တမန်တော်၀တ္ထု - ၂၇

ရောမမြို့သို့သင်္ဘောနှင့်ကူးခြင်း
1ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင့်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။- 2အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ လျှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေါနိပြည်သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။- 3နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။- 4ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့လျှောက်သွားသဖြင့် ကိလိကိပြည်၊- 5ပမ်ဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိပြည်၊ မုရမြို့သို့ ရောက်ကြ၏။- 6ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။- 7နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်အငူနှင့်တည့်တည့်သို့ ပင်ပန်းစွာ လျှောက်သွား၍၊- 8လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
9ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်၍၊- 10အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။- 11သို့သော်လည်း၊ တပ်မှူးသည် ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့် သင်္ဘောသူကြီး စကားကို နားထောင်၏။- 12ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့်သောကြောင့် တစ်ဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား ကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း မျက်နှာပြု၏။
လေပြင်းမုန်တိုင်းကျခြင်း
13တောင်လေသည် ဖြည်းညင်းစွာလာသောအခါ၊ ယခုမီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ လျှောက်သွားကြ၏။- 14ကာလမကြာမမြင့်မီ ဥရုကလုဒုန် အမည်ရှိသော လေပြင်းမုန်တိုင်းသည် သင်္ဘောကို တိုက်၍၊- 15တစ်ဟုန်တည်း ဆောင်သွားသဖြင့်၊ သင်္ဘောသည် ထိုလေကိုမခံနိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။- 16ကလောဒေကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္ဗန်ကို မပျက်စေခြင်းငှာ ပင်ပန်းစွာ ကြိုးစား၍၊- 17သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။- 18လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။- 19သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။- 20နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုးသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်စရာအခွင့် အလျှင်းမရှိ။
21အစာကိုမစားဘဲ ကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။- 22ယခုတွင် စိတ်သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတစ်ပါး သင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊- 23အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်သည် ယနေ့ညတွင် ငါ့အနားမှာ ပေါ်လာလျက်၊- 24ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။- 25ထိုကြောင့် အချင်းလူတို့ သက်သာခြင်း ရှိကြလော့။ ငါ့အား မိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။- 26သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။
27တစ်ဆယ်လေးရက်မြောက်သောနေ့ ညရောက်သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ်လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစ်စုံတစ်ခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့သည် ထင်မှတ်သဖြင့်၊- 28ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှ စိုးစည်းလွန်ပြန်လျှင်၊ တစ်ဖန်ရေကိုစမ်း၍ တစ်ဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။- 29ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကိုချ၍ မိုးလင်းပါစေဟု ဆုတောင်းကြ၏။- 30သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္ဗန်ကိုလျှော့စဉ်တွင်၊- 31ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အား ဆို၏။- 32ထိုအခါ စစ်သူရဲတို့သည် သမ္ဗန်ကြိုးကို ခုတ်ဖြတ်၍ ချလိုက်ကြ၏။
33မိုးလင်းလုသောအခါ အစာကိုစားစေခြင်းငှာ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တစ်ဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။- 34ထိုကြောင့် အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။- 35သင်တို့ဆံခြည်တစ်ပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။- 36ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကို စားကြ၏။- 37ထိုသင်္ဘော၌ ပါသောသူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။- 38ဝစွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
သင်္ဘောပျက်ခြင်း
39မိုးလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင့်ကွေ့တစ်ခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။- 40ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။- 41ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။- 42ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။- 43တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှာ အလိုရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှာလည်းကောင်း၊- 44ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘောတန်ဆာများကို စီးစေခြင်းငှာလည်းကောင်း စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့် လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။

တမန်တော်၀တ္ထု - ၂၇ (အနက်ဖွင့်)

စျ။ ပေါလု၏ရောမသို့သွားသော ရေကြောင်းခရီးနှင့် သင်္ဘောပျက်ခြင်း (၂၇:– ၂၈:၁၆)

