ဒံယေလအနာဂတ္တိကျမ်း - ၇

ဒံယေလမြင်ရသည့်ရူပါရုံများ
(၇:၁-၁၂:၁၃)
သားရဲလေးကောင်
1ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပထမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသောအချက်ကား၊ 2ငါ ဒံယေလသည် ညအခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ 3သဏ္ဌာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်းရှိ၏။ 4ငါ ကြည့်ရှု၍နေစဉ်၊ သူ၏အတောင်ကို နုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့်မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်းရ၏။ ဒုတိယသားရဲသည် ဝံနှင့်တူ၏။ 5တစ်ဖက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စားလော့ဟု သူ့အားပြောကြ၏။ 6တစ်ဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။ 7ထိုညအခါ၊ တစ်ဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ 8ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။
အသက်ကြီးသူတစ်ဦး
9ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏။ 10မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။ 11ထိုအခါ ချိုငယ်ပြောသော စကားကြီးအသံကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ကိုယ်ကို မီးရှို့၍ ဖျက်ဆီးကြ၏။ 12အခြားသော သားရဲမူကား၊ အစိုးရသော အခွင့်တန်ခိုး ရှုံးသော်လည်း၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ၏။ 13ထိုညအခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတစ်ဦးသည် မိုးတိမ်ကိုစီးလျက်၊ အသက်ကြီးသော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ 14အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက် တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
ရူပါရုံများ၏အနက်အဓိပ္ပာယ်
15ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊ 16အနား၌ ရပ်နေသော သူတစ်ယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းသော်၊ 17ထိုသူက၊ ဤသားရဲလေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေးပါးဖြစ်၏။ 18သို့သော်လည်း၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတ္တံ့ဟု အနက်အဓိပ္ပာယ်ကို ကြားပြော၏။
19ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဖွယ်ဖြစ်လျက်၊ သံသွားနှင့်လည်းကောင်း၊ ကြေးဝါ လက်သည်းခြေသည်းနှင့်လည်းကောင်း ပြည့်စုံသဖြင့်၊ ကိုယ်စားချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ 20သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။ 21ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောသူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊ 22ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည်တိုင်အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ၏။
23ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။ 24ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါး ဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ 25အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။ 26ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏တန်ခိုးအာဏာကိုနုတ်၍ ရှင်းရှင်း ဖျက်ဆီးကြလိမ့်မည်။ 27ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ 28ဤရွေ့ကား အနက်အဓိပ္ပာယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသောအာရုံများကို စိတ်နှလုံးထဲ၌ သိုထား၏။

ဒံယေလအနာဂတ္တိကျမ်း - ၇ (အနက်ဖွင့်)

၇။ ဒံယေလ၏ဗျာဒိတ်၊ သားရဲလေးကောင်နှင့်လေးကမ္ဘာ (အခန်း )

ပြီးခဲ့သော ပထမပိုင်းအခန်း(၆)ခုသည် သမိုင်းကြောင်းဆန်သည်။ လာမည့်အခန်း(၆)ခုသည် ပရောဖက်ပြုချက်များ ဖြစ်သည်။ အခန်း(၇)နှင့် (၈)တွင်ပါရှိသော ဒံယေလ၏အိပ်မက်သည် ဗာဗုလုန်ဘုရင် ဗေလရှာမင်းလက်ထက်တွင် ဖြစ်၍  Medesနှင့် Persian များ အင်အားမကြီးထွားမီကာလ ဖြစ်သည်။


ခြင်္သေ့သည် ဗာဗုလုန်နိုင်ငံဖြစ်သည်။ လင်းယုန်ငှက်အတောင်ဆိုသည်မှာ အောင်မြင်စိုးမိုးခြင်း အတိတ်လက္ခဏာ ဖြစ်သည်။ အတောင်နှုတ်သည်ဆိုသည်မှာ နေဗုခပ်နေဇာမင်းကြီး ကျန်းမာရေးချူခြာမည့် နိမိတ်ဖြစ်၍ အပိုဒ်ငယ် (၄) သည် ပြန်လည် နာလံထူမည့် အကြောင်းဖြစ်သည်။

