ဓမ္မရာဇဝင်ပဌမစောင် - ၂

ဟန္န၏ဆုတောင်းပတ္ထနာ
1တစ်ဖန် ဟန္နသည် ပတ္ထနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။ 2ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိ။ 3ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။ 4သူရဲတို့ ကိုင်သောလေးများကျိုးလျက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့်ပြည့်စုံလျက် ရှိကြ၏။ 5ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။ 6ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။ 7ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရတတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သောအခွင့် ရှိတော်မူ၏။ 8ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။ 9မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။ 10ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။ 11ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
ဧလိ၏သားများ
12ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူဖြစ်ကြ၏။ 13လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတစ်ယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊ 14အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှိလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။ 15ဆီဥကို မီးမရှို့မီ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဖို့ ကင်စရာအမဲသားကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသောအမဲသားကိုသာယူမည်ဟု ယဇ်ပူဇော်သောသူအား ဆိုတတ်၏။ 16ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟု ဆိုလျှင်၊ မဟုတ်ဘူး၊ ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။ 17ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။
ရှိလောမြို့တွင်ရှိသောရှမွေလ
18သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏။ 19နှစ်စဉ်ပြုရသောယဇ်ကိုပူဇော်ခြင်းငှာ၊ သူ၏မိဘသည်ရောက်လာသောအခါ၊ အမိသည် တစ်နှစ်မပြတ် သားအဖို့ အင်္ကျီငယ်ကိုချုပ်၍ ဆောင်ခဲ့တတ်၏။ 20တစ်ရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှားထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုးအနွယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းချီးပေး၏။ ထိုသူတို့သည် နေရာအိမ်သို့ ပြန်သွားသောနောက်၊ 21ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွားသတည်း။
ဧလိနှင့်သူ၏သားများ
22ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှကိုလည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို လည်းကောင်း ကြားသိလျှင်၊ 23သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည် ပြော၍ ငါကြားရ၏။ 24မကောင်းဘူး ငါ့သားတို့။ ငါကြားသော သတင်းသည် ကောင်းသောသတင်းမဟုတ်။ ထာဝရဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။ 25လူချင်း တစ်ယောက်ကိုတစ်ယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူတို့သည် အဘ၏စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်းငှာ အလိုရှိတော်မူ၏။ 26သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
ဧလိမိသားစုနှင့်ဆိုင်သောဗျာဒိတ်တော်
27ဘုရားသခင်၏ လူတစ်ယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏အမျိုးအားငါထင်ရှားသည် မဟုတ်လော။ 28ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကိုဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သကာ ရှိသမျှတို့ကို၊ သင့်အဘ၏အမျိုးအား ငါပေးသည်မဟုတ်လော။ 29ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣသရေလအမျိုးသား တင်လှူသော ပူဇော်သကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသောအရာကို ဝစွာစားစေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။ 30ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။ 31သင်၏အမျိုးတွင် အိုသောသူတစ်ယောက်မျှ မရှိစေခြင်းငှာ၊ သင်၏လက်ရုံးနှင့် သင့်အဆွေအမျိုး၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။ 32ဣသရေလအမျိုးအား ငါပေးသောစည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင်မြင်ရလိမ့်မည်။ သင်၏အမျိုးတွင် အိုသောသူတစ်ယောက်မျှ အစဉ်မရှိရ။ 33ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်နာကျင်ဖို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။ 34သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ်ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တစ်နေ့ချင်းတွင် သေလိမ့်မည်။ 35တစ်ဖန် ငါ့စိတ်နှလုံးအလိုသို့လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဖို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ်သွားလာရလိမ့်မည်။ 36သင်၏အမျိုး၌ ကျန်ကြွင်းသောသူတိုင်း သူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစ်စုံတစ်ခု၌ ကျွန်တော်ကို စေခိုင်းပါလော့ဟု ငွေစ၊ မုန့်စကိုရလိုသောငှာ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၂ (အနက်ဖွင့်)

(ဟန္န၏သီချင်း (:၁၀)