          ဤအခန်းတွင် ကဲသရိမှ မေလိတေ မှတဆင့် ရောမသို့ ပင်လယ်ရေကြောင်းခရီးဖြင့် ရွက်လွှင့်ကြရာတွင် သဘာဝဘေးအန္တရာယ် လေမုန်တိုင်းနှင့် ကြုံတွေ့၍ သက်စွန့်ဆံဖျား အသက်လုကြပုံကို ရေးထားသည်။ အကယ်၍ ပေါလုသာ ထိုခရီးစဉ်တွင် မပါခဲ့လျှင် ထိုသင်္ဘောနှင့် ခရီးသည်များ၏ ကံကြမ္မာသည် တွေးဆစရာမရှိ။ ပြန်ပြောမည့်သူလည်း ရှိမည်မဟုတ်။ စုန်းစုန်းပျောက်မှာ သေချာသည်။ အခန်းကြီးတစ်ခုလုံး ပင်လယ်ရေကြောင်း အကြောင်းသာဖြစ်သည်။

၂၇:  တပ်မှူးယုလိ၏အစောင့်အကြပ်ဖြင့် ပေါလုသည် ကဲသရိမှ ရောမသို့လိုက်ပါသွားသည်။ တပ်မှူးယုလိသည် နေပြည်တော်တပ်မှဖြစ်သည်။ ထိုတပ်မှူးသည် သနားကြင်နာခြင်း၊ တရားမျှတခြင်း၊ အခြားသူများအား ကိုယ်ချင်းစာနာခြင်း အစရှိသော လူသားစိတ်ဓာတ်ပြည့်ဝသူဖြစ်သည်ဟု ဓမ္မသစ်ကျမ်းက ဆိုထားသည်။

၂၇:  ထိုသင်္ဘောပေါ်တွင် ရောမတရားရုံးသို့သွားရောက် အမှုရင်ဆိုင်မည့် တခြားတရားခံနှစ်ဦးလည်းပါရှိသည်။ ခရီးသည်ထဲတွင် အာရိတ္တစ်ခုနှင့်လုကာလည်းပါသည်။ သူတို့လိုက်သော သင်္ဘောသည် အာရှမိုင်းနားအနောက်မြောက်ဒေသအာဒြမုတ္တိမှလာသော သင်္ဘောဖြစ်သည်။ ထိုသင်္ဘောသည် အာရှကမ်းခြေဆိပ်ကမ်းမြို့များသို့ ကုန်တင်သည့် သင်္ဘောဖြစ်သည်။

၂၇:  သင်္ဘောကြီးသည် ပါလက်စတိုင်းဒေသ၊ ကဲသရိမြို့မှမိုင်(၇၀)ခန့်ဝေးကွာသော ဇိဒုန်မြို့ သို့ နောက်တနေ့တွင် ဆိုက်ကပ်သည်။ တပ်မှူးယုလိက ပေါလုအား သနား၍ မိတ်ဆွေပေါင်းသင်းများနှင့် တွေ့ဆုံခွင့်ပေးသဖြင့် ပေါလုသည် ကမ်းခြေသို့သွား၍ မိတ်ကောင်းဆွေကောင်းများနှင့် နှုတ်ဆက်တွေ့ဆုံခွင့်ရသည်။

၂၇:  ဇိဒုန်မှ မြေထဲပင်လယ်ကို အရှေ့မြောက်ဖက်သို့ ရွက်လွှင့်ကြရာ လေဆန်မိနေသဖြင့် ကျွန်းရိပ်ခို၍ ရွက်လွင့်ရသည်။ ကိလိကိပြည်နှင့် ပံဖုလိပြည်ကိုဖြတ်၍ လုကိပြည်မုရမြို့သို့ ရောက်ကြသည်။

၂၇:  ထိုမြို့တွင် ဣတလိပြည်သို့ သွားသောသင်္ဘောတွေ့ရှိသဖြင့် သင်္ဘောပြောင်းကြပြန်သည်။ ပထမလိုက်ပါစီးနင်းသော သင်္ဘောသည် ဆိပ်ကမ်းမြို့ အစဉ်အဆက်အတိုင်း ကုန်တင်ကုန်ချလုပ်မည်ဖြစ်သောကြောင့် သင်္ဘောပြောင်းကြသည်။

ထိုလိုက်ပါမည့် သင်္ဘောသည် အာဖရိကမြောက်ပိုင်းဒေသ အာလေဇန္ဒြိမှ ရောက်လာခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် ခရီးသည်နှင့် သင်္ဘောသားများ အပါအဝင် လူပေါင်း ၂၇၆ ယောက် ပါရှိသည်။ ထို့အပြင် ဂျုံနှင့်အခြားဝန်စည်စလယ်များလည်း ပါရှိသည်။ အာလေဇန္ဒြိမှမြေထဲပင်လယ်ကိုဖြတ်၍ ဣတလိအနောက်ပိုင်း မုရမြို့သို့ ဦးတည်ရွက်လွင့်နေသည်။

