ဒံယေလအနာဂတ္တိကျမ်း - ၁၁

1ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပထမနှစ်တွင် သူ့ကိုနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှာ ကြိုးစားအားထုတ်လေ၏။
တောင်ရှင်ဘုရင်နှင့်မြောက်ရှင်ဘုရင်
2ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။ 3ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တစ်ပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော်ကြီးလျက် အစိုးရ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည်။ 4ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
5ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတစ်ပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ 6ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှာ တောင်ရှင်ဘုရင်၏သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်းသမီးကိုလည်းကောင်း၊ ဆောင်ခဲ့သောသူတို့ကိုလည်းကောင်း၊ သူ၏သားကိုလည်းကောင်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကိုလည်းကောင်း ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။ 7ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူတစ်ယောက်သည် အဘ၏အရိုက်အရာကိုရသဖြင့် စစ်ချီ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ရောက်လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။ 8သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဖိုးထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။ 9တစ်ဖန် မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင်၏နိုင်ငံသို့ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့်မည်။
10သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတစ်ယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တစ်ဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။ 11တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းတို့ကို သိမ်းယူလိမ့်မည်။ 12ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက များစွာသော လူတို့ကို လုပ်ကြံသော်လည်း၊ မိမိအာဏာကို မတည်စေရ။ 13အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တစ်ဖန်ပေါ်လာ၍၊ အရင်ထက်များစွာသော အလုံးအရင်းတို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။ 14ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသော သူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်းငှာထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 15မြောက်ရှင်ဘုရင်သည်လာ၍ မြို့ရိုးကို တည်ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှာ ခွန်အားမရှိသောကြောင့် မဆီးတားရကြ။ 16တိုက်လာသောသူသည် မိမိအလိုအလျောက်ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ဘဲ၊ သာယာသောပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။ 17ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှာ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီးခြင်းငှာ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံမမြောက်၊ အကျိုးမရှိရ။ 18တစ်ဖန် ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတစ်ပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။ 19ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။
20ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ဘုန်းစည်းစိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။ 21ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ 22လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိတ်သဟာယခံသော မင်းလည်း ဆုံးရှုံးလိမ့်မည်။ 23အကြောင်းမူကား၊ မိတ်သဟာယပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ 24အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသောပစ္စည်းဥစ္စာ စည်းစိမ်များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဖူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံ့သော မြို့ပြတို့ကိုရခြင်းငှာ တာရှည်စွာ ကြံစည်လိမ့်မည်။ 25ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင်ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော်လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှာ နှိုးဆော်သော်လည်း မခံမရပ်နိုင်။ အကြောင်းမူကား၊ သူတစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့်မည်။ 26ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည်လည်း၊ ထိုသူ၏အကျိုးကို ဖျက်ဆီးသောအားဖြင့်၊ သူ၏တပ်မြုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။ 27ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တစ်ခုသောစားပွဲ၌ မုသားစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ 28တစ်ဖန် မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ်ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ 29ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တစ်ဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ 30အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။
31ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။ 32ပဋိညာဉ်တရားကို ပြစ်မှားသောသူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။ 33လူစုထဲမှာ ပညာရှိသောသူတို့သည် အများသော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ 34လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တစ်ဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့လိုက်၍ ဆည်းကပ်ကြလိမ့်မည်။ 35အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူ အချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်း လဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။
36ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။ 37ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကိုလည်းကောင်း၊ မိန်းမ၌ တပ်မက်သော အလိုကိုလည်းကောင်း၊ တစ်ပါးသော ဘုရားများကိုလည်းကောင်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကိုကိုယ် ချီးမြှောက်လိမ့်မည်။ 38ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကို ချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဖွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ 39ခိုင်ခံ့သော ရဲတိုက်များကိုလည်းကောင်း၊ မိမိဝန်ခံသော တစ်ပါးအမျိုးသားဘုရားကိုလည်းကောင်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာ အုပ်စိုးရသောအခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှာ မြေကိုဝေဖန်လိမ့်မည်။
40အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေပွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။ 41သာယာသောပြည်ကိုလည်း ဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။ 42ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရလိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။ 43ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ 44သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူအများတို့ကို ဖျက်ဆီးသုတ်သင် ပယ်ရှင်းခြင်းငှာ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ 45ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှမစခြင်းငှာ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 11: JBMLE

