တရားဟောရာကျမ်း - ၂၉

မောဘပြည်တွင်ပြုသောပဋိညာဉ်
1၁၇ ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှတစ်ပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ်ပြုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
2တစ်ဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌လည်းကောင်း၊ သူ၏ကျွန်အပေါင်းတို့၌လည်းကောင်း၊ သူ၏ပြည်တစ်လျှောက်လုံး၌လည်းကောင်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊ 3ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသောစုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူးဆန်းသောတန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။ 4သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။ 5အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသောခြေနင်းလည်း မပျက်။ 6သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် သင်တို့၏ ဘုရားသခင်ဖြစ်ကြောင်းကို သိရ၏။ 7သင်တို့သည် ဤအရပ်သို့ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်၊ ဗာရှန်ရှင်ဘုရင် ဩဃတို့သည် ငါတို့ကိုစစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကိုလုပ်ကြံ၍၊ 8သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်၌ ပေးလေ၏။ 9သို့ဖြစ်၍ သင်တို့ပြုလေရာရာ၌ အောင်နိုင်မည်အကြောင်း ဤပဋိညာဉ်စကားတို့ကို စောင့်ရှောက်၍ကျင့်ကြလော့။ 10-13သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူ သော သစ္စာကို သင်သည်ခံ၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာလည်းကောင်း၊ သင့်ကို ကိုယ်တော်၏လူမျိုးအရာ၌ ယနေ့ ခန့်ထားတော်မူစေခြင်းငှာလည်းကောင်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေခြင်းငှာလည်းကောင်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
14ထိုမှတစ်ပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့်သာ ငါပြုသည်ထက်မက၊ 15ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသောသူတို့နှင့်လည်းကောင်း၊ ငါတို့တွင် ယနေ့မပါသောသူတို့နှင့်လည်းကောင်း ငါပြု၏။ 16သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဖော်သောသူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့သိကြ၏။ 17သူတို့၌ရှိသော စက်ဆုပ်ရွံရှာဖွယ်သော သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။ 18ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေအမျိုး တစ်စုံတစ်ယောက်သည် သင်တို့တွင်ပါမည်ဟူ၍လည်းကောင်း၊ ခါးစွာသောအသီး၊ ဒေါနကိုသီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍လည်းကောင်း၊ 19ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းချီးပေးမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။ 20ထိုသူကို ထာဝရဘုရား နှမြောတော်မမူ။ အပြစ်ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ရေးထားသော အမင်္ဂလာရှိသမျှတို့သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။ 21ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနုတ်၍ အပြစ်ပေးဖို့ရာ ခွဲထားတော်မူလိမ့်မည်။ 22သူ့နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ်တော်မူသော၊ 23အနာရောဂါ ဘေးဥပဒ်တို့ကိုလည်းကောင်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တစ်ပြည်လုံးကို ကန့်နှင့်မီး ကျွမ်းလောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကိုလည်းကောင်း၊ သင်တို့နောက်မှာ ဖြစ်လတ္တံ့သော သင်တို့အမျိုးသား၊ ဝေးသောအရပ်မှလာသော တစ်ပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊ 24ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော်အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊ 25သူတစ်ပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်လည်းကောင်း၊ 26အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာကိုမျှ မပေးသော အခြားတစ်ပါးသောဘုရားတို့အား ဝတ်ပြုကိုးကွယ်ကြသောကြောင့်လည်းကောင်း၊ 27ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊ 28ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကိုနုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတစ်ပါးသောပြည်သို့ နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။ 29မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဖော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။

တရားဟောရာကျမ်း - ၂၉ (အနက်ဖွင့်)

၃။ မောရှေ၏တတိယမိန့်မှာချက်ပြည်တော်အထွက်ပဋိညာဉ် (အခန်း ၂၉၊၃၀)

(ကမောဘပြည်မှာနေခဲ့စဉ်ပဋညာဉ် (၂၉:၂၁)

