တရားဟောရာကျမ်း - ၁၈

လေဝိသား၏ရပိုင်ခွင့်
1လေဝိသားယဇ်ပုရောဟိတ်အစရှိသော လေဝိသားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဖို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သကာတို့ကို စားရကြမည်။ 2ထိုကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။ 3လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဖို့ ပခုံးတစ်ဖက်၊ ပါးနှစ်ဖက်၊ အအူများကိုလည်းကောင်း၊ 4အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကိုလည်းကောင်း လှူရမည်။ 5အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ်ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကိုရွေးကောက်တော်မူပြီ။ 6ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊ 7ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ်ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ ဘုရားသခင်ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။ 8သူ၏အမွေကိုရောင်း၍ရသော ဥစ္စာမှတစ်ပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
ရှောင်ရန်အလေ့အကျင့်များ
9သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။ 10သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ 11ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ 12ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။ 13သင်သည်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။ 14သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်အားဖြင့် ဟောပြောသောသူတို့စကားကို နားထောင်တတ်ကြ၏။ သင်မူကား ထိုသို့ပြုရအောင် သင်၏ဘုရားသခင်ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
မောရှေနှင့်တူသောပရောဖက်တစ်ပါး
15သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရမည်။ 16ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တစ်ဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊ 17ထာဝရဘုရားက၊ သူတို့စကားသည် လျောက်ပတ်ပေ၏။ 18သူတို့ အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တစ်ပါးကို သူတို့အဖို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။ 19ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကို ငါစစ်ကြောမည်။ 20ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသောပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသောပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အားမိန့်တော်မူ၏။ 21သင်ကလည်း ထာဝရဘုရားမိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့သိနိုင်သနည်းဟု တွေးတောလျှင်၊ 22ပရောဖက်သည် ထာဝရဘုရား၏အခွင့်ကိုဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရားမိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။

တရားဟောရာကျမ်း - ၁၈ (အနက်ဖွင့်)

(ယဇ်ပုရောဟိတ်၊ လေဝိနှင့်ပရောဖက်များ (အခန်း ၁၈)

          ၁၈: ဘုရားသခင်၏ ကျွေးမွေးစောင့်ရှောက်မှု ခံယူသော ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များအကြောင်းတွေ့ရပြန်သည်။ ထိုသူများသည် ကတိတော်မြေတွင် သာမန်အရပ်သားများကဲ့သို့ အမွေခံရသူများမဟုတ်။ ဘုရားရှင်ပြင်ဆင်ပေးခြင်းဖြင့် ရပ်ရွာပြည်သားများ၏ ကျွေးမွေးထောက်ပံ့မှု ခံယူကြသည်။ ယဇ်ပူဇော်သက္ကာပြုကြလျှင် ယဇ်ကောင်၏ ပုခုံး၊ မေးရိုးနှစ်ဘက်၊ ဝမ်းဗိုက်၊ ပထမဦးဆုံးအသီး၊ စပျစ်၊ ဆီ၊ သိုးမွှေးများ ခံယူခွင့်ရှိကြသည်။ အပိုဒ်ငယ် ၆-၈တွင် မိမိနေအိမ်ကိုရောင်း၍ ဘုရားသခင်စီရင်ချပေးသော အရပ်ဒေသသို့ ပြောင်းရွှေ့သော လေဝိသားအကြောင်း ရှင်းပြထားသည်။ ထိုသူသည် အမွေခံပစ္စည်းမှတပါး အခြားပစ္စည်းတုခွဲရောင်းရသော ငွေသည် အခြားလေဝိအမျိုးသည်လည်း လယ်ယာရှင် ပိုင်ဆိုင်ခွင့် ရှိကြသည်။ သို့သော် သားစဉ်မြေးဆက် အမွေမဖြစ်စေရ။

၁၈:၁၄ ဣသရေလတို့သည် လူမျက်စိဖြင့် တတ်အပ် မမြင်နိုင်သောနတ်၊ ဝိဇ္ဇာ၊ ကာလဗေဒင်နှင့် နာနာဘာဝ၊ အောက်လမ်းပညာများကို ဆက်ဆံပတ်သက်ခြင်းမပြုရ၊ ဝိညာဉ်ဆိုးများ အမည်နာမ(၈)မျိုး အတိအလင်းဖော်ပြထားသည်။ ထိုအောက်လမ်းပညာများကို ဘုရားသခင်မုန်းတီးရွံရှာသည်။ ပြုစားခြင်း၊ စုန်းအတတ်ပညာ(ကျန်စာတိုက်သူများ)၊ ကာလဗေဒင်(နိမိတ်ဖတ်၊ မိစ္ဆာပရောဖက်)၊ အတိတ်ကောက်၊ အနက်ဖွင့်သူများ (လက္ခဏာဆရာ၊ ရှေ့ဖတ်ဆရာ၊ ယတြာဆရာ၊ နက္ခတ်ဗေဒင်ဟောသူ) မန်းမှုတ်ဆရာ (ဒေါက်တာရမ်းကု)၊ ဝဇ္ဇာ၊ မှော်အတတ်ပညာ(စုန်းကဝေ)၊ ဝိညာဉ်ဆိုး (လူသေ၏ဝိညာဉ်ခေါ်ယူမေးမြန်းခြင်း) များကို ပိတ်ပင်တားမြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)ခန့်က ဘုရားရှင် တားမြစ်ပြီးဖြစ်ပါသော်လည်း ယနေ့ခေတ်ကာလတိုင်အောင် ထိုကိစ္စမျိုးရှိနေသေးသည်မှာ  ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ထိုအကြောင်းကို Henry G.Bosch က ဤသို့ဆိုသည်။

