ဒံယေလအနာဂတ္တိကျမ်း - ၂

နေဗုခဒ်နေဇာမင်း၏အိပ်မက်
1နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊ 2အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှာ မာဂုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊ 3ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်ဟု မိန့်တော်မူ၏။ 4ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကိုမိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက်ကြ၏။ 5ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ်မက်နှင့် အနက်ကို သင်တို့မဖော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက်ချေးပုံဖြစ်စေမည်။ 6အိပ်မက်နှင့် အနက်ကို ဖော်ပြလျှင်၊ ဆုလာဘ်သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့် အနက်ကို ငါ့အားဖော်ပြကြဟု၊ ခါလဒဲပညာရှိတို့ကို မိန့်တော်မူ၏။ 7ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက်ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟု တစ်ဖန်လျှောက်ကြပြန်လျှင်၊ 8ရှင်ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှာ ရွှေ့ချင်သည်ကို ငါအမှန်သိ၏။ 9အိပ်မက်ကို ငါ့အားမဖော်မပြလျှင်၊ သင်တို့သည် အကြံတစ်ခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်းလဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဖို့ ကောက်ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက်ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဖော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍မိန့်တော်မူ၏။
10ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှုအရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တစ်ယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။ 11အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံသော ဘုရားမှတစ်ပါး အဘယ်သူမျှ အရှင်မင်းကြီးရှေ့တော်၌ မထုတ်မဖော်နိုင်ပါဟု တစ်ဖန်ပြန်ကြား လျှောက်ထားကြ၏။ 12ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက်တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟု အမိန့်တော်ရှိ၏။
13ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့ကို သတ်ခြင်းငှာ ရှာကြသော်၊
အိပ်မက်၏အနက်ကိုဘုရားသခင်ဖွင့်ပြခြင်း
14ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊ 15ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှာ ထွက်သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြောလျှင်၊ 16ဒံယေလသည် နန်းတော်သို့ဝင်၍ အိပ်မက်တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည်အကြောင်း အသနားတော်ခံပြီးမှ၊ 17မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိအပေါင်းအဖော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊ 18ငါတို့သည် အခြားသော ဗာဗုလုန်ပညာရှိတို့နှင့်အတူ မသေမပျောက်စေခြင်းငှာ၊ ဤနက်နဲသောအရာ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့ဟု ပြောဆို၏။ 19ညအခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအား ဘုရားသခင်ဖော်ပြတော်မူ၏။ 20ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏နာမတော်သည် ထာဝရမင်္ဂလာရှိပါစေသတည်း။ ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ 21ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။ 22နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း၏တည်ရာ ဖြစ်တော်မူ၏။ 23အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ်အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော်မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊
မင်းကြီးအိပ်မက်နှင့်အိပ်မက်၏အနက်
24ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှာ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက်ကိုဖော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
25ထိုအခါ အာရုတ်သည် ဒံယေလကို အလျင်တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော်နှင့် အနက်ကို အရှင်မင်းကြီးအား ဖော်ပြနိုင်သော သူတစ်ယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ်တွေ့ပါပြီဟု လျှောက်လေ၏။ 26ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖော်ပြနိုင်သလောဟု၊ ဗေလတရှာဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ 27ဒံယေလက၊ အရှင်မင်းကြီး မေးမြန်းတော်မူသောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဖော်ခြင်းငှာ မတတ်နိုင်ကြပါ။ 28နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။ 29အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မျှော်လင့်တော်မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရားသည် နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။ 30ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသောကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှာသာ ဘုရားသခင် ဖွင့်ပြတော်မူ၏။
31အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။ 32သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဖက်သည် ငွေဖြစ်၏။ 33ဝမ်းနှင့် ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ်၏။ ခြေဖဝါးနှင့် ဖမိုးသည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်၏။ 34ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တစ်လုံးသည် သံနှင့် သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ 35သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
36ယခုတွင် အိပ်မက်တော်၏အနက်ကို ဖော်ပြ၍ နားတော်လျှောက်ပါမည်။ 37အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ 38လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ 39ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံ တည်ထောင်လိမ့်မည်။ 40စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ 41ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ 42ခြေချောင်းတို့သည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်။ 43ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံ မရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖော်၍ မသင့်နိုင်ကြ။ 44လက်နှင့်မထုမလုပ်ဘဲ ကျောက်တစ်လုံးသည် တောင်ပေါ်က အလိုလိုပဲ့ကွာ၍၊ 45သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတ္တံ့သောအရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။
ဒံယေလကိုချီးမြှောက်ခြင်း
46ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပျပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သကာပြုခြင်းငှာလည်းကောင်း၊ နံ့သာမျိုးကို မီးရှို့၍ ဆက်ကပ်ခြင်းငှာလည်းကောင်း စီရင်တော်မူလျက်၊ 47ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသောသခင် ဖြစ်တော်မူ၏ဟု မိန့်တော်မူ၍၊ 48ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလာဘ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ 49ထိုအခါ ဒံယေလသည် သံတော်ဦးတင်သောကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

ဒံယေလအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)

၂။ သတ္တုလေးမျိုးဖြင့်ပြုလုပ်ထားသောပုံတော်၊ နေဗုခပ်နေဇာအိပ်မက်မက်ခြင်း (အခန်း၂)

၂:၁-၁၃ နေဗုခပ်နေဇာမင်းကြီ:က ထူးခြားဆန်းပြားသောအိပ်မက်မက်သဖြင့် အိပ်မက်ဝိဇ္ဇာပညာရှင်၊ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများကို ဆင့်ခေါ်၍ အနက်ပြန်ဆိုခိုင်းသော်လည်း ပြန်မဆိုနိုင်ကြ။ အတင်းပြန်ဆိုခိုင်းသည်။ ခက်သည်မှာ ဘုရင်ကိုယ်တိုင်က သူ့အိပ်မက်ကို မမှတ်မိ။ ထိုသို့ဖြစ်ရသည့်အကြောင်းကို ဘုရင်ပညာရှင်သုခမိန် ခါလဒဲက ဝိဓိုရ်များကို ဆင့်ခေါ်သော်လည်း အိပ်မက်ကိုဖော်မရကြ။ အဓိပ္ပါယ်လည်းနားမလည်။ ထိုသို့ဖြစ်ရသည် အကြောင်းအရင်းကိုလည်း မသိကြ။ သို့ကြောင့် အမျက်ဒေါသ ပေါက်ကွဲပြီး ရှိရှိကမျှပညာရှိများ (ဒံယေလနှင့် အဖော်များလည်းပါသည်)ကို သတ်ဖြတ်ပစ်ရန် စီစဉ်သည်။

၂:၁၄-၃၀ ဒံယေလ၏ ဆုတောင်းသံကို ဘုရားသခင်က နားညောင်းတော်မူသဖြင့် ဘုရားသခင်က ဒံယေလအား နေဗုခပ်နေဇာမင်း၏ အိပ်မက်နှင့်အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုပေးသည်။ ဒံယေလသည်လည်း ကောင်းကင်ဘုံရှင်ဘုရားသခင်အား ချီးမွမ်းကိုးကွယ်သည်။ သို့နောက် ဗာဗုလုန်ပညာရှိများကို သတ်ဖြတ်ရန် ထွက်သွားသော ကိုယ်ရံတော်တပ်မှူးအာရုတ်ထံသို့ သတင်းပို့လိုက်သည်။ သူ့ကိုယ်ရံတော်တပ်မှူးကလည်း ဒံယေလအား ဘုရင်ရှေ့တော်သို့ ခေါ်သွင်းလိုက်သည်။ ဒံယေလက ဘုရင့်အိပ်မက်ကို ဘုရားရှင်တော် ဖွင့်ပြပေးသည့်အတိုင်း အကုန်အစင် လျှောက်လဲလိုက်သည်။

၂:၃၁-၃၅ ဘုရင်ကြီးသည်  ထူးဆန်းသောရုပ်တုကြီးကို မြင်မက်ကြောင်း အ‌‌ရောင်အဝါနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်ပုံ သဏ္ဍာန်ရှိကြောင်းလျှောက်လဲသည်။ ရုပ်တုကြီး၏ ဦးခေါင်းကို ရွှေ။ ရင်ဘတ်နှင့်လက်မောင်းများကို ငွေ၊ ဝမ်းဗိုက်နှင့် ပေါင်များကိုကြေး၊ ခြေထောက်များကို သံ၊ ခြေဖမိုးနှင့်ခြေဖဝါးကို သံတပိုင်းသရွတ်တပိုင်းဖြင့် ပြုလုပ်ထားသည်။ နေဗုခပ်နေဇာမင်းက ထိုရုပ်တုကြီးကို ကြည့်ရှုစဉ် အလိုလို ကျောက်ခဲတတုံး ပြုတ်ကျ၍ ရုပ်တု၏ခြေထောက်ချိုးဖဲ့သွားရာ ချိုးပဲ့ကျသွားသော သရွတ်များသည် တောင်ကြီးမျှကြီးမားသွားမြေတပြင်လုံးကို ဖုံးလွှမ်းသွားသည်။

