ဓမ္မရာဇဝင်ပဌမစောင် - ၁၃
ဓမ္မရာဇဝင်ပဌမစောင် - ၁၃ (အနက်ဖွင့်)
(ဂ) မနာခံခြင်းနှင့်ငြင်းဆန်ခြင်း (အခန်း ၁၃–၁၅)
(၁) ရှောလု၏ ယဇ်ပူဇော်ခြင်းအပြစ်ဒုစရိုက် (အခန်း ၁၃)
၁၃:၁ အပိုဒ် ၁နှင့် ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုရေးသားကြသည်။ KJV နှင့် NKJV ကျမ်းမူတွင် “ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့် ဣသရေလဘုရင်နန်းစံပြီးသောအခါ” ဟုဆိုသည်။ ERV ကျမ်းမူတွင် “ရှောလုသည် အသက်(၃၀)အရွယ်တွင် နန်းတက်၍ ဣသရေလဘုရင်အဖြစ် နှစ်နှစ်စိုးစံသည်” ဟု ဆိုသည်။ RSV ကျမ်းမူက “ရှောလုသည် ရှင်ဘုရင်အဖြစ် နန်းတက်ပြီးနောက်(၂)နှစ်ကြာ ဣသရေလပြည်အုပ်စိုးသည်” ဟု ဆိုသည်။ NASB ကျမ်းမူက “ရှောလုနန်းတက်သည့်အချိန်တွင် အသက်(၄၀)ရှိ၍ (၃၂)နှစ်ကြာ ဘုရင်အဖြစ်စိုးစံသည်’ဟု ဆိုသည်။ အချို့ကျမ်းမူများ၌ ဝိဝါဒကွဲပြားစရာရှိသောအချက်များကို ချန်လှပ်ထားကြသည်။ ထိုသို့အဓိပ္ပါယ်ကွဲလွဲကြခြင်းမှာ Septuagint မှ ဟေဗြဲဘာသာစကားသို့ကူးယူကြရာတွင် စာလုံးပေါင်းမှားခြင်း၊ အချို့စကားလုံးများ မပီပြင်ခြင်းဖြစ်မည်။၁၁ မည်သို့ဖြစ်စေ ရှောလုနန်းတက်ချိန်တွင် အတွေ့အကြုံရင့်ကျက်ပြီဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ရှောလု၏ သားယောနသန်ပင်လျှင် စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်သောအရွယ်ဖြစ်နေပြီ။
၁၃:၂–၅ ရှောလုက လူသုံးထောင်ရှိသောအမြဲတမ်း တပ်မတော်ဖွဲ့စည်း၍ ယောနသန်က ဦးစီးကွပ်ကဲသည်။ ယေရုရှလင်မြောက်ဘက်ရှိ ဂေဗအရပ်၌ ဖိလိတ္တိတပ်ကို လုပ်ကြံမှုဖြင့် ဖိလိ တ္တိတို့က ဣသရေလတို့အား စစ်ပြင်ဆင်ကြသည်။ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာကြသည်။ (အပိုဒ် ၅ရှိ စစ်အင်အားကို အချို့ကျမ်းမူများတွင် ရထားသုံးထောင်နှင့် မြင်းခြောက်ထောင်ဟု ဆိုကြမည်)။၁၂
၁၃:၆–၉ ဣသရေလတပ်ဖွဲ့သည် ထိုချီတက်လာသော ရန်သူ့အင်အားကို တွေ့မြင်သောအခါ စစ်မရောက်မီက မြှားကုန်ကြပြီ။ အချို့က ယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ ထွက်ပြေးကြသည်။ အချို့က ကြုံမိကြုံရာတွင် ပုန်းအောင်းကြသည်။ ထိုသို့ စစ်ရှုံးရခြင်းမှာ ဘယ်သူမပြု မိမိမှုဖြစ်သည်။ ရှောလုသည် စစ်နိုင်အောင် ဆုတောင်းဖို့ ရှမွေလကို ဂိလဂါလအရပ်တွင် စောင့်နေသည်(၁၀၈ကိုကြည့်)။ ခုနှစ်ရက်တိုင်တိုင် စောင့်ရှောက်သော်လည်း ရှမွေလမပေါ်လာ။ တပ်ဖွဲ့ဝင်များသည်လည်း စိတ်အားငယ်၍ ပြေးလွှားပုန်းအောင်းနေကြပြီ။ သို့ကြောင့် ရှမွေလအလာကို မစောင့်နိုင်တော့ဘဲ ကိုယ်တိုင် မီးရှို့ပူဇော်သက္ကာပြု လိုက်သည်။ ထိုသို့ယဇ်ပုရောဟိတ်မဟုတ်သူက မီးရှို့ ပူဇော်သက္ကာပြုခြင်းသည် လေဝိထုံးနည်းနာနှင့်မကိုက်ညီ။ ဝတ်ပြုနည်းကို ချိုးဖောက်ရာရောက်သည်။ မည်မျှပင် ရှမွေလနောက်ကျစေကာမူ၊ မိမိနှင့်မဆိုင်သော ထုံးနည်းနာ လုပ်ပိုင်ခွင့်မရှိ။
၁၃:၁၀–၁၄ မရှေးမနှောင်းတွင် ရှမွေလရောက်လာသော်လည်း ရှောလုက အငွေ့တလူလူဖြင့် မီးရှို့ပူဇော်သက္ကာပြုနေပြီ။ အခြားအမှုအရာများကို ခွင့်လွှတ်နိုင်သော်လည်း ဝတ်ပြုကိုးကွယ်ခြင်း ထုံးနည်းနာ ဖောက်ဖျက်မှုသည် ခွင့်လွှတ်စရာမရှိ။ သို့ကြောင့် ရှောလုသည် အချုပ် အခြာအာဏာ လက်လွှတ်ဆုံးရှုံးရမည်။ ဘုရားသခင်သည် သာမန်လူသား၏ အပြစ်ထက် စိတ်ချယုံကြည်၍ စီရင်ခွဲခန့်ထားသူ၏ အပြစ်ကို ပိုမြင်သည်။ ရှောလု၏ ဘဝအသက်တာတွင် ပြစ်ဒုစရိုက်ပေါင်းစုံ ပြုခဲ့သည့်အနက် ဤအပြစ်သည် အကြီးလေးဆုံးအပြစ်တစ်ခု ဖြစ်သည်။ အခြား အပြစ်ဒုစရိုက်ကြီးများမှာ ကပြက်ကချော် ကတိသစ္စာပြုသည်(အခန်း ၁၄)။ ဘုရားသခင် ဖျက်ဆီးခိုင်းသော အာဂတ်မင်းကို အရှင်ဖမ်းဆီးထားသည်(အခန်း၁၅)။ အဟိမလက်နှင့် ယဇ်ပုရောဟိတ် (၈၄)ပါးကို ကွပ်မျက်သည်(အခန်း၂၂)။ ဒါဝိဒ်၏ အသက်ကို သတ်ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးပမ်းသည်(အခန်း၁၈-၂၆)။ နတ်ဝင်သူ အောက်လမ်းဆရာများနှင့် ပေါင်းဖက်သည်(အခန်း၂၈)။
၁၃:၁၅–၂၃ ရှောလုသည် စစ်သည်တော် အင်အားခြောက်ရာနှင့်အတူ ယောနသန်အား စစ်ကူပေးကြသည်။ ဖိလိတ္တိစစ်သားများက အရှေ့အနောက်တော်မြောက် လေးဘက်လေးလံ ဝန်းရံထားကြသဖြင့် ကူမည့်သူမရှိ၊ ကယ်မည့်သူနတ္ထိ၊ မျက်စိသူငယ်၊ နားသူငယ်ဖြစ်နေကြသည်။ စစ်လက်နက်ပစ္စည်းထုလုပ်မည့် ဣသရေလပန်းပဲသမား တစ်ယောက်မှမရှိ။ ထွက်ပြေးကုန်သည်။ ရိက္ခာထုတ်လုပ်ဖို့ ထွန်ယက်စိုက်ပျိုးစရာ လက်နက်များလည်းမရှိ။ ယောနသန်လက်ထဲတွင်သာ ဌက်ကြီးတောင်ဓားရှိသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။