          ၂၉: ဟေဗြဲကျမ်းမူတွင် (အခန်းငယ်၁)သည် အခန်းကြီးတစ်ခုလုံး၏ သော့ချက်ကျမ်းစကားဖြစ်သည်။ Keil နှင့် Delitzch တို့ကအခန်းကြီး ၂၉နှင့် ၃၀တို့၏ နဖူးခေါင်းစည်းဖြစ်သည်ဟု ဆိုကြသည်။

၂၉: ဣသရေလလူတို့သည် သိနာတောင်တွင် ဘုရားရှင်ပြုထားသော ကတိတော်ကို ချိုးဖောက်ခဲ့ကြဖူးသည်။ ယခုမောဘလွင်ပြင်မှ ပြည်တော်ဝင်ခါနီးတွင် ဘုရားရှင်ပေးထားသော တရားဟောရာကျမ်းမှ ပဋိညာဉ်များ လေးစားလိုက်နာ စောင့်ထိန်းကြဖို့ ထပ်မံအတည်ပြုပြဌာန်းသည်။ ဣသရေလလူတို့သည် ဘုရားသခင်မိန့်မှာချက်ကို သဘောမပေါက်နိုင်။ လိုက်နာစောင့်ထိန်းခြင်းမရှိကြ။ ယေဟောဝါ ဘုရားရှင်က တွေးဆခံစားဖို့ စိတ်နှလုံး၊ တွေ့မြင်ဖို့မျက်လုံး၊ ကြားသိဖို့နားပေးထားသော်လည်း အလိုတော်အား သဘောမပေါက်နိုင်ကြ။ မယုံကြည်မှုနှင့် မနာခံခေါင်းမာမှုက စိတ်နှလုံးကို မင်းမူနေသည်။

ဣသရေလတို့သည် ကန္တာရတောခရီးစဉ်တလျှောက် ကောင်းကင်မန္နမုန့်၊ ကျောက်စိမ့်ရေသောက်သုံး လာခဲ့ကြသည်။ လူ့အစွမ်းအစဘုန်းတန်ခိုးပေါ်တည်မှီလာကြခြင်းမဟုတ်။ အမှန်ဆိုလျှင် ဘုရားသခင်၏ သစ္စာတတရားပြည့်စုံမှု၊ ချစ်ခြင်းမေတ္တာကြွယ်ဝမှုတို့ကို နားလည်ခံယူ၍ ဘုရားရှင်အဖြစ် သိမှတ်ကိုးကွယ်သင့်သည်။

သို့ကြောင့် ပဋိညာဉ်ကို ထိန်းသိမ်းလိုသည့်ဉာဏ်စွမ်းရှိလာကြစေရန် ဣသရေလတို့အပေါ် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မောရှေက တဖန်သတိပေးသည်။ အဲဂုတ္တုပြည်မှ အံ့ဩဖွယ်ရာရွေးထုတ်ပုံ ကန္တာရတောမှာ နှစ်ပေါင်း(၄၀)ကျွေးမွေး စောင့်ရှောက်ပု၊ ရှိဟုန်မင်းနှင့်ဩဃမင်းတို့ကို တိုက်ခိုက်အောင်မြင်ပုံ၊ ယော်ဒန်ဖြစ်အရှေ့ခြမ်းအောင်မြင်၍ ရုဗင်၊ ဂဒ်နှင့်မနာရှေလူမျိုးများသို့ ခွဲဝေအပိုင်ပေးပုံတို့ကို စားမြုံ့ပြန်ထောက်ပြသည်။

