ဒံယေလအနာဂတ္တိကျမ်း - ၈

သိုးနှင့်ဆိတ်ရူပါရုံ
1ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တစ်ဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူမူကား၊ 2ဧလံပြည်၊ ရှုရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ်၊ ရူပါရုံထင်ရှား၍၊ 3ငါမျှော်ကြည့်သော်၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် မြစ်တစ်ဖက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။ 4ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှ မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လေ၏။
5ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိနှစ်လုံးကြား၌ ထူးဆန်းသော ချိုတစ်ချောင်းရှိသော ဆိတ်တစ်ကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကိုမနင်းဘဲ မြေကြီးတစ်ပြင်လုံးကို ကျော်လေ၏။ 6ချိုနှစ်ချောင်းနှင့် မြစ်တစ်ဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍၊ 7အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။ 8သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုးကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။ 9ထိုချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသော ချိုတက်တစ်ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့လည်းကောင်း၊ အရှေ့မျက်နှာသို့လည်းကောင်း၊ သာယာသောပြည်သို့လည်းကောင်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ 10ကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။ 11ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။ 12အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
13ထိုအခါ သန့်ရှင်းသူတစ်ပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်လည်းကောင်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊ 14ယခင်ပြောသောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ ပြောဆို၏။
ရူပါရုံအနက်ကိုဂါဗြေလဖော်ပြခြင်း
15ငါဒံယေလသည် ထိုရူပါရုံကိုမြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။ 16အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့ဟု၊ ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ 17ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အား ပြောဆို၏။ 18ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည် ငါ့ကိုလက်နှင့်တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊ 19ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတ္တံ့သောအရာကို ငါကြားပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
20ချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင် ဖြစ်၏။ 21အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။ 22ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက်သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။ 23ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသော သူတို့၏အပြစ် ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတစ်ပါး ပေါ်လာလိမ့်မည်။ 24ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။ 25သူသည် လိမ္မာစွာပြုသဖြင့်၊ မုသားလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိတ်သဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင်ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 26ညဉ့်ဦးနှင့် နံနက်ကို ဖော်ပြသော ဗျာဒိတ်ရူပါရုံစကား မှန်သည်ဖြစ်၍ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
27ထိုအခါ ငါဒံယေလသည် မော၍ နာလျက်နေ၏။ တစ်ဖန် အနာမှထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။

ဒံယေလအနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)

၈။ ဒံယေလ၏ ဗျာဒိတ်တော် ဆိတ်နှင့်သိုး (အခန်း၈)

၈:၁-၄ နောက်(၂)နှစ်ကြာသောအခါ ဒံယေလဗျာဒိတ်မြင်ရပြန်သည်။ သိုးထီးနှင့် ဆိတ်ထီးတစ်ကောင်မြင်ရသည်။ ဦးချိုနှစ်ချောင်းရှိသော သိုးထီး၏ရူပါရုံမှာ Medo နှင့် Persian ဘုရင်ဖြစ်သည်။ ဦးချိုနှစ်ချောင်းသည် တဖက်နှင့်တဖက်မညီ။ တဖက်တို တဖက်ရှည်ဖြစ်နေသည်။ Persian ဘုရင်ကဘုန်းတန်ခိုး ပိုမိုပြည့်စုံမည့် လက္ခဏာဖြစ်သည်။ ထိုသိုးထီးသည် အနောက်အရပ်၊ မြောက်အရပ်နှင့်ရှေ့အရပ်များကို အောင်နိုင်သည်။ ခုခံနိုင်စွမ်းရှိကြပုံမရ။

၈:၅-၈ ထို့နောက်ဆိတ်ထီး(ဂရိ-မာကေဒေါနိ) သည် နောက်အရပ်မှထွက်လာ၍ မြေကိုမနင်းဘဲ၊ လေအဟုန်ကဲ့သို့ မြေကြီးတပြည်လုံးကို ကျော်လွှား၏ ဆိတ်ထီးတွင် စွမ်းအားထက်မြက်တောင့်တင့်သော ဦးချို(မဟာအလက်ဇန္ဒား) ရှိသည်။ ထိုဆိတ်ထီးသည် သိုးထီးကိုဝှေ့ခတ် နှိမ်နင်း အောင်မြင်လေသည်။ မဟာအလက်ဇန္ဒားကွယ်လွန်သောအခါ သူ့တိုင်းပြည်ကို စစ်သူကြီးလေးပါးက လေးပိုင်းခွဲစိပ် သိမ်းပိုက်ယူကြသည်။ ခွန်အားကြီးလွန်း၍ဦးချိုကျိုးပဲ့ခြင်း၊ ထူးဆန်းသောဦးချိုလေးချောင်းပေါက်၍ ကောင်းကင်အရပ်လေးမျက်နှာသို့ ပြခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်။

