တရားဟောရာကျမ်း - ၁၅

သတ္တမနှစ်
(ဝတ်၊ ၂၅:၁-၇)
1ခုနစ်နှစ်တစ်ခါ လွှတ်ခြင်းကို ပြုရမည်။ 2လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်းကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။ 3တစ်ကျွန်းတစ်နိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲလွှတ်ရမည်။ 4သင်၌ဆင်းရဲသားမရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် အမွေခံဖို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကိုအလွန် ကောင်းချီးပေးတော်မူမည်။ 5ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။ 6သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသောအခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။ 7သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစ်စုံတစ်မြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ 8သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။ 9သင့်စိတ်နှလုံး၌ ဆိုးညစ်သောသဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအားအော်ဟစ်သဖြင့်၊ သင်၌အပြစ်မရောက်မည်အကြောင်း သတိပြုလော့။ 10အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူမည်။ 11သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထိုကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။
ကျေးကျွန်များဆိုင်ရာပညတ်
(ထွ၊ ၂၁:၁-၁၁)
12သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။ 13လွှတ်သောအခါ၊ လက်ချည်းမလွှတ်ဘဲ၊ 14သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ်တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။ 15သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။ 16သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက်မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သားတို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊ 17သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။ 18သင်၏ကျွန်ကိုလွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံသဖြင့်၊ သူငှားဆောင်ရွက်သော အမှုနှစ်ဆကို သူသည်ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားသည်လည်း သင်ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။
အဦးဖွားသောသိုးနွား
19သင်၏သိုးနွားတို့တွင် အဦးဖွားသော အထီးရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ အဦးဖွားသောနွား၊ အဦးဖွားသောသိုးကို မသုံးဆောင်ရ။ 20ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့်တကွ ကိုယ်တိုင်စားရမည်။ 21ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်းအစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစ်စုံတစ်ခုရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူဇော်ရ။ 22သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကိုစားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။ 23သို့ရာတွင် အသွေးကို မစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

တရားဟောရာကျမ်း - ၁၅ (အနက်ဖွင့်)

(အကြွေးရှင်များနှင့်ကျေးကျွန်များသက်ညှာခြင်း (အခန်း ၁၅)

          ၁၅: ခုနှစ်နှစ်ပြည့်လွန်တိုင်း ဣသရေလလူမျိုး၏ အကြွေးကိ လျှော်ပစ်ရမည်။ ခုနှစ်နှစ်ဆိုသည်မှာ ဥပုသ်နှစ်ဖြစ်သည်။ ယုဒလူများကို အကြွေးလျှော်ပစ်ရသော်လည်း အခြားလူမျိုးကြွေးရှင်နှင့်မသက်ဆိုင်။ ယုဒလူမျိုးနှင့်သာ သက်ဆိုင်သည်။ ထိုအကြောင်းကို Matthew Hery က ဤသို့ဆိုသည်။

သတ္တမနှစ်မြောက်တိုင်းသည် လွတ်ငြိမ်းချမ်းသာပေးသောနှစ်ဖြစ်သည်။ အစေခံများ အလုပ်လွှတ်ရသကဲ့သို့ မြေကြီးကိုလည်း အနားပေးရသည်။ သူများထံမှ ချေးယူထားသော အကြွေးများလည်း ထိုနှစ်တွင် လျှော်ပစ်ရသည်။ သို့သော်လည်း ပေးနိုင်ပါလျက်နှင့် ခုနှစ်နှစ်ပြည့်မြောက်အောင် ပေကပ်မနေရ။ အမှန်တကယ် မပေးနိုင်လျှင် လျှော်ပစ်ရမည်။ ထို့နောက်ပိုင်းတွင်လည်း တရားဥပဒေအရ တောင်းဆိုခွင့်မရှိ။

            “ခုနှစ်” ဟူသောဂဏန်းသည် သမ္မာကျမ်းစာတွင် ပြည့်စုံခြင်း သင်္ကေတဖြစ်သည်။ ဤကျမ်းချက်တွင်လည်း အချိန်စေ့ခြင်းကိုဆိုလိုသည်။ အချိန်စေ့သဖြင့် ဘုရားသခင်က သားတော်အား အပြစ်သားများထံသို့စေလွှတ်ခြင်းမျိုးဖြစ်သည်။ ဘုရားသားတော် စေလွှတ်သောနှစ်သည် ယုဒလူများအတွက် (ငယ်၃)သာမဟုတ်ပါ။ လူသားအားလုံးနှင့် သက်ဆိုင်သည်။

၁၅: အပိုဒ်ငယ် ၄နှင့်၁၁တွင် ပါရှိသော “ဆင်းရဲသားမရှိစေရ” ဟူသော စကားရပ်ကို ဝိရောဓိ ဖြစ်နိုင်ဖွယ်ရာရှိသည်။ အပိုဒ်ငယ် ၁၁သည်ထာဝစဉ် ဆင်းရဲသူများကို ဆိုလိုသည်။ Bullinger ၏ ရှင်းပြချက်ကို စစ်ကူခေါ်ချင်ပါသည်။ အပိုဒ်ငယ် ၄ တွင် “သင်တို့အထဲ၌ ဆင်းရဲသူမရှိရေး” ဟု ဆိုထားခြင်းမှာ အချင်းချင်းကြားတွင် သူဆင်းရဲမရှိအောင် (၇)နှစ်တစ်ကြိမ် အကြွေးလျှော်ပစ်ရမည်ဟု ဆိုလိုသည်။ ထိုသို့ အကြွေးလျှော်ပစ်သောကြောင့် ကြွေးမြီရှင်က နစ်နာမသွားပါ။ လျှော်ပစ်ရသောအဖိုးအခထက် အဆပေါင်းများစွာ ဘုရားရှင်က ဆပ်ပေးသည်။ ကောင်းကြီးချပေးသည်။ အပိုဒ်ငယ် ၁၁တွင် ပါရှိသည့်ဆင်းရဲသားဆိုသည်မှာ ထာဝစဉ် ဆင်းရဲသူများဖြစ်၍ ခဏတဖြုတ်ချေးငှါးလိုက်၊ မကြာခဏတောင်းစားလိုက်၊ ဆိတ်ပါးစပ်နှမ်းပက် ပေးကမ်းလိုက်ခြင်းဖြစ်သည်။