၂၉:၁၀၂၁ ဘုရားသခင်ရှေ့တွင် ပဋိညာဉ်ပြုဖို့ သူအားလုံးကို မောရှေဆင့်ခေါ်လိုက်သည် (ငယ်၁၀-၁၃)။ ပြုထားသော ပဋိညာဉ်ကိုလည်း စည်းစိမ်ဥစ္စာကြွယ်ဝဖို့ ဖြစ်ကြောင်း (ငယ်၁၄-၁၅) အသိပေးလိုက်သည်။ ကတိတော်ပြုထားပြီးမှ လိုက်နာစောင့်ထိန်းခြင်း ပျက်ကွက်သူများသည် ခါးသီးကြီးလေးသော အပြစ်ဒဏ်ခံကြမည်။ ပုန်ကန်ခြားနားခြင်းလည်း တစ်ပါးအမျိုးသားများ၏ ဘုရားတုကိုးကွယ်ခြင်းဖြင့် ပေါ်ပေါက်လာသော စုံစမ်းခြင်းတစ်မျိုးဖြစ်သည်။ အကယ်၍ ကတိပြုချက်စောင့်ထိန်းလျှင် ဘုရားသခင်၏ အမျက်ဒေါသမှ ကင်းလွတ်ကြမည်(ငယ် ၁၆-၂၁)။ RSV ကျမ်းမူတွင် အပိုဒ်ငယ် ၁၉ကို “အကြင်သူသည် ပဋိညာဉ်စကားကျိန်ဆိုသောအခါ မိမိကိုယ်ကို ကောင်းချီးမင်္ဂလာပေးလိုက်ပြီး ဘဝခရီးလုံခြုံပြီဟု စိတ်နှလုံး ခိုင်မာစွာ အယူမှားစရာအကြောင်းရှိသည်” ဟု ဆိုသည်။ စိုထိုင်းသောနေရာကို လှည်းကျင်းခြင်းဖြင့် ခြောက်သွေးပြီဟု ထင်မှားခြင်းမျိုးဖြစ်သည်။ ကတိပျက်လျှင် လွတ်ငြိမ်းချမ်းသာခွင့်ရသူတစ်ယောက်မှမရှိ။

(ပဋိညာဉ်ချိုးဖောက်မှုအပြစ်ဒဏ် (၂၉:၂၂၂၉)

          ၂၉:၂၂၂၈ မျိုးဆက်သစ်တစ်သုတ်ပြီးတစ်သုတ် ပေါ်ထွန်းလာကြသည်။ ပင်လယ်ရပ်ခြားသားများ ဝင်ရောက်လာကြသည်။ ထို့ကြောင့် ဘုရားသခင် ပဋိညာဉ်စကားလေးစား စောင်ထိန်းခြင်းသည် မှေးမှိန်ပျောက်ကွယ်လာသဖြင့် ဣသရေလမြေတွင် လူခြေတိတ်လျက် ခြောက်သယောင်းထတော့မည်။ ဣသရေလမြို့ကြီးများသည် သောဒုံ၊ ဂေါမောရ၊ အာဒမာနှင့် ဇေဘိုင်မြို့ အဖြစ်ဆိုးကျိုးကြုံချင်သလား။ ထိုမြို့ကြီးများသည် အဘယ်ကြောင့်ဘုရားသခင်၏ အရေးယူခြင်းခံရသနည်း။ ထိုသူတို့၏ ဘိုးဘေး၊ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ ပွဲတော်ဟူသော ပဋိညာဉ်ကို စွန့်ကြပြီ

          ၂၉:၂၉ သေချာသောကျမ်းစားက “ဣသရေလလူမျိုးသည် ဘုရားပိုင်သောလူမျိုးဖြစ်သည်” ဟုဆိုသည်။ အထူးသဖြင့် ဣသရေလလူမျိုးဘက်တွင် ရပ်တည်သည်။ စီရင်တော်မူချက်များကို ကြည့်ပါ။ ဘုရားသခင်ပေးသောပဋိညာဉ်ကို စိတ်ဒွိဟသံသယမရှိဘဲ စိတ်ချလက်ချ ယုံကြည်စောင့်ထိန်းဖို့ မောရှေက ထပ်မံသတိပေးသည်။ မောရှေစကားသည် မိမိတို့ဘက်မှ တာဝန်ဝတ္တရားများ ပြဌာန်းခြင်းဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ခုထိုင်ဖို့ မဟုတ်။ လေးစားနာခံလိုက်လျှောက်ဖို့ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်လည်း ထိုဝိထုံးနည်းနာမျိုး ကြိမ်ဖန်များစွာသတိပေးထားသည် “ကောင်းသောအကျင့်ကိုသိလျက်၊ မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” (ယာ ၄:၁၇)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။