ဒံယေလအနာဂတ္တိကျမ်း - ၃

ရွှေရုပ်တု
1တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊ 2စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေခြင်းငှာ အမိန့်တော်ရှိ၍၊ 3စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထားတော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။ 4ထိုအခါ သံတော်ဆင့်တစ်ယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့၊ 5တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ နေဗုခဒ်နေဇာမင်းကြီးတည်ထားတော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရကြမည်။ 6မပျပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။ 7ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးအပေါင်းတို့သည် ပျပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။
ဒံယေလ၏အဖော်သုံးဦးအားစွပ်စွဲခြင်း
8ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊ 9အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ 10တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောသူရှိသမျှတို့သည် ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရကြမည်။ 11မပျပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့်တော်မြတ်ရှိပါ၏။ 12အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ်တင်၍ လျှောက်ထားကြ၏။ 13ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာအမျက်ထွက်၍၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လျှင်၊ 14ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။ 15ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပျပ်ဝပ် ကိုးကွယ်အံ့သောငှာ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်းဟု မိန့်တော်မူ၏။ 16ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်း မရှိပါ။ 17အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ 18ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။
မီးဖိုကြီး
19ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက်၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှာလည်းကောင်း၊ 20ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှာလည်းကောင်း အမိန့်တော် ရှိသည်အတိုင်း၊ 21ထိုသူသုံးယောက်တို့ကို ဘောင်းဘီ၊ အင်္ကျီ၊ ဝတ်လုံ အစရှိသည်တို့နှင့်တကွ တုပ်နှောင်၍၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊ 22ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။ 23ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။
24ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩမိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊ 25ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၍၊
ထိုသူသုံးဦးကိုချီးမြှောက်ခြင်း
26မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ်ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်၍လာကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာကြ၏။ 27စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည် ဝိုင်း၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည်တစ်ပင်မျှ မမြိုက်၊ ဝတ်လုံလည်း ခြားနားခြင်း မရှိ၊ မီးလောင်သောအနံ့လည်း ကင်းလွတ်၏။
28နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတစ်ပါး၊ အခြားသော ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်းတို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ 29ထိုကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစ်စုံတစ်ယောက်သောသူသည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အား ပြစ်မှားသောစကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရားမျှ မပြုနိုင်ဟု မိန့်တော်မူပြီးမှ၊ 30ဗာဗုလုန်နိုင်ငံတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချီးမြှောက်တော်မူ၏။

ဒံယေလအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)

၃။ နေဗုခပ်နေဇာ၏ ရုပ်တုနှင့်ရဲရဲတောက်နေသောမီးဖို (အခန်း၃)

၃:၁-၇ နေဗုခပ်နေဇာမင်းကြီးသည် ဒုရလွင်ပြင်တွင် ပေပေါင်း ကိုးဆယ်မြင့်သောရွှေရုပ်တုကြီး တခုထုလုပ်သည်။ ပလွေ၊ စောင်း၊ တယော၊ ခရာပတ်သာအစရှိသော တူရိယာအမျိုးမျိုးကို တီးမှုတ်ကခုန်လျက် ထိုရွှေတုကြီ:ကို ပျပ်ဝပ်ကိုးကွယ်ကြသည်။ အကယ်၍ ရုပ်တုကြီ:အား ပျပ်ဝပ်ကိုးကွယ်ရန် ငြင်းဆန်သူရှိလျှင် ရဲရဲတောက်လောင်နေသော မီးဖိုကြီးထဲသို့ ပစ်ချရမည်ဟု အမိန့်ထိုတ်ပြန်ထားသည်။

၃:၈-၁၂ ဘုရင်ကြီးနေရာကောင်းပေးထားသော ယုဒလူရှာဒရက်၊ မေရှက်နှင့်အဗေနေကောတို့သည် ထိုရုပ်တုကြီးအား ဦးချကိုးကွယ်ခြင်းမပြုကြောင်း ခါလဒဲပညာရှင်များက ဘုရင်မင်းကြီးထံတိုင်တန်း သတင်းပို့ကြသည်။