၇:၅ ဝံသည် Medo-Persian ပြည်ကိုယ်စားပြုသည်။  Persian တို့သည်  Median တို့ထက် အရေးပါအရာရောက် တန်ခိုးထက်လာသည်။ နံရိုးသုံးချောင်း၊ ပါးစပ်တွင် ကိုက်ချီခြင်းမှာ ဗာဗုလုန်အင်ပါယာ သုံးစိပ်သုံးမွှာကွဲပြားစေမည့် လက္ခဏာဖြစ်သည်။ ကုရုမင်း Cyrus ဦးဆောင်သော မေဒိနှင့် ပေရသိနိုင်ငံတော်သည် အရှေ့ဘက်တွင် အဲဂုတ္တုနှင့် အာရှိ (အာရှမိုင်းနား) ဒေသပါဝင်ကြသည်။

၇:၆ ကျားသစ်သည် ဂရိပြည်သင်္ကေတဖြစ်သည်။ ကျောပေါ်မှာ ငှက်တောင်လေးခုသည် ဂရိအင်ပါယာ တန်ခိုးကြီးမားပုံကို သရုပ်ဖော်သည်။ လေးဂဏန်းသည် အများနှင့်ဆိုင်သော ကမ္ဘာ့သင်္ကေတဂဏန်းဖြစ်သည်။ တောင်ပံသည် အရှိန်အဟုန်ကို သရုပ်ဖော်သည်။ မဟာအလက်ဇန္နားသည် (၁၃) နှစ်အတွင်းတွင် အရှေ့စွန်းဖျားရှိ အိန္ဒိယနိုင်ငံထိအောင် တိုက်ခိုက်သိမ်းပိုက်၍ အင်ပါယာချဲ့ထွင်နိုင်သည်။ နောက်အသက်(၃၃) နှစ်တွင် ကွယ်လွန်သည် ခေါင်းလေးလုံးပေါ်ထွန်းခြင်းမှာ အလက်ဇန္ဒား၏နောက်တွင် စစ်သူကြီးလေးပါးက အလက်ဇန္ဒား၏ တည်ထောင်ခဲ့သော နိုင်ငံတော်အား ခွဲခြမ်းစိပ်ဖြာခွဲဝေကြမည့် နိမိတ်လက္ခဏာ ဖြစ်သည်။

၇:၇-၈ စတုတ္ထသားရဲကြီးမှာ ခွန်းအားကြီးမားတောင့်တင်း၍ အခြားသားရဲများနှင့်မတူ အဖျက်စွမ်းအားပိုကြီ:သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထိုသားရဲမှာ ရောမအင်ပါယာကို ဆိုလိုသည်။ ဂရိအင်ပါယာ တန်ခိုးကျဆင်းမှေးမှိန်သောအခါ သောင်းကျန်းထကြွမည်။ ဦးချိုဆယ်ချောင်းပေါက်သည်ဆိုသည်မှာ ဘုရင်ဆယ်ပါးပေါ်ထွန်းမည်။ ဦးချိုငယ်ထပ်ပေါက်ခြင်းမှာ ရောမအင်ပါယာတန်းခိုး ကြီးထွားချိန်ကာလတွင် အန္တိခရစ်ပေါ်ထွန်းလာမည့် အကြောင်းဖြစ်သည်။

၇:၉-၁၄ အပိုဒ်ငယ် (၉) တွင် ပဉ္စမနှင့်နောက်ဆုံး တိုင်းနိုင်ငံဖော်ပြထားသည်။ ထိုနိုင်ငံသည် ဘုန်း၏တန်ခိုးကျက်သရေပြည့်စုံသော ယေရှုခရစ်တော်၏ နိုင်ငံတော်ဖြစ်သည်။ ကမ္ဘာလောကကြီးတခုလုံးကို အုပ်စိုးမည်။ ချိန်းချက်သောကာလဆိုသည်မှာ ဗျာ ၁ ပါသည့် ခရစ်တော်ဘုရား၏ နေ့ရက်ကာလဖြစ်သည်။ အပိုဒ်ငယ်(၁၃)တွင် လူသားနှင့်တူသောသူ တစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသော သူ၏အထံတော်သို့ရောက်လာသည်ဟု ဆိုထားသည်။ ထိုစကားအရဆိုလျှင် ခရစ်တော်ကိုယ်တိုင် ရောက်လာမည့်အကြောင်းရှိသည်။ သို့ကြောင့် ချိန်းချက်သောနေ့ရက်သည် အဘဘုရားသခင်ထံတော်သို့ဟု ယူဆသင့်သည်။ လူသားနှင့်တူသော သူတစ်ဦးသည် ခရစ်တော်ဘုရားဖြစ်၍ နိုင်ငံတော်တည်ထောင်ရန် ခမည်းတော်ဘုရားရှေ့သို့ ရေက်လာသည်။

