တမန်တော်၀တ္ထု - ၂၆
တမန်တော်၀တ္ထု - ၂၆ (အနက်ဖွင့်)
၂၆:၁–၃ မြင်ကွင်းအား ဘုရင်ဖြစ်သော ကျွန်နှင့်သရဖူဆောင်သော အကျဉ်းသားတို့၏ တွေ့ဆုံခန်းဖြစ်သည်။ ဝိညာဉ်ရေးရာရှုထောင့်ဖြင့် ကြည့်လျှင် အဂြိပ္ပသည် သနားစရာ ဖားသတ္တဝါ၊ တမန်တော်သည် တောင်ပန်စုံသော ယုံကြည်ခြင်းဖြစ်သည်။
အဂြိပ္ပမင်းက စကားပြောခွင့်ပြုသောအခါ ပေါလုသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် ခရစ်ယာန်ပီပီ ကျိုးနွံစွာလျှောက်တင်သည်။ ပထမဦးစွာ ယုဒအစဉ်အလာ ယုဒထုံးစံကို နားလည်သော ဧကရာဇ်မင်ရှေ့တွင် လျှောက်လဲတင်ပြခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိကြောင်းဆိုသည်။ ထိုသို့ ပြောခြင်းသည် တစ်ဖက်သူအား မြှောက်ထိုပင့်ကော် လုပ်ခြင်းမဟုတ်ပါ။ ခရစ်ယာန်များ၏ စိတ်ရှည်သည်းခံခြင်း၊ ယဉ်ကျေးခြင်းကို ပြသခြင်းဖြစ်သည်။
၂၆:၄–၅ တမန်တော်ကြီး၏ငယ်ရွယ်နုပျိုသောကာလသည် အတုယူဖွယ်ရာ ယုဒဘာသာဝင်များ အသက်တာဖြစ်သည်။ ယုဒဘာသာဝင်များကလည်း ယုံကြည်လက်ခံခဲ့ကြသည်။ ယုဒဘာသာဝင်များ၏ အကြပ်တည်းဆုံးသော ဖာရိရှဲဂိုဏ်းဝင်တစ်ယောက် အဖြစ်ဖြင့် ဒုက္ကစရိယကျင့်ကြံခဲ့သူလည်း ဖြစ်သည်။
၂၆:၆ ယခုတွင်မူကား ဘုရားသခင်သည် အကျွန်ုပ်တို ဘိုးဘေးများအား ထားတော်မူသည့် ကတိတော်ကို အကျွန်ုပ်တို့ မျှော်လင့်စောင်စားသည့်အတွက် ယခုအခါ အကျွန်ုပ်သည် အစ်အဆေးခံနေရပါသည် ဟုဆိုသည်။ ပေါလု၏ ခြေသည်ဘိုဘေးများအားထားတော်မူသည့် ကတိတော်ဆိုသည်မှာ အာဗြဟံ၊ဣဇာက်၊ ယာကုပ်၊ ဒါဝိဒ်နှင့်ရှောလမုန်မင်းများထံတွင် ပြုခဲ့သည့် ကတိတော်များကို ဆိုလိုသည်။ ထိုကတိတော် များထဲတွင် လောကသားများအား ကယ်တင်ဖို့ရန် ဣသရေလအမျိုသားထဲ၌ မေရှိယ ပေါ်ထွန်းမည့်အကြောင်း ပညတ်ချက်ဖြစ်သည်။ ရှေးယုံကြည်သူ ဘိုးဘေးများသည် ထိုကတိတော်များ မြည့်စုံလာကြောင်းကို မသိလိုက်ကြရှာ။ ထိုသို့ဆိုလျှင် ပြုထားခဲ့သော ရှေးကတိတော်များသည် တည်မြဲခြင်းမရှိ၊ ပျက်ပြယ်သွားပြီဟု ဆိုလိုသလား။ အသေအချာ ကတိတော်ပြုခဲ့သည်မဟုတ်ဘူးလား။ သို့ဆိုလျှင်လည်း ဘိုးဘေးများ သေလွန်ကုန်နေပြီ။ ထိုမဟေဠိ၏ အဖြေစကားမှာ သေခြင်းမှ ထမြောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းသန့်ရှင်းသူများသည် သေခြင်းမှ ထမြောက်ကြရမည့်အကြောင်း ကတိတော်ဖြစ်သည်။