စာတန် မကောင်းဆိုးဝါးနှင့် ဝိညာဉ်လောကသည် မောဟမှောင်မိုက်အတိဖြစ်သည်။ ထိုအတတ်ပြာသည် ခေတ်ကာလတစ်ခေတ်တွင် လူအများ အားကိုးယုံကြည်ခဲ့ကြသည်။ နက္ခတ်တာရာ၏ လူကံကြမ္မာဂြိုဟ်စီးပုံကို စိတ်ဝင်တစားအဝေးကြည့်မှန်ပြောင်းကြီးများဖြင့် လေ့လာကြည့်ရှုကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မကောင်းဆိုးဝါး၊ စာတန်မာရ်နတ်အလုပ်ဖြစ်သည်။ ဘုရားသခင်မနှစ်သက်သော ပညာဖြစ်ကြောင်း တဖန်တလဲလဲ သတိပေးထားပါသည်။ (ဝတ် ၁၉:၃၁၊ ၂၀:၂၇၊ ၆ရာ ၃၃:၆၊ ယေ ၁၀:၂၊ ဂလာ :၁၉:၂၀)

သမ္မာကျမ်းစာက အဖန်တလဲလဲ သတိပေးထားခဲ့သကဲ့သို့ ယနေ့ခေတ်ကာလတွင်လည်း တားမြစ်ထားသည်။ သို့ကြောင့် ဘုရားရှင်၏ ပညတ်တော်ကို မထီမဲ့မြင်ပြု၍ သေခြင်းယမမင်းကို နှုတ်ဆက်မနမ်းချင်ကြပါနှင့်။၁၁

အပိုဒ်ငယ်(၁၃)တွင် ပါရှိသည့် အပြစ်ကင်းမဲ့ခြင်းဆိုသည်မှာ ဘုရားသခင်၏ စကားတော်ကိုသာ နားထောင်ရင်းနှင့် တာမြစ်သော အောက်လမ်းပညာများကို မလိုက်စားခြင်းဖြစ်သည်။

၁၈:၁၅၁၉ ထိုမှားယွင်းသော အယူအဆနှင့် ထိပ်တိုက်ဆန့်ကျင်သောသူမှာ ဘုရားသခင်၏ ပရောဖက်ယေရှုခရစ်တော်ဖြစ်ကြောင်း အပိုဒ်ငယ် ၁၅တွင် ဆိုထားသည်။ အပိုဒ်ငယ် ၁၅၊၁၈နှင့် ၁၉တို့ကို သေချာဆင်ခြင်ပါ (၁)ပရောဖက်စကားသည် ဘုရားရှင်၏စကားတော်ဖြစ်သည်။ (၂)သင်တို့အထဲမှာ ဟူသော စကားသည် လူသားစစ်ဖြစ်ကြောင်း ထုတ်ဖော်သည်။ (၃) သင်အမျိုးသားချင်းတို့ထဲမှ ဆိုသည်မှာ ဣသရေလလူမျိုးဖြစ်သည် (၄) ငါကဲ့သို့ဆိုသည်မှာ ဘုရားသခင်၏ ဘုန်းတန်ခိုးဖြစ် မောရှေပြန်လ်ညထမြောက်ခြင်းဖြစ်သည်။ (၅) ထိုပရောဖက်နှုတ်၌ ငါ့စကားကိုလိုအပ်သဖြင့် ဆိုသည်မှာ ဝိညာဉ်တော်တန်ခိုးမှုတ်သွင်းခြင်းဖြစ်သည်။ (၆) ငါမှာထားသမျှတို့ကို သင်တို့အား ဆင့်ဆိုမည် ဆိုသည်မှာ  ထိုသူပြောသမျှသည် ဘုရားစကားတော်ဖြစ်သည်။ (၇) လူတိုင်းနာခံလိုက်လျှောက်ကြရမည်။

ဤကျမ်းချက်တွင် ပရောဖက်သည် ဘုရားသခင်နှင့်လူအကြား သံတမန်တော်ဖြစ်သည်။ လူများသည် ဘုရားသခင်အား တိုက်ရိုက်တွေ့ဆုံဖူးမြင်ခြင်းမပြုရဲကြောင်း သိနာတောင်တွင် ဝန်ခံခဲ့ကြသည်။ မီးလောင်သေဆုံးကြမည်ကို ကြောက်ကြသည်။ သို့ကြောင့် ဘုရားသခင်လည်း ကိုယ်တော်တိုင်ကြွဆင်းမလာဘဲ၊ လူအများလက်ခံဖူးမြင်နိုင်အောင် ယေရှုခရစ်တော်ဘဝဖြင့် ဆင်းသက်လာသည်။ သို့ကြောင့်လည်း ယုဒလူမျိုးများက မေရှိယသခင်အား ဖူးမြင်ခွင့်ရရှိကြသည်။ (ယော ၆:၁၄၊ ၇:၄၀)။

၁၈:၂၀၂၂ မိစ္ဆာပရောဖက်များသည် အသွင်သဏ္ဍာန်ပုံစံအမျိုးမျိုးဖြင့် ဉာဏ်ညီဉာဏ်နက်၊ ဉာဏ်ခရမ်းရောင် ထုတ်သုံးတတ်ကြသည်။ ဘုရားသခင်ထံမှ ဝေးကွာအောင် လူအပေါင်းအား နည်းလမ်းအမျိုးမျိုးဖြင့် ပထုတ်ကြသည်(၁၃:၁-၅) ဤနေရာတွင် ခြားနားသူများ၏ တာဝန်ပြဌာန်းထားသည်။ ထိုသို့သော မိစ္ဆာပရောဖက်ကြုံလျှင် ကြောက်ရွံ့စရာမလို၊ အသေသတ်ခိုင်းသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။