ဒံယေလအနာဂတ္တိကျမ်း - ၁၀

မြစ်ကြီးအနီး၌မြင်သောရူပါရုံ
1ပေရသိရှင်ဘုရင်ကုရု နန်းစံသုံးနှစ်တွင်၊ ဗေလတရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ်တော်ကို ခံရ၏။ ထိုဗျာဒိတ်တော်စကား မှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကိုနားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။ 2ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တစ်ရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။ 3အရက်နှစ်ဆယ်တစ်ရက် မစေ့မီ မြိန်သောမုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။ 4ပထမလ နှစ်ဆယ်လေးရက်နေ့၌ ငါသည် ဟိဒကေလ မြစ်ကြီးအနားမှာရှိစဉ်၊ 5မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတစ်ဦးကိုမြင်၏။ 6သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့် တူ၏။ 7ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတစ်ယောက်တည်း မြင်ရ၏။ ငါနှင့်အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပုန်းရှောင်၍ နေခြင်းငှာ ပြေးကြ၏။ 8ငါမူကား၊ တစ်ယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌ အစွမ်းသတ္တိ အလျှင်းမရှိ ဖြစ်လေ၏။ 9သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။ 10ထိုအခါ လက်တစ်ဖက်သည် ငါ့ကိုကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။ 11သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။
12ထိုအခါ သူကလည်း၊ အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှာလည်းကောင်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှာလည်းကောင်း၊ စိတ်ပြဌာန်းသော ပထမနေ့မှစ၍ သင်၏စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာပြီ။ 13ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက်နှစ်ဆယ်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ ဆိုင်းလင့်၍ နေရ၏။ 14ယခုမူကား၊ နောင်ကာလတွင် သင်၏အမျိုးသားချင်းတို့၌ ဖြစ်လတ္တံ့သော အမှုအရာတို့ကို သင်သည် နားလည်စေခြင်းငှာ ငါရောက်လာပြီ။ ဤဗျာဒိတ်ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အားပြောဆို၏။ 15ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွှတ်ပျပ်ဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။ 16ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ 17ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ်ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသောသူအားငါလျှောက်၏။ 18နောက်တစ်ဖန် လူသဏ္ဌာန်ရှိသောသူသည်လာ၍ ငါ့ကို လက်နှင့်တို့လျက် အားပေးပြီးလျှင်၊ 19အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကိုငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကိုခွန်အားပေးတော်မူပြီဟု လျှောက်၏။ 20ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှာ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည်နောက်၊ တစ်ဖန်ဟေလသမင်းသည် ပေါ်လာလိမ့်မည်။ 21သို့ရာတွင် သမ္မာကျမ်းစာ၌မှတ်သားသော အမှုအရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်းမိက္ခေလမှတစ်ပါး ငါ့ဘက်မှာနေသောသူ မရှိ။

ဒံယေလအနာဂတ္တိကျမ်း - ၁၀ (အနက်ဖွင့်)

၁၀။ ဘုရားသခင်၏ ဘုန်းတန်ခိုးပေါ်ထွန်းလာမည့်အကြောင်းရူပါရုံ (အခန်း၁၀)

၁၀:၁-၉ ဤအခန်းကြီးမှ အဖြစ်အပျက်များသည် ပါရှားဘုရင်ကုရုမင်း တတိယနှစ် နန်းစံချိန်အတွင်းတွင် ဖြစ်သည်။ ဘုရင်ကြီး၏အမိန့်အရ ဣသရေလကျွန်များ တချို့တဝက် ပြန်လည်လွတ်မြောက်ခွင့်ရကြသဖြင့် ယေရုရှလင်သို့ပြန်သွားကြသည်။ သို့သော်ဒံယေလသည် ကျန်ရှိနေသည်။ သီတင်း (၃) ပတ်ကြာသောအခါ မင်္ဂလာသတင်း (ဗိမာန်တော်အမှုရပ်စဲသွားသည်) သတင်းကြားရသည်။ ဝိညာဉ်ရေးရာချို့တဲ့အားနည်းသူများ ပြည်ပတွင် ကျန်ရှိနေသေးသည်။ ထို့ကြောင့် ဣသရေလတို့၏ ရှေ့ဆက်ကံကြမ္မာမည်သို့ ရှိမည်နည်းဟု သိချင်သောကြောင်း ဒံယေလသည် ဟိဒ္ဒကေလမြစ် (ဟေဗြဲHiddekel) ကမ်းခြေတွင်ရပ်လျက် အနာဂတ်ကို မျှော်ကြည့်တွေးစသည်။ ထိုစဉ်ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပတ်ကို ဝတ်စည်းသောလူတစ်ဦးကို မြင်သည်။ ထိုအကြောင်းကိုဗျာ ၁:၁၃-၁၆ နှင့်ယှဉ်ဖတ်ပါ။ သခင်ယေရှုခရစ်တော်ဖြစ်သည်။