ချိန်းချက်သောနေ့ရက်သည် တရားစီရင်ရာနေ့ရက် ဖြစ်သည် (ငယ် ၁၀၊၂၆)။ ဦးချိုငယ်နှင့် သူ့နိုင်ငံတော်ကို ဖျက်ဆီးမည် (ငယ်၁၁)။ အခြားတိုင်းနိုင်ငံများသည် တန်ခိုးအရှိန်အဟုန်ရပ်တန့်သွားသော်လည်း လူမျိုးများ ဆက်လက်ရှိနေကြမည် (ငယ်၁၂)။ လူမျိုးတကာတို့အား အပ်နှင်းရသော အခွင့်အာဏာကို သခင်ယေရှုလက်တော်သို့ အပ်နှံမည်။ အာဏာစက်သည် ကမ္ဘာအဆက်ဆက်တည်၍ ပျက်ဆီးခြင်းသို့လည်းမရောက်နိုင်။

၇:၁၅-၁၈ ဒံယေလစိတ်ပူပန်၍ ကိုယ်ခန္ဓာတုန်လှုပ်ရခြင်းအကြောင်းကို ရှင်းပြထားသည်။ ထိုသားရဲလေးကောင်မှာ မြေကြီးပေါ်မှာပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်သည်။ သို့သော်လည်း အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းပိုက်၍ ကမ္ဘာအဆက်ဆက် ခံစားကြရမည်။ အမြင့်ဆုံးသောဘုရားသခင်၏ နိုင်ငံတော်ပေါ်ထွန်းလာသောအခါ အထက်ပါလေးနိုင်ငံက ဘယ်ရောက်သွားကြမည်နည်း။ အပိုဒ်ငယ် (၃)တွင် ထိုသားရဲလေးကောင်သည် ပင်လယ်သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသည်ဟု ဆိုထားပါသည်။ ယေဘုယျအားဖြင့် ထိုတိုင်းနိုင်ငံများသည် တပါးအမျိုးသားတိုင်းပြည်များ ဖြစ်ကြောင်း နားလည်ရသည်။ အပိုဒ်ငယ်(၁၇) တွင် မြေကြီးထဲကထွက်ပေါ်လာသည်ဟု ဆိုထားပါသည်။ ထိုလေးနိုင်ငံ၏ စိတ်သဘောထားက မြေကြီးသားအကျင့်စရိုက်ကို ဖော်ညွှန်းသည်။ အသိစိတ်ဝိညာဉ်ရေးရာမပါရှိပါ။

၇:၁၉-၂၂ အခြားသတ္တဝါများကို မညှာမတာရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံကိုက်စားတတ်သာ စတုတ္ထသားရဲအကြောင်းကို ဒံယေလအား အသေအချာ ရှင်းပြသည်။ ဦးချိုဆယ်ချောင်းအကြောင်းနှင့် ယခင်ချိုသုံးချောင်းနှုတ်သွားမည့် အကြောင်း သိချင်သည်။ အသက်ကြီးသောသူရောက်လာလျှင် အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့အား တရားစီရင်ခွင့်အာဏာ အပ်နှင့်မည်။ ထိုချိုငယ်သည် နိုင်ငံတော်သိမ်းယူသည့်နေ့ရက်တိုင်အောင် သန့်ရှင်းသူများကိုစစ်တိုက်၍ အနိုင်ယူမည်။

၇:၂၃-၂၈ သားရဲလေးကောင် ဦးချိုဆယ်ချောင်းနှင့် ဦးချိုငယ်တို့သည် နောက်ပိုင်းတွင် အမြင့်ဆုံးသောဘုရားသခင်ကို ပြစ်မှားကြမည်။ သန့်ရှင့်သူများကို ညှဉ်းပန်းနိုပ်စက်ကြမည်။ ထိုကာလသည် ယုဒပြက္ခဒိန်အရ သုံးနှစ်ခွဲကြာမည်။ (သခင်ခရစ်တော်ဘုရားက မ ၂၄း၂၁တွင် ဖော်ပြသော ဘေးဒဏ်ကြီးကာလဖြစ်သည်)။ သို့သော်လည်း ကိုယ်တော်ဘုရား၏ သွန်သင်လမ်းပြခံယူသူများသည် ထာဝရနိုင်ငံတော်ထဲသို့ ဘုန်းတန်ခိုးပြည့်စုံစွာ ဝင်ရောက်ကြရမည်။ ဒံယေလသည် အံ့သြတုန်လှုပ်စွာရှိလေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။