တရားဟောရာကျမ်း - ၁၇

1အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာပါသော သိုး၊ နွားကို၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သောယဇ်ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
2-3သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊ 4သင်သည် သတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဖွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊ 5ထိုဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။ 6သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။ 7ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။
8သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ 9ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။ 10ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သားတို့သည် ဖော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။ 11သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။ 12သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုစောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေသတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။ 13ထိုသတင်းကို လူခပ်သိမ်းတို့သည်ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တစ်ဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
ဘုရင်နှင့်ဆိုင်သောညွှန်ကြားချက်
14သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တစ်ပါးသောလူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊ 15သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။ 16ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ 17သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။ 18-20ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကိုရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။

တရားဟောရာကျမ်း - ၁၇ (အနက်ဖွင့်)

(တရားသူကြီးများနှင့် ရှင်ဘုရင်များ (အခန်း ၁၇)

          ၁၇: ယဇ်ပူဇော်ရမည့် ယဇ်ကောင်များသည် အရောင်အဆင်း၊ ကိုယ်လက်အင်္ဂါ၊ အပြစ်အနာစာမှဲ့ တစ်ပေါက်မစွန်းစေရ။ စင်းလုံးချောဖြစ်ရမည်။ ခြောက်ပြစ်ကင်းသဲလဲစင် ဘုရားသခင်၏ သိုးသူငယ်ပုံဆောင်သည်။

၁၇: တစ်စုံတစ်ဦးသည် ရုပ်တုကိုးကွယ်ရန် ပြင်ဆင်ချဉ်းကပ်နေသည်ဟု မယုံသင်္ကာရှိလျှင် သက်သေနှစ်ဦး၊ သုံးဦးရှေ့မှာ စစ်ဆေးရသည်။ ဟုတ်မှန်ထင်ရှားလျှင် ခဲဖြင့် ဝိုင်းပေါက်သတ်ပစ်ရသည်။

၁၇:၁၃ ဥပဒေကြောင်းရေးရာနှင့် ညှိစွန်း၍ ရပ်ရွာလူကြီးသူမများက ညှိနှိုင်းကြည်အေးအောင် မဖြေရှင်းနိုင်လျှင် တရားသူကြီးထံသို့ ပို့ဆောင်ရမည်။ ယဇ်ပုရောဟိတ်များနှင့် တရားသူကြီးအဖွဲက ထိုအမှုမျိုးကို စုပေါင်း စစ်ဆေးကြားနာရသည်ဟု ၁၇:၉၊ ၁၇:၁၂ နှင့် ၁၉:၁၇ တို့တွင် ပြဌာန်းထားသည်။ ယဇ်ပုရောဟိတ်ကြီး နှင့် တရားသူကြီးချုပ်တို့က ခုံသဘာပတိအဖြစ်ဦးဆောင်ရသည့်အကြောင်း အပိုဒ်ငယ် ၁၂တွင် ပြဌာန်းထားသည်။ ဘုရားသခင်၏ သန့်ရှင်းသောဌာနတော်ရှေ့တွင် စစ်ဆေးကြားနာရသည်။ ထိုခုံသမာဓိ အဖွဲ့၏ အပြီးသတ်သတ်ဆုံးဖြတ်ချက်သည် တရားသေဖြစ်သည်။ ဣသရေလတို့၏ အမြင့်ဆုံးတရားဓမ္မရုံး ဖြစ်သည်။ အကယ်၍ ယဇ်ပုရောဟိတ်ကြီး၊ တရားသူကြီးချုပ်၏ စီရင်ဆုံးဖြတ်ချက် စောဒကထပ်တက်လျှင် သေဒဏ်သင့်ရသည် (ငယ် ၁၂၊၁၃)။

၁၇:၁၄၂၀ ဣသရေလလူတို့အား စနစ်တကျအုပ်ချုပ်ကွပ်ကဲရန် ရှင်ဘုရင် လိုအပ်ကြောင်း ဘုရားသခင် သိမြင်တော်မူသည်။ နှစ်ပေါင်း (၄၀၀) လုံးလုံး ရှင်ဘုရင်မရှိခဲ့ကြ။ သို့ကြောင့်အရည်အချင်း ပြည့်မီသော ရှင်ဘုရင်ရွေးချယ်ရသည်။ လိုအပ်သောအရည်အချင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဘုရားသခင်ရွေးချယ်ခန့်အပ်သောသူဖြစ်ရသည် (ငယ် ၁၅)။

(၂) ဣသရေလလူမျိုးထဲက ဖြစ်ရသည် (ငယ် ၁၅)။

(၃) မြင်းကောင်ရေအများအပြားမမွေးရ။ စစ်သွေးစစ်မာန်တက်ကြွမည်စိုးသောကြောင့် ကြိုတင်ဟန့်တားခြင်း ဖြစ်သည်(ငယ် ၁၆)။

(၄) လူများအား အဲဂုတ္တုပြည်သို့ပြန်ခွင့်မပြုရ။ မြင်းများယူဆောင်ကုန်မည်စိုးသောကြောင့် ဖြစ်သည်(ငယ်၁၆)။

(၅) မိန်းမအများအပြားမယူရ။ (ထိုသို့တားမြစ်ခြင်းသည် စိတ်အာရုံထွေပြားခြင်းမရှိစေလိုသာမက၊ ရုပ်တုနောက်သို့ ဖျားယောင်းသွေးဆောင်ကြသည်။ စိုးရိမ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးပရိယာယ်အရ အခြားလူမျိုးများက သမီးကညာဆက်သ မဟာမိတ်ပြုကြသဖြင့် ဘုရားတု ကိုးကွယ်ခြင်း ရောဂါဆိုးပါလာနိုင်သည် (ငယ်၁၇)။

(၆) ရွှေ၊ ငွေ ဘဏ္ဍာအမြောက်အမြား မစုရ။လောဘရမက်တက်၍ ဘုရားသခင်မေ့လျှော့သွားနိုင်သည်(ငယ်၁၇)။

(၇) ဘုရားသခင်၏ပညတ်တော်များကို ဖတ်ရှုရေးမှတ်၍ နာခံရမည်။ သို့ဖြင့်ဘုရားတရားသိရှိ၍ ယဉ်ကျေး သိမ်မွေ့ရသည် (ငယ် ၁၈-၂၀) ပညတ်တရားအစဉ်အမြဲထိန်းသိမ်းခြင်းဖြင့် တိုင်းသူပြည်သားလူအများ၏ ရိုသေလေးစားဖွယ်ရာ စံပြပုဂ္ဂိုလ်ဖြစ်ရမည်။

(၈) မထီမဲ့မြင်ပြုခြင်း၊ မာနထောင်လွှားခြင်းမရှိရ (ငယ် ၂၀)။

ရှောလမုန်ဘုရင်၏ ရွှေခေတ်တွင် ဤအချက်များကိုတစ်ခုမကျန် ဆန့်ကျင်သောကြောင့် သူ့နိုင်ငံတော်သည် သမိုင်းကာလရှည်ကြာခြင်းမရှိဘဲ တိမ်ကော ပျောက်ကွယ်ခဲ့သည် (၃ရာ ၁၀:၁၄-၁၁:၁၀)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။