်သောအရာများကို လက်လွတ်မခံပါနှင့်။

အကြံပေးချက်သည် ကြီးမြတ်ပါသည်။ သို့သော်အကြောင်းအရာမှားနေသည်။ အကြောင်းပြချက်မခိုင်လုံ။ အကြံပေးချက်သည် ကန့်သတ်ချက်ရှိနေသည်။

၉:၁၁ အခြားအတွေးအမြင်တစ်ခုမှာ လူ့ဘဝတွင်ကြီးမားသော အခွင့်အရေးနှင့်အခွင့်အရေးဆုံးမှုတလှည့်စီလာတတ်ကြသည့်အကြောင်းဖြစ်သည်။ ကံကောင်းခြင်းကြုံသော်လည်း ကံကောင်းသည့်အတိုင်းအခွင့်အရေးမရ လိုက်သည်လည်းရှိသည်။ အပြေးသန်သူတိုင်းအမြဲတမ်းမနိုင်ပါ။ရဲစွမ်းသတ္တိ ပြည့်စုံတိုင်းလည်း တိုက်ပွဲမအောင်မြင်ပါ။ ပညာရှိသူတိုင်းလည်းအကောင်းဆုံးအစာမှီဝဲရပါ။ အလိမ္မာဆုံးသည်လည်း အချမ်းသာဆုံးမဟုတ်ပါ။ ဉာဏ်အကောင်းတိုင်းလည်း စည်းစိမ်မခံရ။ အချိန်နှင့်အခွင့်အလန်းသည် အောင်မြင်ခြင်းနှင့်ကျရှုံးခြင်း၏သော့ချက်ဖြစ်သည်။ သူဌေးကြီးJ.Pual  Getty အား ချမ်းသာရခြင်းအကြောင်းမေးမြန်းကြသောအခါ”အချို့ကရွှေတွင်းတွေ့၍ အချို့ကမတွေ့ကြ”ဟုဆိုသည်။

၉:၁၂ မည်သည့်ကာလတွင်ကံဆိုးမိုးမှောင်ကြုံတွေ့မည့်အကြောင်းမည်သူမှမသိကြ။ ငှက်များထောင်ချောက်မိ၊ ငါးပိုက်ကွန်မိသကဲ့သို့ လူသည်လည်းကံဆိုးမိုးမှောင်ကျချိန်၊ သေပွဲဝင်မည့်အချိန်ရှိသည်။ မည်သည့်အချိန်တွင် ကျည်ဆံနဖူးလာမှန်မည်ကိုမသိ။ ယမမင်းကနာမည်လာခေါ်မည့်အချိန်မသိ ကြ။

၉:၁၃-၁၅ အခြားခေါင်းကိုက်စရာစကားပေါ်လာပြန်ပြီ။ ဉာဏ်ပညာ သည်နေရာတကာမှာသုံးစား၍မရ။ ဤသို့ပုံဥပမာပေးထားသည်။ လူဦးရေ နည်းသောမြို့ငယ်တစ်ခုသည်အင်အားတောင့်တင်းခြင်းမရှိ။ သို့သော် ရှင်ဘု ရင်တပါးသည်စစ်အင်အားအလုံးအရင်းဖြင့်ရောက်လာ၍ ထိုမြို့ငယ်လေးကို ဖျက်ဆီးဖို့ဝိုင်းရံထားသည်။

မျှော်လင့်ချက်မရှိသောအားနည်းသူထဲမှ ပညာရှိသည်လွတ်မြောက် ၏။ မြို့ကိုကယ်တင်သည်။ထိုအခါထိုပညာရှိသည်သူရဲကောင်းကြီးဖြစ်လာ သည်။ သို့သော်များမကြာမီမေ့ပျောက်ကြပြန်သည်။

၉:၁၆ ပညာသည် ခွန်အားထက်ကောင်းမြတ်၏။ သို့သော်ဆင်းရဲသား၏အကြံပေးချက်ကိုမူအသိအမှတ်မပြုကြ။ ရှိုတ်ချကြသည်။ အခက်အခဲပြီး ဆုံးသည်နှင့်တပြိုင်နက်သူ့စကားများကိုမေ့ပစ်ကြသည်။ လေးစားသမှုမရှိ ကြ။

ဤပုံဥပမာကို ယနေ့ဧဝံဂေလိလုပ်ငန်းတွင်သုံးကြသည်။ ထိုအားနည်း သောမြို့ကိုအကာအကွယ်မဲ့ချိနဲ့သော လူ့ဝိညာဉ်အဖြစ်ပုံနှိုင်းကြသည်။ အင် အားကြီးသောဘုရင်ကိုစာတန်မာရ်နတ်၊အဖျက်အမှောက်ပြုလုပ်သူ  (၂ကော၄:၄၊ဧ၂:၂)အပြစ်ပုံနှိုင်းကြသည်။ ကယ်နှုတ်သူမှာဆင်းရဲခြင်း  (၂ကော၈:၉)နှင့်ဉာဏ်ပညာ(၁ကော၁:၂၄၊၁ကော၂:၃)ဖြစ်သည်။ အဘယ် မျှသေးငယ်သော်လည်းထောက်ပံ့သည်။ ကယ်နှုတ်သည်။ လေးစားသည်။ လောကသားများကမေ့ပျောက်ကြသော်လည်းလူ့လောကမှာအသက်ရှင် သည်။ ယုံကြည်သူခရစ်ယာန်များကမူ အမှတ်တရအထိမ်းအမှတ်မကြာခ ဏပြုလုပ်လေ့ရှိသည်။ ပွဲတော်မင်္ဂလာကျင်းပကြသည်။

၉:၁၇ လူသည်မိမိပြောချင်ရာကို အော်ကြီးဟစ်ကျယ်ဆူညံစွာပြောဆိုတတ်သည်။ ပညာရှိသည်အေးဆေးတည်ငြိမ်စွာပြောဆိုလေ့ရှိသည်။ သို့သော်  အုပ်စိုးသူမင်းရှေ့တွင်အသံကျယ်သောလူမိုက်ဆူညံသံထက် ဣန္ဒြေရသောပညာရှိစကားကပိုမိုထိရောက်သည်။

၉:၁၈ ပညာရှိစကားသည်ကြီးမားသောလက်နက်၊ အစွမ်းထက်သောခဲ ယမ်းဖြစ်သည်။၂ရာ၂၀:၁၄-၂၂တွင် ပညာရှိမိန်းမကသူ့မြို့အားရန်သူ့ခြိမ်း ခြောက်သည့်အန္တရာယ်ရန်စွယ်မှကယ်နှုတ်သည်ကိုတွေ့ရမည်။

သို့သော်ကြီးမားသောအပြစ်ဒုစရိုက်များကသာ ပညာရှိကိုဖျက်ဆီး သည်မဟုတ်။ မြေခွေးငယ်ကလေးများက စပျစ်ခြံဖျက်ဆီးတတ်သည်ကိုသတိပြုရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။