၂၇:  လေမသင့်သောကြောင့် တရွေ့ရွေ့တအိအိဖြင့် ရက်ပေါင်းအတန်ကြာ ရွက်လွင့်နေသည်။ အာရှမိုင်းနား အနောက်တောင်ဘက်ရှိ ကနိဒ်မြို့သို့ ပင်ပန်းကြီးစွာ ရွက်လွင့်ခဲ့သည်။ တဖန် လေကြောင်းပြောင်းသွားသဖြင့် တောင်ဘက်သို့ရွက်လွင့်၍ ကုရေတေကျွန်းအရှေ့ဘက် သာလမုန်မြို့အနားသို့ ရောက်သွားကြသည်။

၂၇:၁၀  ထိုအချိန်ကာလသည် ပင်လယ်တွင်ရွက်မလွင့်သင့်သော ဘေးအန္တရာယ်ရှိသည့် အချိန်ဖြစ်သည်။ စက်တင်ဘာလမှ အောက်တိုဘာလဆန်းပိုင်း ဆောင်းဦးကာလသည် ရေကြောင်းခရီးတွင် ဘေးအန္တရာယ် အများဆုံးကာလဖြစ်သည်။ အပြစ်ဖြေရာ ပသခါပြွလည်း လွန်မြောက်ပြီ။ ထို့ကြောင့် ပေါလုက သင်္ဘောသားများအား ဆက်လက်ရွက်လွင့်လျှင် ခရီးသည်များ၏ အသက်ဘေးအန္တရာယ် စိုးရိမ်ရကြောင်း၊ ကုန်စည်များလည်း ဆုံးရှုံးနိုင်ကြောင်း သတိပေးလိုက်သည်။သင်္ဘောပေါ်တွင်လည်း ခရီးသည်အများအပြားနှင့် ဝန်စည်စလယ် အများအပြားပါရှိနေသည်။

၂၇:၁၁၁၂  သို့သော် သင်္ဘောပိုင်ရှင်နှင့်သင်္ဘောသားများက ပေါလု၏ အကြံပေးချက်ကို နားမထောင်။ ခရီးဆက်ချင်ကြသည်။ တပ်မှူးနှင့် တခြားခရီးသည်များကလည်း ရှေ့ဆက်ဖို့ သဘောတူကြသည်။ ထိုနေရာထက် ကရေတေကျွန်းရှိ ဖိနိတ်မြို့သို့ရောက်ရန် မိုင်ပေါင်း(၄၀)ခန့် ရွက်လွင့်ရသည်။ ထိုမြို့သည် အနောက်တောင်အရပ်နှင့် အနောက်မြောက်အရပ်မှ သင်္ဘောများဆုံရာ ဆိပ်ကမ်းမြို့ဖြစ်သည်။

၂၇:၁၃၁၇  တောင်လေတိုက်လာ၍ ရွက်လွင့်နိုင်မည်ထင်သဖြင့် ဖိနိတ်သို့ ခရီးဆက်ကြပြန်သည်။ ရွက်လွင့်၍ အရှိန်ကောင်းမည်ရှိနေစဉ် ရုတ်တရက် ဥရုကလုဒုန် လေပြင်းမုန်တိုင်း ထန်လာသဖြင့် ရွက်မထိန်းနိုင်ဘဲ၊ လေတိုက်ရာသို့ လွင့်ပါသွားကြသည်။ သင်္ဘောမမှောက်စေရန် သင်္ဘောသားများကလည်း အားကြိုးမာန်တက် ကျားကုပ်ကျားခဲ ရွက်တိုင်ထိမ်းကြသည်။ သင်္ဘောတွင် ချည်ထားသော အသက်ကယ်လှေများကိုလည်း မပျက်စီးစေရန် သင်္ဘောပေါ်သို့ ကြိုးစားဆွဲတင်ကြသည်။ သင်္ဘောကို အနီးစပ်ဆုံးကျွန်းဖြစ်သော ကလေဒေကျွန်းသို့ ထိန်းမောင်းရသည်။ ကရေတေကျွန်း၏ တောင်ဘက်(၃၂)မိုက်ခန့်တွင်ရှိ၍ ကြိုးစားပမ်းစား ရင်လှိုက်သဲဖို လွှင့်ရသည်။ ထိုကျွန်းကလေးပေါ်တွင် လေမုန်တိုင်းဒဏ် ခိုအောင်းရသည်။ သင်္ဘောပေါ်တွင် ဝန်ထုတ်ဝန်ပိုးများပြားနေသဖြင့် အချို့ဝန်စည်စလယ်များ လျှော့ချပစ်ခဲ့သည်။ ကျန်သောကုန်ပစ္စည်းများကိုလည်း လွင့်မကျအောင် ခိုင်ခိုင်တုတ်နှောင်ကြသည်။