 
 

အရောင်မှတ်ချက်

 
 
 
 
 
 
 
 

မျှဝေရန်

 
 

ကူးယူ

ဒံယေလအနာဂတ္တိကျမ်း - ၁၁ (အနက်ဖွင့်)

၁၁။ ချက်ချင်းပေါ်ထွန်းလာမည့်ပရောဖက်ပြုချက်များ(အခန်း၁၁)

 (ကဂရိတို့က Medo-Persia တို့ကို အောင်မြင်ခြင်း (၁၁:)

ပရောက်ဖက်ပြုချက်များအားလုံး မပြည့်စုံသေးသကဲ့သို့ အပိုဒ်ငယ် ၁-၃၅ သည် ယခုကာလတွင် ဖြတ်သန်းကြုံတွေ့ ပြီးသော အဖြစ်အပျက်များ ဖြစ်သည်။ အပိုဒ်ငယ် ၃၆-၄၅ ကိုရှေ့အနာဂတ်တွင် ကြုံတွေ့ကဦးမည်။ အပိုဒ်ငယ် ၁ တွင်ပါရှိသော “သူ”သည်မိက္ခေလဖြစ်သည်။ အပိုဒ်ငယ် ၂ တွင်ပါရှိသည့်တန်ခိုးသည် ပါရှားဘုရင် (၄) ပါးဖြစ်၍ နောက်ဆုံးဆန့်ကျင်ဖက်၌ ရှိသူမှာ ဂရိမင်းဖြစ်သည်။ ပါရှားရှင်ဘုရင် (၄) ပါးက-ကမ်ဗု Cambyses ၊ သမေရဒိ Pseudo-Smerdis၊ ဒါရိ Darius I (Hytospes)နှင့် အာရွှေရု Xerxes I (Ahasuerus)တို့ဖြစ်ကြလေသည်။ မဟာလက်ဇန္ဒား (အာလေဇန္ဒု) မင်းကြီးသည် ပါရှားမှ ဂရိတိုင်အောင် ကမ္ဘာကြီးနှင့် သတ်ပုတ်တိုက်ခိုက်သူဖြစ်သည်။

(ဂရိအင်ပါယာဆွေးမြှေ့ပျက်ဆီးခြင်း(၁၁:၃၅)

၁။ အဲဂုတ္တုနှင့် ဂရိတို့စစ်မက်ဖြစ်ပွားခြင်း (၁၁:၂၀)

          ၁၁: အလက်ဇန္ဒားဘုရင် နတ်ရွာစံသောအခါ သူ့နိုင်ငံတော်အား ဒေသကြီး(၄) ပိုင်းခွဲခြားစိပ်ဖြာကြသည်။ အဲဂုတ္တု၊ ဆီးရီးယား -ဗာဗုလုန်၊ အာရှမိုင်းနားနှင့် ဂရိပြည်ဟူ၍ ထွန်းကားလာသည်။ အဲဂုတ္တုပြည်ကိုတောင်ပိုင်းနိုင်ငံ အဖြစ်၎င်း၊ ဆီးရီးယားနှင့် ဗာဗုလုန်ကို မြောက်နိုင်ငံအဖြစ်၎င်း အသီးသီးအုပ်စိုးကြသည်။ ထိုသူများသည် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာကို အောင်နိုင်ခဲ့သော အလက်ဇန္နားမင်း၏ ညာလက်ရုံ:စစ်သူကြီးများ ဖြစ်သည်။