၂၆:၇ ယခု ဣသရေလ(၁၂) မျိုးနွယ်စု နေ့ညဉ့်မပြတ် ဘုရားဝတ်ပြုကိုးကွယ်ခြင်းသည် မျှော်လင့်စောင့်စားနေသည့် ကတိတော် ပြည့်စုံခြင်းဖြစ်သည်။ ၍(၁၂)မျိုးနွယ်စုအကြောင်းသည် အရေးကြီးသော အချက်ဖြစ်သည်။ ဣသရောလလူမျိုးများ ဖမ်းဆီးချုပ်နှောင်ခြင်းခံကတည်းက (၁၀)မျိုးနွယ်စုက ပျောက်ဆုံးခဲ့သည်။ တပါးအမျိုးသားများအကြားတွင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကြသည်။ ကယ်တင်ရှင် ပေါ်ပေါက်လာမည့် ကတိတော်ပြည့်စုံလာခြင်းဖြစ်သည်ဟု ဆိုသည်။
၂၆:၈ ထိုသို့ဟောကြားခြင်းသည် အပြစ်ကျူးလွန်ရာရောက်ပါသလား။ သေလွန်သော ဘိုးဘေးများထမြောက်ကြရမည့် ကတိတော်သည် ပြည့်စုံလာမည်ဟု တမန်တော်ကြီး ယုံကြည်သည်။ ထိုတရားသည် မှန်သောစကားဖြစ်သည်။ အဘယ်ကြောင့် မယုံကြည်နိုင်ကြသနည်းဟု အဂြီပ္ပမင်းကို မေးသည်။
၂၆:၉–၁၁ ခရစ်ယာန်ယုံကြည်သူများ ဆန့်ကျင်နှိပ်စက်ခဲ့ပုံ၊ သူတို့အယူဝါဒ စွန့်လွှတ်ရန် ဖိနှိပ်ခဲ့ပုံများကို ပြန်လည်ပြောပြသည်။ နာဇရက်ယေရှုနှင့် ပတ်သက်သမျှကို ဆန့်ကျင်ခဲ့သည်။ ယေရုရှလင်မြို့တွင်လည်း ခရစ်ယာန်အများအပြားကို ထောင်သွင်ခဲ့သည်။ အပြစ်ဒဏ်ပေးဖို့ရန်လည်း မင်းတိုင်ပင်အမတ်များနှင့် တိုင်ပင်လျက် မဲဆန္ဒပေးခဲ့သည်။ တရားစနစ်တိုင်းမှာလည်း ဘုရားသခင်ကို ငြင်းပယ်ရေးနှင့် ခရစ်ယာန်များ ဆန့်ကျင်ရေးကိုသာ ဟောပြောခဲ့သည်။ (အနိုင်အထက်ပြုနှိမ်နင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ)။ ယေရုရှလင်တွင် နိုင်ငံရပ်ခြားသားတိုင်အောင် ခရစ်ယာန်များကို နှိမ်နင်မုန်းတီးခဲ့သည်။
၂၆:၁၂–၁၄ ထိုသို့ ခရစ်ယာန်များကို လိုက်လံညှင်းဆဲနှိပ်ကွပ်နေစဉ် ဘဝတကွေ့တွင် ရုတ်ခြည်းပြောင်းလဲဖို့ အကြောင်းဖန်ခဲ့သည်။ တနေ့သောအခါ ယဇ်ပုရောဟိတ်ဘုရားကြီးများနှင့် တိုင်ပင်၍ ဒမာသက် မြို့မှ ခရစ်ယာန်များ သွားရောက်နှိပ်စက်ရန် ခရီးထွက်သည်။ ခရီးသွားနေစဉ် နေ့ခင်းကြောင်တောင်တွင် ကောင်းကင်ယံမှ အလင်းတန်းကြီးသည် သူတို့အပေါ်သို့ ထိုးကျသောကြောင့် ပေါလုတို့အဖွဲ့သည် မြေကြီးပေါ်သို့ လဲကျကုန်သည်။ ထိုသို့ လဲကျနေစဉ် အလင်းထဲမှ “ရှောလု၊ ရှောလု၊ ဘာကြောင့် ငါ့ကို ညှဉ်းဆဲသနည်း” ဟု အသံထွက်လာသည်။ “ငါ့ကို နှိပ်စက်ခြင်းသည် တုန်ချွန်ကို ကြောက်သကဲ့သို့ဖြစ်သည်” ဟု ဆက်ပြောသည်။ တုန်ချွန်ဆိုသည်မှာ တိရစ္ဆာန်များ မောင်းနှင်ရန် အသုံးပြုသည့် ချွန်ထက်သောသစ်သားဒုတ်ဖြစ်သည်။ ပေါလုသည် ထိုတုတ်ချွန်ကို ကန်ကြောက်ခဲ့သည်။ ယခု သန့်ရှင်းသော ဝိညှာဉ်တော်၏ အသံတော်ကြားရသည်။ သတေဖန် အသေခံခြင်းကိုလည်း မမေ့နိုင်၊ အမှတ်ရနေသည်။