          :၁၀ ဧလကာနနှင့်သား၏ ဆက်ကပ်မှုသည် ဧလိမိသားစု၏ အကျင့်စာရိတ္တချို့ယွင်းမှုနှင့် တခြားစီဖြစ်သည်။ သားတော်မောင်ကို ဘုရားသခင်လက်ထဲသို့ အပ်နှံပြီးသောအခါ ဟန္နစိတ်နှလုံးသည် ပေါ့ပါးရွှင်လန်းလျက် ကျေးဇူးတော်ချီးမွမ်းမကုန်နိုင်။ နှလုံးသည်းပွတ်ကြားမှ ထွက်လာသောစကားလုံးများဖြင့် ဘုရားသခင်၏ အမှုတော်ကို ချီးမွမ်းသည်။ ဟန္န၏ ပဌနာတော်ရွတ်ဆိုသံသည် ပေါ်ယံကြည့်လျှင် ပေနိန္နကို ရည်ဆောင်သည်ဟု ထင်မှတ်စရာရှိသော်လည်း ဣသရေလတို့၏ ရန်သူ့အပေါ် အောင်မြင်ပုံနှင့် ခရစ်တော်ဘုရား အုပ်စိုးမည့်အကြောင်း နိမိတ်ဖြစ်သည်။ မာရိ၏ သီချင်း (လု ၁:၄၆-၅၅) သည်လည်း ဟန္န၏သီချင်းအရိပ်အငွေ့ လွှမ်းမိုးကြောင်း တွေ့ရှိနိုင်သည်။

(ဧလိနှင့်သားဆိုးများ (:၁၁၃၆)

:၁၁၁၇ ဧလိသားဆိုးများဘက်သို့ ပစ်မှတ်လှည့်သည်။ ဧလိသားများသည် ဘုရားတရားမသိ၊ ယုံကြည်ခြင်းမရှိ၊ ကယ်တင်ခြင်း နားမလည်သော သားဆိုးသားမိုက်များဖြစ်သည်။ မရယူထိုက်သော မိဿဟာယ ယဇ်ကောင်မှ ခွဲတမ်းကို အတင်းလုယူကြသည်။ ချီလွှဲရာ ပုခုံးနှင့်ပေါင်သားမဟုတ်သော ယဇ်ကောင်သားကို အနိုင်အထက်ပြုရယူကြသည် (တရား ၇:၂၈-၃၄ နှင့်ယှဉ်ဖတ်)။ ယဇ်ပူဇော်ရာထုံးနည်းနာနှင့် မကိုက်ညီသော အဆီအသားတုံးများကို မတရားရယူကြသည်။ ထို့အပြင် ယဇ်ကောင်အသားကို ပြုတ်စားမည့်အစား စိတ်ရူးပေါက်ရာ ကင်စားကြသည်။ ထုံးတမ်းစဉ်လာနှင့်အညီ လိုက်လုပ်ဖို့ တားမြစ်လျှင်လည်း မနာခံ၊ မရမက အတင်းအဓမ္မလုယူကြသည်။ ဘုရားသခင်သို့ ပူဇော်သက္ကာများကို မထီမဲ့မြင်ပြုကြသဖြင့် အပြစ်ဒုစရိုက်သည် ကြီးလေးသည်။

:၁၈၂၁ ယဇ်ပုရောဟိတ်၏သားများ ဆိုးသွမ်းမိုက်ရိုင်းသလောက် ရှမွေလသည် အရွယ်နှင့်မလိုက်အောင် လိမ္မာရေးခြားရှိသည်။ ဘုရားတရားကြည်ညိုသည်။ မိဘများကလည်း နှစ်စဉ်ပုံမှန်ယဇ်ပူဇော်ကြသည်။ ပထမဦးဆုံးဟန္နကိုယ်လေး လက်ဝန်ရှိသည့်အချိန်မှပင်  သားရတနာ (၃)ယောက် နှင့် သမီးရတနာ(၂)ယောက် မျက်နှာမြင်ရမည်ဟု သိရသည်။ ထိုဆုလာဘ်သည် “ပေးပါ၊ ပေးလျှင်ရမည်” ဟူသော သခင်ယေရှုစကားတော်အတိုင်းဖြစ်သည်။