          ၁၁: အပိုဒ်ငယ် ၅-၃၅ သည်နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွားသည့်အကြောင်းများဖြစ်သည်။ တောင်ပိုင်းနိုင်ငံ၏ ပထမဆုံ:မင်းမှာ တောလမီ Ptolemy I ဖြစ်သည်။ မြောက်ပိုင်းနိုင်ငံရှုရိ (ဆီးရီးယား) မင်းမှာ နောင်တွင် တောင်ပိုင်းနိုင်ငံကို အနိုင်ယူအုပ်စိုးမည့် ဆယ်လူးကပ်စ်မင်း Seleucus I ဖြစ်သည်။ထိုမင်းနှစ်ပါးသည် အစပထမတွင် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်းခင်းသော မဟာမိတ်နိုင်ငံများဖြစ်ကြသည်။ ကာလကြာလာသောအခါ တဘက်နှင့် တဘက် အင်အားပြ တန်ခိုးပြိုင် အငြင်းပွားမှုများပေါ်ပေါက်၍ စစ်မက်ဖြစ်ပွားလာကြသည်။ ၁၄ Ptolemy II လက်ထက်တွင် သမီးတော်  Berenic အား ဆီးရီးယားဘုရင်  Antiochus II နှင့်ဆက်လက်စေ၍ နှစ်နိုင်ငံ သွေးစည်းညီညွှတ်၍ ပြုခဲ့ကြသော်လည်း ရှေးဘုန်းကံမပါကြသဖြင့် အဆုံးတွင် သွေးချောင်းစီးတိုက်ပွဲများ ဆင်နွှဲ၍ အချင်းချင်း သတ်ဖြတ်ကြသည်။

          ၁၁: – Bernice ၏ မောင် Ptolemy III က Seleucus Callinicus ကို တိုက်ခိုက်အောင်မြင်ပြီး လက်ရဖမ်းသော သုံ့ပန်းများနှင့်အတူ အဲဂုတ္တုပြည်သို့ပြန်လာသည်။ နောက်(၂)နှစ် အကြာ၌ Seleucus က အဲဂုတ္တုပြည်အား ပြန်လည်တိုက်ခိုက်သော်လည်း မအောင်မြင်။

          ၁၁:၁၀၁၇ Antiochus III ၏ သားများလက်ထက်တွင် ပိုမိုအောင်မြင်ကြီးထွားကြသည်။ အပိုဒ်ငယ်၁၀-၂၀သည် တောင်ပိုင်းနှင့်မြောက်ပိုင်းနိုင်ငံများအကြားတွင် ဘတပြန်ကျားတပြန် စစ်အရှိန်အဟုန် ဒီရေအတက်အကျ ဇာတ်လမ်းဖြစ်သည်။ အပိုဒ်ငယ် ၁၇တွင် Antiochus III က သမီးတော် ကလီယိုပက်ထရာ (ကမ္ဘာကျော်အလှပိုင်ရှင်နှင့် အဲဂုတ္တုဘုရင်မဖြစ်လာသူမဟုတ်) Ptolemy V အား ဆက်သမည့်အကြောင်းဖြစ်သည်။ သို့သော်အဲဂုတ္တုပြည်ဘက်၌ စိတ်ဒုံးဒုံးမချနိုင်။

          ၁၁:၁၈၂၀ ဤအပိုဒ်သည် Antiochus III ကဂရိပြည်အား တိုက်ခိုက်လုပ်ကိုင်ရန် ကြိုးစားစဉ် သာမိုပိုင်လေး Thermopylae နှင့် မဂ္ဂနီးရှား Magnesia ဒေသတွင် ရောမစစ်တပ်၏ တိုက်ခိုက်ချေမှုန်းခြင်း ခံလိုက်သဖြင့် လက်ချည်းဗလာနေရပ်ဌာနသို့ပြန်လာကြရသည်။ တိုင်းသူပြည်သားများက ဆူပူသောင်းကျန်းရာမှ ပုန်ကုန်သူများလက်ချက်ဖြင့် ကံတော်ကုန်သည်။ ထိုမင်းကို လုပ်ကြံအာဏာသိမ်းပိုက်သော Seleucus Philopaterသည် တိုင်းသူပြည်သား လူအများအား အခွန်အတုပ်ကို မတော်မတရား ဖိစိကောက်ခံမူကြောင့် လူကြိုက်နည်း မုန်းတီးလာကြသည်။ တိုင်းပြည်လည်းမငြိမ်မသက်။ လူထုကလည်းမနှစ်မသက်ငြိုငြင်စဉ်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရုတ်ခြည်းသေဆုံးသည်။ အချို့သမိုင်းဆရာများက အဆိပ်ခတ်ခြင်းခံရသည်ဟု ရေးသားကြသည်။