၂၆:၁၅ ပေါလုက “အရှင်သည် အဘယ်သူနည်း” ဟု ပြန်မေးရာ “ငါသည် သင်ညှဉ်းဆဲနေသော ယေရှုဖြစ်သည်” ဟု အသံတော်ပြန်ကြားသည်။ ယေရှုမည်သို့ဖြစ်နိုင်မည်နည်း။ ယေရှုသည်ကားတိုင်မျာသေ၍ သဂြိုလ်ခဲ့ပြီမဟုတ်လား။ သူ့တပည့်များက ခိုးဝှက်ပြီး ဆေးကုသကာ ပြန်လည်အသက်ရှင်ခြင်းလား။ ယေရှုကဘယ်လို စကားပြောနိုင်သနည်း။ ထိုအချိန်တွင် ပေါလု အသိဝိညာဉ်ထဲသို့ သဂြိုလ်ခဲ့သော ယေရှုသည် ရှင်ပြန်ထမြှောက်ပြီဟု အသိတရားချက်ချင်း ဝင်လာသည်။ ကောင်းကင်နိုင်ငံမှ စကားလှမ်းပြောသည်။ ခရစ်ယာန်များအား ညှဉ်းပန်းရာတွင် ခရစ်ယာန်များ၏ မေရှိယ၊ ဘုရားသားတော်ကို ဒုက္ခပေး ပြစ်မှားမိခဲ့ကြသည်။
၂၆:၁၆ ထို့နောက် ယေရှုခရစ်တော်၏ စေခိုင်းချက်များကို အကျဉ်းချုံ့၍ ပြန်လည်ပြောပြသည်။ ထ၍ရပ်ခိုင်းသည်။ ယခုကြုံတွေ့ခဲ့သမျှသော အဖြစ်အပျက်များနှင့် နောင်တွင် ဆက်လက်သွန်သင်မည့် အကြောင်းအရာများကို သက်သေခံဖို့ အစေခံအဖြစ် ရွေးချယ်ခန့်အပ်ထားကြောင်း အမိန့်တော်ရှိခဲ့သည်။
၂၆:၁၇ ယုဒလူမျိုးများအား၎င်း၊ တပါးအမျိုးသားများသော်၎င်း ကယ်တင်ခြင်း ရရှိကြစေရန် သက်သေခံရမည်ဟု စေခိုင်းသည်။
၂၆:၁၈ ပေါလုသည် လူမျိုးခြားတို့၏ မျက်စိကိုဖွင့်ပေးရမည်။ သူတို့အား အမှောင်မှ အလင်းသို့ ကူမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူပြောင်းရမည်ဟုဆိုသည်။ သခင် ယေရှုကို ယုံကြည်ခြင်းဖြင့် အပြစ်မှ ခွင့်လွှတ်ခြင်းရရှိကြမည်၊ စင်ကြယ်ခြင်း အမွေခံကြရမည်ဟု ဆိုသည်။ ဤအခန်းငယ် (၁၈) ၏ ဧဝံဂေလိတရားကို H.K Downie က ဤသို့ အကျဉ်းချုပ် ဖော်ပြထားသည်။
၁။ အမှောင်ခွင်းသည်။
၂။ စာတန်၏ တန်ခိုးမှ ကင်းလွတ်စေသည်။
၃။ အပြစ်ကို ခွင့်လွှတ်သည်။
၄။ ပျောက်ဆုံးသော အမွေတော်ပြန်လည် ဆက်ခံစေသည်။