၂၇:၁၈၁၉  နောက်တနေ့တွင် ရာသီဥတုသက်သာလာသဖြင့် ဝန်စည်စလယ်များ စနစ်တကျထပ်မံပြင်ဆင်ကြသည်။ မုန်တိုင်းတိုက်နေစဉ် သင်္ဘောထဲသို့ဝင်သော ရောများဝင်နေသဖြင့် ခပ်ထုတ်ကြသည်။ သင်္ဘောအလေးချိန်ပေါ့စေရန် ကြံဆောင်ကြရသည်။

၂၇:၂၀  နေ့ရက်များစွာ မိုးမမြင် နေမမြင် မျှော်လင့်ချက်မဲ့ခဲ့သည်။ မည်သို့မျှ မတတ်စွမ်းနိုင်ကြ။ နေရောင်ကိုမြင်ရတော့ပါမည်လားဟု တွေးပူနေကြသည်။

၂၇:၂၁၂၆ ခရီးသည်များသည်လည်း စိတ်ပျက်အားငယ်စွာဖြင့် နေ့ရက်ကြာရှည် မစားနိုင်၊ မသောက်နိုင် စိုးရိမ်နေကြသည်။ သင်္ဘောထဲသို့ ဝင်လာသော ရေများ ပက်ထုတ်ခြင်း၊ သင်္ဘောကြီး မှောက်မကျရန် ဝိုင်းဝန်းကူညီခြင်းဖြင့် အချိန်နှင့်အသက်လုနေကြသည်။ ထို့ကြောင့် ချက်ပြုတ်ဖို့ အချိန်မရခြင်းလည်း ဖြစ်နိုင်သည်။ အဖျားအနာ စိုးရိမ်သောကနှင့် ကြောက်ရွံ့ခြင်းက ထမင်းဟင်းများကို မေ့လျှော့စေသည်။ စားချင်စိတ်လည်း မရှိကြပါ။

ထိုအချိန်တွင် ပေါလု မတ်တပ်ရပ်ပြီး မျှော်လင့်ချက်ရောင်ခြည်ပေးလိုက်သည်။ ပထမဦးစွာ ကရေတေကျွန်းမှ မထွက်ခွာရန် ပြောခဲ့သော်လည်း စကားနားမထောင်သောကြောင့် ယခုဒုက္ခလှလှတွေ့ ကြခဲ့ရပြီ။ သို့သော် ယခုအားလုံး အသက်ရှင်နေကြသည်။ ဤသင်္ဘောသည် ပျက်စီးဦးမည်။ သို့သော်လည်း လူသူတစုံတစ်ယောက်မှ ဒုက္ခမရောက်ရပါဟုဆိုသည်။ မည်သို့ သိပါသနည်း။ ထိုနေ့ညတွင် ဘုရားသခင်ထံတော်မှ ကောင်းကင်တမန်ပေါ်ထွန်းလာပြီး ရောမမြို့ ကဲသာဘုရင်ရှေ့မှာ ရောက်ရှိမည့်အကြောင်း ဗျာဒိတ်ပေးခဲ့သည်။ သူနှင့်တကွပါလာသော ခရီးသည်အားလုံးလည်း အသက်ဘေးအန္တရာယ်ရှိမည် မဟုတ်ကြောင်းသိရှိသည်။ ထိုသို့ ပြောပြသောအခါ ခရီးသည်များလည်း အားရှိလာပြီး ခေါင်းထောင်လာကြသည်။ သင်္ဘောပျက်သော်လည်း လူတစ်ယောက်မှ အသေအပျောက်မရှိရဟု ပါလု ယုံကြည်သည်။