၂။ မင်းဆိုးမင်းညစ် Antiochus Epiphanes အုပ်စိုးခြင်း (၁၁:၂၁၃၅)

          ၁၁:၂၁၂၂ အပိုဒ်ငယ် ၂၀ တွင် ပါရှိသည်။ Antiochus Epiphanes  နန်းတက်ခြင်းသည် အခန်း ၈ တွင်ဖော်ပြထားသည့် ဦးချိုငယ်ပင် ဖြစ်သည်။ ထိုသူသည် ဘုရင့်အရည်အချင်းရှိသောကြောင်း ဘုရင်ဖြစ်လာသည်မဟုတ်။ မင်းဖြစ်လာသော ကျေးကျွန်ဖြစ်သည်။ မင်းကျင့်တရားအတိုင်းမကျင့် ဆိုးသွမ်းဟော့ရမ်းသည်။ ယုဒယဇ်ပုရောဟိတ်ကြီးများ၊ မိဿဟာယခံသော မင်းများကိုလည်း ကွပ်မျက်ခဲ့သည်။

          ၁၁:၂၃၂၄ Antiochusသည် တိုင်းနိုင်ငံ အသီးသီးနှင့်လည်း မဟာမိတ်စစ်စာချုပ်ချုပ်သည်။ အထူးသဖြင့် အဲဂုတ္တုပြည်နှင့် မဟာမိတ်ချုပ်ဆိုခြင်းမှာ သူ့အကျိုးအတွက် ဖြစ်သည်။ နယ်မြေဒေသငယ်များကို နိုင်ထက်စီးနင်းပြု တိုက်ခိုက်သိမ်းပိုက်ပြီး ဘုန်းတန်ခိုးနယ်ချဲ့ထွင်သည်။ စီးပွားရှာစားသည်။

          ၁၁:၂၅၂၆ အတန်ကြာသော် အဲဂုတ္တုပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ပြင်ဆင်ပြန်သည်။ သို့သော် မဟာမိတ်ပြုခဲ့သော တောင်ဘုရင်သည် သူ့ဖက်၌ မရပ်တည်။ အဘယ့်ကြောင့်ဆိုသော်ထိုမင်း၏ ကောက်ကျစ် လိမ်လည်မူကို သိရှိကြသည်။

          ၁၁:၂၇၂၈ ဆီးရီးယားနှင့်အဲဂုတ္တုဘုရင်နှစ်ပါးတို့ မိတ်ဖက်ပြုကြသော်လည်း စိတ်နှလုံးတွင် ရှိသည့်အတိုင်းမဟုတ်ကြ။ အပေါ်ယံဟန်ဆောင်ကြခြင်း ဖြစ်သည်။ Antiochus သည် နေရပ်ဌာနသို့ ပြန်ရောက်သောအခါ ဣသရေလအား စစ်မက်ပြုဖို့ စီစဉ်ပြန်သည်။ မြင်မြင်သမျှ သတ်ဖြတ်လုယက် ခိုင်းသည်။

          ၁၁:၂၉၃၁  Antioch သည် နောက်တဖန်အဲဂုတ္တုပြည်သိမ်းပိုက်ရန် ချီတက်ပြန်သည်။ အလက်ဇန္ဒရီးယားအရပ်ဒေသအနီးတွင် ရောမစစ်တပ်က (ခိတ္တိမ်သင်္ဘောက) တိုက်ခိုက်မောင်းထုတ်ပစ်သည်။ ပါလက်စတိုင်းဒေသအား ဖြတ်ကျော်ဆုတ်ခွါလာစဉ် သူ၏ အမျက်ဒေါသသည် ဣသရေလတို့ဖက်သို့လှည့်သွားသည်။ ယုဒလူအချို့နှင့်ပူးပေါင်းသည်။ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းကို တားမြစ်သည်။ ထိုနေရာတွင် ရွံရှာဘွယ်ရာ ရုပ်တုဆင်းတုများကို နေရာပေးသည်။ သမိုင်းရာဇဝင်တွင် ယဇ်ပလ္လင်ပေါ်၌ ဝက်သတ္တဝါကောင်ပူဇော်ခြင်းဖြင့် ယဇ်ပလ္လင်ကို စော်ကားသည်ဟု မှတ်သားတင်ထားသည်။ ငယ်၂၈၊ ၃၀၊ ၃၂ ၌ ပါရှိသည်။ ပဋိညာဉ်တရားဆိုသည်မှာ ယုဒယုံကြည်မှုနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာထုံးဓလေ့ နည်းနာများကိုဆိုလိုသည်။