၂:၃၆-၄၅ သတ္တုလေးမျိုးဖြင့် ဖော်စပ်ထားသော ရုပ်တုကြီး၏ အိပ်မက်အဓိပ္ပါယ်မှာ တပါးအမျိုးသားလေးမျိုး တန်ခိုးသြဇာကြီးထွားလာပြီး ယုဒလူမျိုးများကို လွှမ်းမိုးအုပ်စိုးကြမည့် အကြောင်းဖြစ်သည်။ နေဗုခပ်နေဇာမင်းကြီးသည် ဧကရာဇ်အချူပ်အချာ၊ အာဏပိုင်ရှင် ပြည့်ရှင်မင်းတရားကြီး (ဗာဗုလုန်) ဖြစ်မည်။ ဦးခေါင်းကိုရွှေ (ငယ်၈) ပြုလုပ်သည့်အနက် ဖြစ်သည်။ ငွေသည် ပါရှားနိုင်ငံကို ကိုယ်စားပြုသည်။ ကိုယ်စားပြုလုပ်ထားသော လက်တဖက်သည် Media ဖြစ်၍ ကျန်တဘက်သည် ပါရှားပြည်ဖြစ်သည်။ ဗိုက်နှင့်ပေါင်တွင် ကြေးဖြစ်ပြုလုပ်သည်ဆိုသည်မှာ တတိယတိုင်းပြည် ဂရိကိုယ်စားပြုသည်။ သံဖြင့်လုပ်ထားသော ခြေထောက်များသည် ရောမအင်ပါယာကို ရည်ညွှန်းသည်။ ခြေထောက်ျားသည် အရှေ့တိုင်းပြည်နှင့် အနောက်နိုင်ငံတော်များကို ကိုယ်စားပြုသည်။ သံတပိုင်းသရွတ်တပိုင်းဖြင့် မွမ်းမံထားသော ခြေဖမိုးနှင့်ခြေဖဝါးမှာ ရောမအင်ပါယာကို ဆိုလိုသည်။ ခြေထောက်ဆယ်ချောင်းများသည် တိုင်းပြည် (၁၀)ခုကို ကိုယ်စားပြုသည်။ (ခြေဖဝါးနှင့်ခေဖမိုးမပါဘဲ အသုံးပြုသောပစ္စည်းများမှာ အဘိုးတန်ဓါတ်သတ္တုလေးမျိုးဖြင့် ပုံဖော်ထားပြီးသကာလ အခန်း (၇) တွင် နိုင်ငံတော်ကို သားရဲများဖြင့် တဖန် ပုံဖော်ထားပုံကို တွေ့ကြဦးမည်။ သခင်ယေရှုသည် ထိုကျောက်တုံးဖြစ်သည်။ ကိုယ်ထိလက်ရောက်မကျူးလွန်ဘဲ ထိုတိုင်းနိုင်ငံများကို ဖျက်ဆီးပစ်မည်။ တိုင်းပြည်လေးပါး ဖျက်ဆီးသည့်အပြင် ကမ္ဘာကြီးတခုကို အုပ်စိုးဦးမည်။ ခရစ်တော်တည်ထောင်သော နိုင်ငံတော်သည် နိစ္စထာဝရ တည်မြဲမည်။

၂:၄၆-၄၉ ဒံယေလ၏ ဉာဏ်ပညာထက်မြက် ကြီးမားပုံနေဗုခပ်နေဇာမင်းကြီး မြင်တွေ့သောအခါ ဗာဗုလုန်နိုင်ငံ ဝန်ကြီးအဖြစ်၎င်း၊ ဗာဗုလုန်ပညာရှင်ဝန်ကြီး အဖြစ်၎င်း အခန့်အပ်လိုက်သည်။ ဆုလက်ဆောင်ပဏ္ဏာများစွာ ချီးမြှောက်၍ သူကောင်းပြုလိုက်သည် ဒံယေလ၏ အဖော်သုံးပါးကိုလည်း သူ၏လက်ထောက်များအဖြစ် အသီးသီး ရာထူးချီးမြှင့်လိုက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။