ထိုအကြောင်းကို A W Tozer က ဤသို့ ဆိုထားသည်။

တောင်လေတိုက်၍ အေးဆေးစွာ ရွက်လွင့်ကြစဉ် သင်္ဘောပေါ်ရှိလူများက ပေါလုကို မသိကြ။ ပေါလု၏ အစွမ်းအစ ခွန်အားကို နားမလည်ကြ။ သို့သော် လေပြင်းမုန်းတိုင်းထန်လာသောအခါ ပေါလု၏ အစွမ်းအစကို သင်္ဘောပေါ်ရှိ လူတိုင်းက နဖူးတွေ့ဒူးတွေ့မြင်ရသည်။ စင်စစ် ထိုအချိန်တွင် ပေါလုသည် အကျဉ်းသားတစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း ခရီးသည်များ၏ သေရေးရှင်ရေးကို ဆုံးဖြတ်ချက်ပေးနိုင်သည်။ ထိုအခက်အခဲဘေးကျပ်နံကျပ်သည် အဘယ်ကြောင့် ကြုံတွေ့ရသည်ကို ပေါလုကိုယ်တိုင် သိရမည်မထင်။ ခဏတဖြုတ်၊ တဒင်္ဂကာလ ခံစားကြုံတွေ့ရသော လေမုန်တိုင်းနောက်တွင် ချမ်းသာရာရှိကြောင်း လေမုန်တိုင်းက သင်ခန်းစားပေးခြင်းဖြစ်သည်။၈၂

၂၇:၂၇၂၉  တဆယ့်လေးရက် လုံးလုံး လငပုပ်ဖမ်းသည့်ပမာ မိုးမမြင်ကမ်းမမြင် ရွက်လွင့်ကြသည်။ ဂရိ၊ ဣဇာလိနှင့်အာဖရိက အကြားရှိမြေထဲပင်လယ်ထဲတွင် မုန်တိုင်းဆန်လျက် အားမာန်ထုတ်ကြရသည်။ ကြယ်ရောင်ဝိုးတဝါးမြင်ရသည့်အခိုက်တွင် ကမ်းခြေနှင့်နီးစပ်ပြီ ထင်မှတ်သဖြင့် သင်္ဘောသားများသည် မြေကြီးကို ထောက်တိုင်းကြသည်။ ပထမတိုင်းစဉ်တွင် အလံ(၁၂၀)၊ ရှေ့ဆက်တိုး၍ တိုင်းသည့်အခါ(၁၅)လံနက်ကြောင်းတွေ့ရသည်။ ဆက်သွားလျှင် မှောင်မိုက်ထဲတွင် မမြင်မကန်းနှင့် ကျောက်ဆောင်တိုက်မိမည် စိုးသောကြောင့် လေးဘက်လေးလံ ကျောက်ဆူးချကာ အာရုဏ်လင်းဖို့ ဆုတောင်းနေကြသည်။

၂၇:၃၀၃၂  မိမိတို့ အသက်အန္တရာယ်စိုးရိမ်နေကြသဖြင့် သင်္ဘောသားများသည် ကျောက်ဆူးပြင်ချဟန်ဆောင်ပြီး အသက်ကယ်လှေများဖြင့် ထွက်ပြေးရန်ကြံဆောင်ကြသည်။ ထို့ကြောင့် ပေါလုက ထိုသို့ ထွက်ပြေးခြင်းထက် သစ္စာမဖောက်ဘဲ အများနည်းတူ သင်္ဘောပေါ်မှာနေလျှင် အသက်ချမ်းသာရာရမည်ဟု သင်္ဘောသူကြီးနှင့်တကွ လူအားလုံးအား အောပြောသည်။ ထို့ကြောင့် စစ်သူရဲများက ထိုအသက်ကယ်လှေကို မည်သူမျှ မစီးရစေရန် ပင်လယ်ထဲသို့ မျှောချပစ်ကြသည်။ ထွက်ပြေးဖို့ ကြံစည်ကြိုးပမ်းသူများလည်း အထမမြောက်တော့သဖြင့် အများသူငါနည်းတူ သင်္ဘောပေါ်တွင် ငုတ်တုတ်ရှိနေကြသည်။