          ၁၁:၃၂၃၅ ဤရက်စက်ကြမ်းကြုတ်မှုများကြောင့် Judas Maccabaeus  ဦးဆောင်သောသားစဉ်မြေးဆက် တော်လှန်ပုန်ကန်မှု ဖြစ်ပွားပေါ်ပေါက်လာရသည်။ Antiochusဘက်သို့ပူးပေါင်းသောယုဒပျက် များသည် သေကြေပျက်စီးကြသော်လည်း သစ္စာရှိသော ယုံကြည်သူများက အင်အားကြီးထွားပြည့်ဝလာသည်။ တဘက်တွင် ထိတ်လန့်ကြောက်ရွံဖွယ် သတ်ဖြတ်မှု ကြုံတွေ့ရသော်လည်း အခြားတဘက်၌ လူများသည် ဝိညာဉ်ရေးရာနိုးကြားလာသည်။ အခြားသူများကိုလည်း နိုးထစေကြသည်။

၁၂။အနာဂတ်ကာလအတွက် ပရောဖက်ပြုချက် (၁၁:၃၆၁၂:၁၃)

(ကအန္တိခရစ် (၁၁:၃၆၄၅)

          ၁၁:၃၆၃၉ ငယ် ၃၆-၄၅ သည် အနာဂတ်ကာလအတွက် ပရောဖက်ပြုချက်ဖြစ်သည်။ အပိုဒ်ငယ် ၃၆ တွင်ပါရှိသည့် ဘုရင်သည် မိမိကိုယ်ကို ချီးမြှောက်သည့် ဘဝင်မြင့်သူဖြစ်သည်။ တနည်းအားဖြင့် အန္တိခရစ်ဖြစ်သည်။ ဣသရေလလူမျိုးအပေါ်ဘုရားသခင်၏ အမျက်ဒေါသ ပြီးမြောက်ပြည့်စုံသည့် ကာလတိုင်အောင် ထိုမင်းသည်ကောင်းစားနေဦးမည်။ လူအများကသူ့အား ဘိုးဘေးတို့ကိုးကွယ်သောဘုရား၊ မိန်းမ တို့၏တပ်မက်ခြင်းဟု ထင်မှတ်ကြသည်။ တပါးအမျိုးသားမေရှိယကယုဒလူတို့ကို လိမ်လည်လှည့်ဖျားမည်။ စစ်မက်လိုလားသူဖြစ်မည်။

၁၁:၄၀-၄၅ အပိုဒ်ငယ် ၄၀-၄၅ တွင် ပြဿနာတစ်ခုရှိသည်မှာ သူနှင့်သူ့ကိုဟူသောစကားလုံးဖြစ်သည်။ မည်သူ၏နာမ်စားဖြစ်ပါသနည်း။ အနက်ဖွင့်ဆိုချက် တစ်ခုကို လေ့လာကြည့်အောင်။ တောင်ရှင်ဘုရင်သည် ထိုမင်းကိုတိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း ပါလေတိနနှင့် အဲဂုတ္တုပြည်ကို ချင်းနင်းလွမ်းမိုးလိမ့်မည်။သို့သော်လည်း အရှေ့နှင့်မြောက်အရပ်မှလာသော သတင်းစကားများက နှောင့်ယှက်သောကြောင့် ပါလေတိနသို့ ပြန်လာ၍ ပင်လယ်များ (မြေထဲပင်လယ်နှင့်ပင်လယ်သေ) အကြားနှင့် ယေရုရှလင်တွင် စတည်းချကြမည်။ အဘယ်သူမှ မကူညီနိုင်ကြသဖြင့် လုံ:ဝဥဿုံပျက်စီးသွားကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။