တရားဟောရာကျမ်း - ၁၁
တရားဟောရာကျမ်း - ၁၁ (အနက်ဖွင့်)
၁၁:၁–၇ မောရှေက ဣသရေလတို့အား အတိတ်သမိုင်းကြောင်းကို သင်ခန်းစာယူတတ်ကြဖို့ တဖန် တိုက်တွန်းသတိပေးသည်။ ဝိညာဉ်သင်ခန်းစာ ရယူစေချင်သည်။ အပိုဒ်ငယ်၂သည် ကန္တာရခရီးစဉ်ကာလတွင် မွေးဖွားသူများအား ရှေးဘိုးဘေးများအကြောင်း ပြန်လည်ဖောက်သည်ချခြင်းဖြစ်သည်။ အဲဂုတ္တုပြည်မှ ထွက်ခွာစဉ် တိုက်ပွဲဝင်နိုင်သော အသက်(၂၀)အရွယ်နှင့်အထက် ယောက်ျားသားများသည် ပြည်တော်သို့ ဝင်ခွင့်မရကြ(၂:၁၄၊ ယောရှု ၅:၆)။ ဘုရားသခင်သည် ဣသရေလလူတို့အား အဲဂုတ္တုကျွန်ဘဝမှ ရွေးထုတ်၍ ကန္တာရလွင်ပြင်တွင် ခရီးရှည်ချီတက်စေခဲ့သော်လည်း ဒါသန်နှင့်အဘိရမ်အရပ်၌ ပုန်ကန်ခြားနားမှုအား ခွင့်မလွှတ်။ ရုပ်တုကိုးကွယ်သော အဲဂုတ္တုသားများနှင့် ပုန်ကန်ထောင်လွှားသူများအား အပြစ်စီရင် ဖျက်ဆီးသော်လည်း ဘုရားသခင်သည် စိတ်တော်ချမ်းမြေ့ခြင်းမရှိ။
(င) နာခံသူများအတွက်ဆုလက်ဆောင် (၁၁:၈–၃၂)
၁၁:၈–၁၇ ယနေ့ငါမှာထားသော ကတိတော်ကို စောင့်ရှောက်လော့(ငယ်၉) ဆိုသည်မှာ အပိုဒ်ငယ်(၈)တွင် ပါရှိသော ကတိတော်မြေ၌ အသက်တာရှည်မည့်အကြောင်းဖြစ်သည်။ နာခံခြင်းရှိလျှင်ကတိတော်မြေ၌ ပျော်ရွှင်ချမ်းသာကြမည်။ (ငယ် ၁၀-၁၂)။ ခြေဖြင့် ရေလောင်းရသောပြည်ဆိုသည်မှာ ခြေထောက်ဖြင့် တုံကင်ရေ နင်းခတ်ကြမည့် အကြောင်းဖြစ်သည်။ အဲဂုတ္တုပြည်တွင်မူ ဆည်မြောင်းများဖြင့် ရေဖောက်သွယ်စိုက်ပျိုးရသည်။ ကတိတော်မြေတွင်မူကား ဘုရားသခင်က အထူးစီစဉ်ပေးထားသည် (ငယ်၁၁၊၁၂)။ နာခံခြင်းလက်ဆောင်အဖြစ် စိုက်ပျိုးသီးနှံအောင်မြင်ဖြစ်ထွန်းစေမည့် ရွှေမိုး ငွေမိုး သွန်းဖြိုးစေမည် (ငယ် ၁၃-၁၅)။ သို့သော် ကြွယ်ဝချမ်းသာခြင်းဖြင့်၎င်း၊ ရုပ်တုဆင်းတုဘုရားတုကိုးကွယ်ခြင်းဖြင့်၎င်း ထာဝရဘုရားသခင်အား မမေ့လျော့ကြဖို့ သတိပေးထားသည်။
၁၁:၁၈–၂၁ ဘုရားသခင်၏ နှုတ်ကပတ်တော်က တဆွေလုံးတမျိုးလုံးကို အသက်တာ ပြောင်းလဲစေရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်က ချစ်ခြင်းမေတ္တာစိုပြေ၍ ဘဝအသက်တာ ပြေလွင်စေပါသည်။ နှုတ်ကပတ်တော်အတိုင်း အသက်တာရှင်သန်လျှင် နာခံခြင်းလက်ဆောင်အဖြစ် သင်တို့သားသမီးများ အသက်တာသည် ကောင်းကင်၌ အသက်တာရှည်သကဲ့သို့ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်(ငယ်၂၁)။
၁၈ရာစုနှစ်တိုင်အောင် ယုဒများသည်သမ္မာကျမ်းစာအုပ်အသေးလေးကို နဖူးပေါ် အမြဲတင်၍ တံခါးဝတိုင်မှာလည်း ချည်ထားကြသည်။ (အချို့က ယနေ့ကာလတိုင်အောင် လုပ်နေကြသည်)။ အပိုဒင်ငယ် ၁၉ ၏ အနှစ်သာရအဓိပ္ပါယ်မှာ လက်ထဲတွင် ကျမ်းစာ ဆုတ်ကိုင်ခြင်းသည် မဟုတ်မမှန်သော အလုပ်မလုပ်ဖို့၊ ဘုရားတရားနှင့်မသက်ဆိုင်သော နေရာတွင် လက်ကို အသုံးမပြုဖို့ တားမြစ်ခြင်းဖြစ်သည်။ မျက်စိနှစ်လုံးကြားတွင် ထားရှိခြင်းဆိုသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြတ်ရှေးရှုဖို့ ဖြစ်သည်။ ကြည့်လျှင်မြင်သည်။ မြင်လျှင် လိုချင်တပ်မက်စိတ်ရှိလာသည်။ သို့ကြောင့် အိမ်တံခါဝတိုင် ကျမ်းစာချိတ်ထားခြင်းဆိုသည်မှာ မိမိအိုးအိမ်နှင့် ထိုက်တန်အောင် ချင့်ချိန်နေတတ်ဖို့၊ မိမိနေအိမ်သည် ဘုရားသခင်စိုးစံရာဖြစ်ကြောင်း အိမ်ဝင်ထွက်တိုင်း အောက်မေ့ဆင်ခြင်ဖို့ သတိပေးခြင်းဖြစ်သည်။ အထူးသဖြင့် ယုံကြည်မှု နုနယ်သေးသော လူငယ်လူရွယ်များကို သတိပေးပါသည် (Daily Notes of the Scripture Union)။
၁၁:၂၂–၂၅ ဘုရားသခင်နှင့်အတူလျှောက်လှမ်းသူများသည် ခါနာန်လူများနှင့် ပြည်ပေါ်တွင် ဣန္ဒြေရရ လျှောက်လှမ်းသွားလာနိုင်သည်။ ပိုင်ဆိုင်မှုအကြောင်းကို အပိုဒ်ငယ် ၂၄တွင် ရှင်းပြထားသည်။ ကတိတော်ပြုထားသည့်အတိုင်း တိုင်းပြည်မား ပိုင်ဆိုင်ကြရမည်ဖြစ်သော်လည်း စည်ပင်ဝပြောရန်မှာ မိမိပိုင်မြေအဖြစ် စိတ်နှလုံးသွင်းရမည်။ အပိုဒ်ငယ် ၂၄တွင် ပါရှိသည့်နယ်နိမိတ်သည် ဣသရေလသမိုင်းတွင် မထင်ရှားခဲ့။ ရှောလမုန်မင်းလက်ထက်တွင် မြစ်ကြီး(ဥဖရတ်မြစ်)မှ အဲဂုတ္တုပြည်(၃ရာ ၄:၂၀)ထိ ကျယ်ပြန့်ခဲ့သော်လည်း စင်စစ်ဣသရေလတို့ မြေအဖြစ် ပေါ်လွင်သတ်မှတ်ခြင်းမရှိ။ ရှောလမုန်မင်း လက်ထက်တွင်လည်း အခွန်အတုတ်ပေးဆောင်ခြင်းဖြင့်သာ၊ အသိအမှတ်ပြုခဲ့သည်။ သို့ကြောင့် အပိုဒ်ငယ် ၂၄ ပါ နယ်နိမိတ်များသည် ခရစ်တော်ဘုရားနိုင်ငံတော်တည်ထောင်လာသောအခါ ပြည့်စုံမည့်အချက်ဖြစ်သည်။
၁၁:၂၆–၃၂ ဣသရေလလူမျိုးတို့တွင် ရွေးချယ်စရာလမ်း နှစ်ခုရှိသည်။ ကောင်းကြီးမင်္ဂလာ ရွေးချယ်မည်လား။ ကျိန်ခြင်းအမင်္ဂလာရွေးချယ်မည်လား။ နာခံခြင်းရှိလျှင် ကောင်းကြီးမင်္ဂလာ ခံစားမည်။ နာခံခြင်းမရှိလျှင် ကျိန်ခြင်းအမင်္ဂလာခံစားရမည်။ ခါနန်မြေ၏ တောင်နှစ်လုံးဖြင့် ပုံဥပမာပြုသည်။ ယော်ဒန် မြစ်အနောက်ဘက်ကမ်း၌ ရှိကြသော ဂေရဇိမ်တောင်သည် ကောင်းကြီးမင်္ဂလာတောင်ဖြစ်၍ ဧဗလတောင်သည် ကျိန်ခြင်းအမင်္ဂလာတောင်ဖြစ်သည်။ ထိုတောင်နှစ်လုံးသည် ရှေခင်အနီးတွင်ရှိ၍ တလုံးနှင့်တလုံးအား ချိုင့်ဝှမ်းဖြင့် ခြားထားသည်။ တစ်ဝက်သည် ဂေရဇိမ်တောင်ဘက်သို့ လှည့်မူ၍ ယဇ်ပုရောဟိတ်က တောင်ပေါ်မှ ကောင်းကြီးမင်္ဂလာပေးသည်။ နာခံခြင်းမရှိသော အခြားလူမျိုး(၆)မျိုးသည် ဧဗလတောင်ဘက်သို့ လှည့်မူကြ၍ ထိုတောင်ပေါ်မှ ယဇ်ပုရောဟိတ်က ကျိန်ခြင်းအမင်္ဂလာပေးသည်။ ထိုသို့ယဇ်ပုရောဟိတ်အသီးသီးက ဆိုင်ရာ မင်္ဂလာစကားဆိုကြသောအခါ ပရိသတ်အပေါင်းက အာမဘန္ဒေခံယူကြရသည်။ ထိုတောင်နှစ်လုံးပတ်သက်သော အသေးစိတ်အချက်အလက်များကို ၂၇:၁၁-၂၆တွင် မှတ်တမ်းတင်ထားသည်။
သပိတ်ပင်အကြောင်းကို က ၃၅:၁-၄တွင် မှတ်တမ်းတင်ထားသည်။ လွန်ခဲ့သော ရာစုနှစ်များစွာက ယာကုပ်မိသားစုက စိုက်ထူခြင်းဖြစ်သည်။ ထိုကျမ်းစကားသည် ပထဝီဒေသအမှတ်အသားသာမက ဝိညာဉ်ရေးရာ နယ်ပယ်၌လည်း အရေးကြီး ထင်ရှာသောအမှတ်လက္ခဏာဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။