၁၅:၁၁ သတ္တမနှစ်တွင် အကြွေးလျှော်ပစ်မည်ကို နှမြောတသသောအားဖြင့် သတ္တမနှစ်ရောက်ခါနီးတွင် အကြွေးပေးကမ်းမပြုဘဲမနေရ။ ထိုသို့အကြွေးချေးလိုက်ရန်ငြင်းဆန်ခြင်းသည် ဆိုးသောအကျင့်ဖြစ်သည်။ ယုဒလူမျိုးများသည် အကြွေးပေးငှါးရမ်းခြင်းမလွတ်ကင်းစေရ။ ပေါလုကလည်း ဤအပိုဒ်ငယ် ၁၀မှ မောရှေ စကားကို ကိုးကာ၍ ၂ကော ၉:၇တွင် စိတ်သဒ္ဓါကြည်လင်ရက်ရောစွာပေးကမ်းခြင်းကို ဘုရားသခင် နှစ်သက်တော်မူသည်” ဟုဆိုထားသည်။ ဤကျမ်းစကားသည် အမိန့်ပေးခြင်းသာမက ကတိတော်လည်း ဖြစ်သည်။ “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသူသည် ကိုယ်တိုင်ရေလောင်းခြင်းခံရမည်” (သု၁၁:၂၅)။

၁၅:၁၂၁၅ သတ္တမနှစ်ရောက်လျှင် ဟေဗြဲကျွန်တစ်ယောက် လွှတ်ပေးရသည် (ငယ် ၁၂-၁၈)။ သို့သော်လည်း လက်ချည်းဗလာမလွှတ်ရ။ ဣသရေလလူများ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် ရွှေတွဲလွဲ၊ ငွေတွဲလွဲဖြင့်ထွက်လာဖို့ ဘုရားရှင်စီစဉ်ပေးသည်ကို ကိုယ်ချင်းစာနာတတ်ရမည် (ထွ ၁၂:၃၅၊၃၆)။ ထိုကဲ့သို့ပင် အစေခံကျွန်အား လွှတ်လိုက်သောအာခါ ကိုယ်လုံးတီးမလွှတ်ရ။ ဘုရားသခင်က သင့်အပေါ်သို့ ကောင်းမှုချမ်းသာ ပေးခဲ့သကဲ့သို့ သင့်ညီအစ်ကိုများကိုလည်း သင်နှင့်ထပ်တူ ခံစားစေပါဟု ဘုရားရှင်က ရွှေပညတ်တော် ပြဌာန်းပါသည်။

၁၅:၁၆၁၈ အခြားတစ်ဘက်တွင် ထိုဟေဗြဲကျွန်သည် လွတ်ငြိမ်းချမ်းသာခွင့်မယူဘဲ၊ အစေခံကောင်းအဖြစ် တစ်သက်လုံး ကျွန်ခံချင်ကောင်းခံချင်မည်။ ထိုသို့ဆိုလျှင် တံခါးဝတွင် သူ့နားရွက်ကို စူးဖြင့်ဖောက်ရမည်။ ကျေးကျွန်သည် အစေခံ၏ နှစ်ဆ အလုပ်အကျွေးပြုခဲ့ပြီးဖြစ်၍ နှမြောတွန့်တိုခြင်း မရှိရ။

၁၅:၁၉၂၃ အပိုဒ်ငယ် ၁၉သည် အပိုဒ်ငယ် ၁၆၊ ၁၇ ၏အဆက်ဖြစ်သည်။ ယေဟောဝါဘုရားနှင့်အတူ ခါနန်ပြည်သစ်တွင် စိုးစံကြမည့် ဣသရေလတို့ လိုက်နာကျင့်ဆောင်ရမည့် တာဝန်ပြဌာန်းချက်ဖြစ်သည်။

၁။ ပထမဦးဆုံးမွေးသောတရိစ္ဆာန်ကို ဘုရားရှင်ထံပူဇော်ရမည် (၁၅:၁၉-၂၃)

၂။ ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲကျင်းပရမည် (၁၆:၁-၈)

၃။ သီတင်းပတ်ပွဲတော်(သို့) ပင်တေကုတ္တေနေ့ပြုလုပ်ရမည် (၁၆:၉-၁၅)

၄။ တဲတော်ပွဲကိုလည်း ပွဲခံရမည် (၁၆:၁၃-၁၇)

စင်ကြယ်သောတိရစ္ဆာန်ပထမဆုံးမွေးသည့် အကောင်ကို ဘုရားသခင်ထံယဇ်ပူဇော်ရမည်။ ရွှေပွဲလာမည့်ပရိသတ်များသည် ထိုယဇ်ကောင်ကို စားသုံးခွင့်ရှိကြသော်လည်း အသွေးမစားရ။ ထိုပူဇော်မည့် ယဇ်ကောင်သည် အပြစ်အနာအဆာကင်းရမည်။ စင်းလုံးချောဖြစ်ရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။