၈:၉-၁၄ ထိုလေးချောင်းများထဲမှ ဦးချိုတစ်ချောင်းသည် အခြားဦးချိုတစ်ချောင်းထဲပေါက်ခြင်းမှာ အန္တိသြခုဧပိဖနိမင်း Antiochus Epiphanes ဖြစ်သည်။ အရှေ့အရပ်၊ တောင်အရပ်နှင့်ပါလေတိန (ပါလက်စတိုင်း) ပြည်များသို့ မျက်နှာပြုသည်။ အပိုဒ်ငယ် ၁၀ သည် ယုဒများကို ညှဉ်းပန်းနိုပ်စက်ခြင်းအကြောင်းဖြစ်သည်။ ယေရုရှလင်တွင် ဝတ်ပြုကိုးကွယ်မှုရပ်ဆိုင်းစေခြင်းဖြင့် ဘုရားအားပြစ်မှားသည်။ သန့်ရှင်းသောဗိမာန်တော်ကို  လည်း ရှုတ်ချသည်(ငယ်၁၁,၁၂)။ ထိုအဖြစ်ဆိုးသည် ရက်ပေါင်း(၂၃၆၀)ထိ ကြာရှည်ဦးမည်ဟု ဟောပြောခဲ့သည်။ ဤအဖြစ်အပျက်သည် ဘီစီ ၁၇၁ နှင့်  ၁၆၅ အကြားတွင် ဖြစ်ပေါ်ခဲ့သည်။

၈:၁၅-၁၇ ဒံယေလသည် ဤဗျာဒိတ်ရူပါရုံ၏ အဓိပ္ပါယ်ကို ချက်ချင်းနားမလည်သဘောမပေါက်သော ကြောင့်ကောင်းကင်တမန် ဂါဗြေလက လာရောက်ရှင်းလင်းပြောရသည်။

၈:၁၈-၂၆ ဒံယေလသည် ဘုရားသခင်၏လူ၊ ရဲစွမ်းသတ္တိပြည့်စုံသူဖြစ်သော်လည်း ကောင်းကင်တမန်ရောက်လာသောအခါ ကြောက်ရွံ့တုန်လှုပ်လျက် မြေသို့ပြပ်ဝပ်၍ မိန်းမောတွေဝေသည်။ ဤကျမ်းစကားသည် ဘုရားသခင်၏ဘုန်းတန်ခိုးနှင့် သန့်ရှင်းစင်ကြယ်မှု သယ်ဆောင်လာသော ကောင်းကင်တမန်ကို လူသားများက မဖူးမြော်ဝံ့ရဲသည့်အကြောင်း၊ ဆင်ဖြူ့မျက်နှာ ဆင်မဲ့မကြည့်ဝံ့သည့်အကြောင်း ဖြစ်သည်။ ဗျာဒိတ်ရူပါရုံအကြောင်းကို အငယ် ၁၉-၂၂ တွင်ရှင်းပြထားသည်။ အပိုဒ်ငယ် ၂၃မှစ၍ အန္တိသြခုဧပိဖနိမင်း Antiochus Epiphanes ၏ အနာဂတ်ကံကြမ္မာကိုရှင်းပြသည်။ ရဲရင့်သောမျက်နှာရှိ၍ ဘေးဒဏ်ကြီးကာလတွင် သန့်ရှင်းသူများအား ညှဉ်းပန်းနိုပ်စက်မည့်သူဖြစ်သည်။ ကောက်ကျစ်စဉ်းလဲ၍ မာနထောင်လွှားသည်။ ပရိယာယ်များသည်။ သခင်တို့၏သခင် (သခင်ယေရှုခရစ်တော်)တကိုလည်း ဆန့်ကျင်လိမ့်မည်။ သို့သော်လည်း လူ့လက်ဖြင့်ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးလိမ့်မည်ဟု ဒံယေလအားရှင်းပြသည်။

၈:၂၇ ထိုဗျာဒိတ်ရူပါရုံကို မြင်ရပြီးသောအခါ ဒံယေလသည် အံ့အားသင့်ခြင်းများစွာဖြင့် ရက်ပေါင်းများစွာမောပန်းနုံးချိသွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။