၂၆:၁၉–၂၃ ဆက်လက်၍ ပေါလုက သူ့လုပ်ဆောင်ချက်များကို အဂြိပ္ပမင်းသို့ တင်ပြသည်။ သူသည် ကောင်းကင်မှပေးသော ဗျာဒိတ်ရူပါရုံကို မနာခံဘဲ မနေနိုင်ကြောင်း၊ ဒမာသက်မြို့မှစ၍ ယေရုရှလင် ယုဒ တပြည်လုံးနှင့် တပါးအမျိုးသားများထံ အနှံ့ သက်သေလိုက်ခဲ့ကြောင်း၊ နောင်တတရားရ၍ ဘုရားရှင်တော်ထံသို့ ချဉ်းကပ်ကြရန် ဟောကြားကြောင်း၊ ထိုသို့ ဟောကြားနေစဉ် ယုဒလူများက ဗိမာန်တော်ထဲတွင် လာရောက်ဖမ်းဆီးပြီး အသက်ရန်ရှာကြကြောင်း၊ သို့သော်လည်း ဘုရားသခင်က ကွယ်ကာစောင်မသဖြင့် ဓမ္မဟောင်းပါ မောရှေအား ကတိတော်ပြုခဲ့သည့်အတိုင်းယနေ့အထိ သက်သေခံဆင့်ရခြင်းဖြစ်ကြောင်း သံတော်ဦးတင်လိုက်သည်။ ဝေငှဟောကြားသည့် တရားမှာ မေရှိယသခင်သည်လည်း ဆင်းရဲဒုက္ခခံပြီး သေလွန်ခဲ့သော်လည်း ပထမဦးဆုံး ထမြောက်သူဖြစ်ကြောင်း၊ ယုဒလူမျိုးများနှင့် တပါးအမျိုးသားများကိုလည်း အလင်းပေးကြောင်း စသည့် မင်္ဂလာတရားများ ဖြစ်သည်။
၂၆:၂၄–၂၆ ဖေတ္တုသည် တပါးအမျိုးသားဖြစ်၍ ပေါလု၏စကားများ လုံးဝလက်မခံ၊ ဘဝင်မကျ။ ဝိညာဉ်တော်အသိဖြင့် ပြောဆိုသော ပေါလုစကားအား “ကိုယ့်အတက်ကိုစူးပြီ”ဟု သရော်ခဲ့သည်။ ပေါလုကလည်း စိတ်ဆိုးခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် မိမိပြောဆိုသောစကားသည် သမ္မာတရားဖြစ်၍ အကျိုးအကြောင်း ခိုင်လုံကြောင်း ရှင်းပြသည်။ ဤအဖြစ်အပျက် ဇာတ်လမ်းသည် ဘုရင်မင်းကြီး အကုန်အစင်သိပါသည်ဟု သက်သေထူလိုက်သည်။ ပေါလု၏ အသက်တာနှင့် သက်သေခံချက်မျာသည် လျှို့ဝှက်သဲဖိုဇာတ်လမ်းစုံဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ အရပ်သိရွာသိဖြစ်၍ အဂြိမ္မမင်းကြီးလည်း သိရှိခြင်းဖြစ်သည်။
၂၆:၂၇ ပေါလုက အဂြိမင်းအား” ဘုရင်မင်းမြတ်၊ ပရောဖက်ကျမ်းများကို ယုံကြည်ပါသလား” ဟု တည့်တိုးမေးလိုက်ပြီး၊ ထိုမေးခွန်းကို သူ့ကိုယ်သူ ပြန်ဖြေသည်။ ” ဘုရင်မင်းကြီး ယုံကြည်ကို ကျွန်တော်သိသည်” ဟုဆိုသည်။ ပေါလုစကားသွား၊ စကားလာသည် အမှားအယွင်း အတိမ်းအစောင်းမရှိပါ။ “ဓမ္မဟောင်းကျမ်းပါ ပရောဖက်ကျမ်းများကို အရှင်မင်းကြီး ယုံကြည်သည်ဟု ကျွန်တော်သိပါသည် ဟူသော စကားသည် ထိရောက်သည်။ အဂြိပ္ပမင်းခင်ဗျား ဤတင်ပြခဲ့ပြီးသော အကြောင်းအရာများကို အချင့်ချိန်၍ ယုဒများက အသက်အန္တရာယ် ရန်ရှာကြခြင်းမှာ သင့်လျော်ပါသလား၊ အရှင်မင်းကိုယ်တိုင် ယုံကြည်သော ပရောဖက်ကျမ်းများကိုလည်း ပေါလုယုံကည်လက်ခံသည်ဖြစ်၍ အပြစ်ဆိုအပ်ပါသလား” ဟု ဆက်တိုက် စကားလုံးကျည်ဆံဖြင့် ပစ်ထည့်သည်။