၃:၁၃-၂၁ ဘုရင်ကြီးက ထိုသူများအား ဖျောင်းဖျသော်လည်း စိတ်ပြောင်းလဲ ဒူးညွှတ်ခြင်းမရှိကြ။ ထိုသူ၏ ယုံကြည်ခြင်းသည် တပြားမှ မလျှော့ပဲ ခိုင်မာနေတည်ကြည်သည်။ မည့်သည့် အခြေအနေဆိုးတွင်မဆို ဘုရားသခင်ကို ယုံကြည်သစ္စာစောင့်ထိန်းကြမည်ဟု ဆိုကြသည်။ သို့ကြောင့် ထိုသူများ ပစ်ချဖို့ရန် မီးပုံအား ခါတိုင်းထက် ခုနှစ်ဆပူအောင် မီးထိုးခိုင်းသည်။ ထို့နောက် ထိုယုဒသုံးယောက်အား မီးပုံကြီးထဲသို့ ပစ်ချခိုင်းလိုက်သည်။

၃:၂၂-၂၅ မီးပုံကြီးသည် အပူရှိန်ကြီးလွန်းသဖြင့် ထိုသူများကို ပစ်ချသူများပါ မီးဟပ်ကြသည်။ မီးပုံထဲသို့ ပစ်ချခံရသူများကို ချက်ချင်းသေကြေကြပြီဟု ယူဆကြသည်။ သို့သော် နေဗုခပ်နေဇာမင်းကြီးကိုယ်တိုင် ထိုမီးပုံထဲသို့ ငုံ့ကြည့်သောအခါ လူ(၄) ယောက်သွားလာနေကြကြောင်း တအံ့တသြမြင်တွေ့သည်။ ယုဒ(၃) ယောက်နှင့် စတုတ္တလူမှာ ဘုရားသားတော် (NKJV) ဖြစ်သည်။ ထိုစတုတ္ထလူသည် ဘုရားသားတော်အမှန်ဖြစ်တော်လည်း နေဗုခပ်နေဇာဘုရင်ကမူ သိရှိနိုင်စွမ်းမရှိ။ ဘုရားသခင်သည် သူ့လူများအား ဆင်:ရဲဒုက္ခရောက်သောအခါ ကယ်တင်လွတ်မြောက်စေသကဲ့သို့ ထိုသူများနှင့် အတူတကွမျှဝေခံစားသည့်အချိန်လည်း ရှိပါသည်။

၃:၂၆-၃၀ ယုဒလူများသည် ဘေးမသီရန်မခလုံခြုံစွာရှိနေကြသည်။ သူတို့ဘေးပတ်လည်သာ မီးရဲမီးလျှံများတောက်လောင်နေသော်လည်း ဒုက္ခမပေးပါ။ ဇွဲလုံ့လဝိရိယသည် အခက်ခဲများကို ကျော်လွှားအောင်မြင်ရန် ဘုရားသခင်ပေးသော ခွန်အားများဖြစ်ပါသည်။ ထိုအခါမင်းကြီးသည် မီးပုံထဲရှိ ယုဒလူတို့အား ပြန်လည်ခေါ်ထုတ်ပြီး၊ သူတို့ကန့်ကွက်သော ဘုရားသခင်အား တစုံတပါးကမှ ထိပါးစော်ကားခြင်းမပြုရန် အမိန့်ထုတ်ပြန်သည်။ ထိုလူငယ်သုံးယောက်ကိုလည်း ချီးမြှောက်သည်။ ထိုအဖြစ်ပျက်အစုံအလင်ကို တွေ့မြင်ကြသော်လည်း ဘုရင်အမိန့်သည် လေထဲတွင်မျှောပါသွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။