၂၇:၃၃၃၄  ဤကျမ်းပိုဒ်ကို ဖိလစ်က ဤသို့ဆိုသည်။ထိုမုန်တိုင်းထန်သည့် ဇာတ်လမ်းတွင် ပေါလုသည် ဇာတ်လိုက်ကြီးဖြစ်သည်။ ဇာတ်လမ်းပြီးဆုံးမှ ပြန်လည်သိမှတ်သည်မှာ ထိုဇာတ်လမ်းတွင် ပေါလုသည် သင်္ဘောကပ္ပတိန်မဟုတ်။ ခရီးသည် တစ်ယောက်သာဖြစ်နေပါလား။

ရာသီဥတုသာယာလာ၍ အသက်ရှူချောင်ကြသောအခါ ပေါလုက ခရီးသည်များအား အစာရေစာမှီဝဲကြရန် တိုက်တွန်းအားပေးသည်။ အစာရေစာမစားရသည်မှာလည်း ရက်သတ္တပတ်(၂)ပတ်ရှိနေပြီ။ ထမင်းစားနိုင်၊ ရေသောက်နိုင်ကြပြီ။ တမန်တော်ကြီးကလည်း ခရီးသည်များ၏ ဆံချည်တမျှင်မျှ မဆုံးရှုံးရကြောင်း ရဲရဲကြီး အာမခံချက်ပေးလိုက်သည်။

၂၇:၃၅  တမန်တော်ကြီးသည် ထိုသူများအလယ်မှာ မတ်တပ်ရပ်၍ မုန့်ကိုဖဲ့ ကျေးဇူးတော်ချီးမွမ်းကာ မြိန်ရေယှက်ရေစားပြလိုက်သည်။ ကျွန်တော်တို့သည်လည်း အခြားသူများရှေ့မှာ ကျေးဇူးတော်ချီးမွမ်း၍ စားသုံးရန် ဝန်မလေးသင့်ပါ။ ဆုတောင်းခြင်းသည် ဒေသနာ နာကြားခြင်းထက် ထိရောက်သည်။

၂၇:၃၆၃၇  ထိုသို့ ပေါလုက ရှေ့ဆောင်လုပ်ပြပြီးသောအခါ သင်္ဘောပေါ်ရှိ လူပေါင်း (၂၇၆)ယောက်တို့သည်လည်း အစာစားနိုင်ကြလေပြီ။

          ၂၇:၃၈၄၁  အစာရေစာ စားသုံးပြီးကြသောအခါ သင်္ဘောဝန်ပေါ့စေရန် ဂျုံအိတ်များကို ရေထဲသို့ ပစ်ချကြသည်။ နေရောင်ထွက်၍ ကုန်းမြေလှမ်းမြင်ရသော်လည်း ဘယ်အရပ်ရောက်မှန်း မသိကြ။ ထိုကုန်းမြေသို့ ချဉ်းကပ်ဖို့ သဘောတူကြသည်။ သို့နှင့် ကျောက်ဆူးကို ပြန်ရုတ်၊ ရွက်များကို ပြန်ချပြီး ရွက်လွင့်ကြပြန်သည်။ ပင်လယ်နှစ်ခုအကြားရှိ ရေလက်ကြားသို့ ရောက်ရှိသောအခါ သင်္ဘောဦးပိုင်း သောင်တင်နေသည်။ ထိုအခိုက်တွင် လေပြင်းမွှေလိုက်သဖြင့် နောက်ပိုင်းခါယမ်းပြီး ခါးလည်မှ ပြတ်ထွက်သွားသည်။

၂၇:၄၂၄၄  အကျဉ်းသားများ ထွက်ပြေးမည်စိုးသောကြောင့် စစ်သားများက အကုန်သတ်ပစ်ဖို့လုပ်ကြသည်။ သို့သော်လည်း တပ်မှူးက ပေါလုအား မသေစေလိုသောကြောင့် တားမြစ်လိုက်သဖြင့် အသက်ချမ်းသာရာရကြသည်။ ရေကူးတတ်သူများကို ဆင်းကူးခိုင်းပြီး ရေမကူးတတ်သူများကို သစ်သားအထုတ်အပိုးများမှီ၍ ကမ်းစပ်သို့ ကူခတ်တွန်းပို့စေကြသဖြင့် တစ်ဦးတစ်ယောက်မှ မသေမပျောက်ဘဲ ကုန်းမြေပေါ်သို့ ခြေချနိုင်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။