၁၀:၁၀-၁၄ ဒံယေလအား ဆုတောင်းရန် အဘယ့်ကြောင့်နှောင့်နှေးကြန့်ကြာသနည်းဟု အသံတော်ထွက်လာသည်။ အသံတော်က အရက်နှစ်ဆယ်တစ်ရက်ပတ်လုံး ငါ့ကို ဆီးတားမည်ဟုဆိုသည်။ ဒံယေလဆုတောင်းခြင်းမပြုနိုင်အောင် တားဆီးသူမှာမည်သူနည်း။ မိက္ခေလသည် အကူလာ၍ ငါသည်လည်းထိုအရပ်မှ ပေရသိမင်းကြီးထံမှာ ဆိုင်းလင်း၍နေရ၏။ ဆုတောင်းခြင်းမပြုရန် တားဆီးနိုင်သူမှာ လူထက်တန်ခိုးအစွမ်းကြီးသော ကောင်းကင်နတ်ဆိုးဖြစ်သည်။ ထိုအကြောင်းကို Leon Wood ကဒံယေလအနက်ဖွင့်ကျမ်းတွင်  ဤသို့ရှင်းပြသည်။

ထိုခေတ်ကာလတွင် ဂရိတို့တွင်လည်း နန်းပြိုင်ဘုရင်ရှိသည် (အငယ်၂၀ နှင့်ယှဉ်ဖတ်ပါ)။ ဘုရားသခင်လူများကို ပါရှားများလက်ထဲမှ ဂရိများလက်ထဲသို့ လက်ဆင့်ကမ်းခဲ့ကြသည်။ သို့ကြောင့် စာတန်က ဘုရားသခင်၏ လူများအား အထူးဖိနှိပ်ကျွန်ပြုသည်မှာ ကျိုးကြောင်းဆီလျှော်ပါသည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အစီအမံတော်များနှင့် လောကသားများ၏ လောကနည်းလောကဟန်ဖြင့် လှုပ်ရှားရုန်းကန်မှုခြားနားပုံ ဖြစ်သည်။ (ဧ၆:၁၁-၁၂ နှင့်ယှဉ်ဖတ်ပါ)။ ၁၂

ထိုသို့ဆိုလျှင် လောကမင်း ပါရှားဘုရင်သည် ဘုရားသခင်၏ ထိုနှစ်တရက်ပတ်လုံး မည်သို့အာခံနိုင်မည်နည်း ။ နေရာတိုင်းတွင် ရှိတော်မူသော ဘုရားသခင်သည် ကောင်းကင်တမန်မိက္ခေလ၏ အကူအညီကို မည်သို့ဆိုလိုသနည်း(ငယ်၁၃)။ တခုရှိသည်မှာ အပိုဒ်ငယ် ၅ နှင့် ၆ တွင်ပါရှိသောသူသည် ဘုရားသခင်ဖြစ်သည်။ သို့သော် ကောင်းကင်တမန်ဂါဗြေလက ခံယူထားသည်။

နောက်တခုစဉ်းစားစရာ ရှိသည်မှာ ဒံယေလ၏ ဆုတောင်းခြင်းကို တားဆီးနိုင်စွမ်းသောအသံတော်သည် အဘယ်နည်း ။ ပေရတိ နိုင်ငံကို အစိုးရသော မင်းမူကား အရက်နှစ်ဆယ့်တရက်ပတ်လုံ: ငါ့ကို ဆီးတားသည်ဟု ကျမ်းစာတွင် ရှင်းပြထားသည်။ အသံတော်က ယုဒလူများအရှေ့ဆက်ဖြစ်ပျက်မည့် အကြောင်းအရာများကို ဒံယေလအားပြောပြသည်။ ထိုပြောပြချက်များကို အခန်း ၁၁ နှင့် ၁၂ တွင် ရေးသားထားကြောင်းတွေ့ရသည်။

          ၁၀:၁၅၁၉ ဤနေရာတွင် မေးစရာမေးခွန်းရှိပါသည်။ ကြားရသော အသံတော်သည် ပိတ်ချောဖြူ ဝတ်ဆင်ထားသူမှ ကြားရခြင်းလား၊ ကောင်းကင်တမန်ထံမှ ကြားရခြင်းလား။ ဒံယေလသည် တွေ့မြင်ရသောအရေးကိစ္စကြောင့် စကားမပြောနိုင်ဘဲ ခွေယိုင်သွားသည်။ သို့သော် တစ်စုံတစ်ယောက်က ထူမ၍ အားပေးလိုက်သည်။

          ၁၀:၂၀၂၁ ထိုသူက ပေရတိမင်းကို စစ်တိုက်ရန်နှင့် ဟေလသမင်းအားတိုက်လှန်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒံယေလကို ပြောပြသည်။ သမ္မာကျမ်းစာ၌ မှတ်သားသမျှကို ဒံယေလအားထပ်မံပြောပြဦးမည်။ မိက္ခေလသည် ဒံယေလတို့၏ လူများဘက်တွင် မြဲမြံစွာရပ်တည်၍ တိုက်ပွဲများကို စစ်ကူတိုက်ခိုက် ပေးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။