၂၆:၂၈ အဂြိပ္ပမင်းကလည်း ဤစကားမျှနှင့် ငါ့ကို ခရစ်ယာန်ဖြစ်သွားမည် ထင်သလားဟု ပေါလုကိုပြန်မေးသည်။ မကျေနပ်သော လေသံဖြစ်သည်။ KJV ကျမ်းကမူ ထိုစကားသည် အဂြိပ္ပမင်းခရစ်တော်အတွက် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုသည်။ ထိုမင်း၏ အဖြေစကားနှင့် ပတ်သက်၍ ပေါလု၏ ခံစားချက်ကို နောက်ကျမ်းပိုဒ်တွင် တွေ့ရသည်။ အချို့က အဂြိပ္ပ၏စကားသည် ” ဤစကားလေးနှင့် ငါ့ကို ခရစ်ယာန်ဖြစ်ချင်သလား”ဟု သရော်ခြင်းဖြစ်သည်ဟုဆိုသည်။ တစ်မျိုးပြောရလျှင် ပေါလု၏ စကားအား ပြက်ရယ်ပြုခြင်းဖြစ်သည်။
၂၆:၂၉ မင်းကြီးက အတည်ပြောသည်ဖြစ်စေ၊ သရော်၍ ပြောသည်ဖြစ်စေ ပေါလု၏ စကားသည် သွေးထွက်အောင်မှန်သည်။ ပေါလု၏ ထိုစကားသည် အနည်းအကျဉ်းသာဖြစ်သော်လည်း အဂြိပ္ပမင်းနှင့်ကြားနာသူအပေါင်းတို့အား သူ့အသက်တာကဲ့သို့ ပျော်ရွှင်ခြင်းနှင့်ကောင်းကြီးမင်္ဂလာပြည်ဝသော ခရစ်ယာန်အသက်တာမျှဝေချင်သည်။ ရှင်ပေါလုအသက်တာကဲ့သို့ အချုပ်အနှောင်မရှိ၊ အခွင့်ထူးများ ခံစားစေချင်သည်။ ထိုအကြောင်းကို Morgan က ဤသို့ဆိုထားသည်။
အဂြိပ္ပမင်း ကယ်တင်ဖို့ အသေခံပေးချင်သည်။ သို့သော် အဂြိပ္ပအပေါ်မှ ချည်နှောင်ခြင်းမရှိစေချင်။ ထိုအသက်တာမျိုးသည် ခရစ်ယာန်အသက်တာဖြစ်သည်။ ခရစ်ယာန်အသက်တာကို တိုးပွားစေရမည်။ အောင်မြေချဲ့ရသည်။ အသုံးချရသည်။ တပါးသူအား ဆင်းရဲဒုက္ခပေးခြင်းသည် ခရစ်ယာန်အသက်တာနှင့်မဆိုင်။ ရိုးသားဖြောင့်မတ်ခြင်းသည် ရွေးနှုတ်ခြင်းတွင် ခရီးဆုံးသတ်သည်။ သို့သော် ချည်နှောင်ခြင်းမရှိ။ ထိုသည်ပင်လျှင် ခရစ်ယာန်အသက်တာဖြစ်သည်။
၂၆:၃၀–၃၂ ဘုရင်အစိုးရမင်းနှင့် ဗေရနိတ် တို့သည် သီးခြားရုံးထိုင် တိုင်ပင်ကြသည်။ ပေါလုအား အပြစ်ရှာမတွေ့ကြပါ။ ထောင်ဒဏ်၊ သေဒဏ်ထိုက်သော အပြစ်ကျူးလွန်ခြင်း မတွေ့ကြ။ အကယ်၍ ကဲသာဘုရင်ထံသို့ အယူခံသာမဝင်လျှင် အပြစ်မှလွှတ်လိုက်ရမည်ဟု အဂြိပ္ပက ဖေတ္တုအားပြောပြသည်။
ထိုသို့ဆိုလျှင် ကဲသာဘုရင်လည်း အဘယ်ကြောင့် အမှုမပလပ်နိုင်သည်မှာ အံ့သြစရာဖြစ်သည်။ သို့မဟုတ် ဘုရားသခင်က တပါးအမျိုးသား ရောမအင်ပါယာ ဧကရာဇ်မင်းရှေ့တော်မှောက်တွင် အစစ်ဆေးခံရန် အလိုတော်ရှိသလား(၂၃:၁၁)။ နောက်ဆုံးတွင်မူ သူ့ယုံကြည်ကိုးကွယ်ရာ သခင်ဘုရားအတွက် အသက်ပေးလှူရန် အလိုတော်ရှိကြောင်း နားလည်ပေးရသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။