:၂၂၂၆ ဧလိသည် သူ့သားများ၏ ဆိုးသွမ်းမှု၊ မတရားသောကာမရယူမှုများကို မသိ။ သို့သော် ဟုတ်လျှင်ကျော်၊ ပုပ်လျှင်ပေါ်သည့်အတိုင်း ကြာရှည်ဖုံးကွယ်၍ မရ။ သို့ကြောင့် ပညတ်တရားဥပဒေသအတိုင်း အပြစ်စီရင်ခြင်းခံရသည်။ ဘုရားသခင်က ဖျက်ဆီးခွင့်ပြုလိုက်သည်။ ယဇ်ပုရောဟိတ်၏ သားများ ဆိုးသွမ်းမိုက်ရိုင်းကြသော်လည်း အခြားတစ်ဘက်တွင် အသက်တာဆက်ကပ်ထားသော ရှမွေလ၏ ဘဝသည် သာသနာ့ဘောင်တွင် ငြိမ်သက်စွာကြီးပြင်းလာသည်။ တရားသူကြီးခေတ်တွင် ထိုကဲ့သို့ဖောက်ပြန်ကြခြင်း ထင်ရာမြင်ရာ စွတ်လုပ်ကြခြင်းသည် အံ့ဩဖွယ်ရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကာလသည် ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း မြင်စိုင်းရောက်ရောက် ခေတ်ပျက်ကာလဖြစ်သည်။

:၂၇၃၆ ဧလိအပေါ်ဘုရားသခင်၏ အပြစ်တင်အရေးယူခြင်းသည် ဧလိက သူ့သားများပေါ်အပြစ်တင်ခြင်းထက် ပြင်းထန်သည်။ နာမည်မသိရသော ဘုရားသခင်၏ လူကဧလိ အိမ်ထောင်မိသားစု ကံကြမ္မာဆိုးဝင်မည့်အကြောင်းလာပြောသည်။ ဘုရားသခင်က အာရုန်အမျိုးအား ယဇ်ပုရောဟိတ်ရာထူး ခန့်အပ်၍ ဝေစုများကိုလည်း သတ်မှတ်ခဲ့သည်။ ထိုထုံးတမ်းနည်းနာအတိုင်း နှောင်း ယဇ်ပုရောဟိတ်များကလည်း လိုက်နာရသည်။ သို့သော်လည်း ဧလိသည် သားသမီးများကို မနိုင်။ ဘုရားသခင်နှင့် ဆိုင်သော ယဇ်များကို မိုက်ကန်းစွာ ပြစ်မှားခဲ့ကြပြီ (ငယ် ၂၉)။ ယဇ်ပုရောဟိတ်များသည် ဘုရားသခင်နှင့် ဣသရေလများအား ဆက်သွယ်ပေးသော သာသနာ့ဘောင်ဝင်များအဖြစ် ဘုရားသခင်က ချီးမြှင့်မြှောက်စားခဲ့သည့် လူတန်းစာဖြစ်သည်။ ယခုမူကား ယဇ်ပုရောဟိတ်ဧလိ၏သားများသည် ရှင်ရိုသေ၊ လူရိုသေဖြစ်ရုံသာမက၊ အော့နှလုံးနာစဖွယ်ဖြစ်ကြသောကြောင့် သက်စိုးမရှည်ဟု ပုပ္ပနိမိတ်ပြုလိုက်သည်။ ဧလိသားများကြောင့် ရှိလော ယဇ်ပလ္လင်သည်လည်း အကျည်းတန်ခဲ့ပြီ။ ဧလိ၏ယဇ်ပုရောဟိတ်အရိုက်အရာသည် လူရှေ့ဘုရားရှေ့တွင် အရှက်တကွဲ အကျိုးနည်းဖြစ်ကြကုန်ပြီ။ ဘုရားသခင်၏အရေးယူအပြစ်ပေးခြင်းကို သိမြင်ကြစေရန် ဧလိ၏သားဆိုး ဟောဖနိနှင့် ဖိနဟတ်တို့သည် တပြိုင်တည်းလဲသေကြသည်။

ဧလိ၏ အိမ်ထောင်မိသားစုတွင် အကုသိုလ် အစုလိုက်အပြုံလိုက် ကျရောက်သည်။ အဟိမလက်နှင့်သားများ(အဗျာသာမှလွဲ၍) ရှောလုက ကွပ်မျက်သည် (ငယ် ၃၁၊၂၂:၁၆-၂၀)။ အဗျာသကိုလည်း ရှောလမုန်ဘုရင်က ယဇ်ပုရောဟိတ်ရာထူးမှ ဖြုတ်ချနှင်ထုတ်ပစ်သည် (ငယ် ၃၂၊၃၃၊ ၃ရာ၂:၂၇)။ ဟောဖနိနှင့် ဖိနဟတ်ပွဲချင်း ပြီးသေကြသည်(ငယ်၃၄၊၄:၁၁)။ ဧလိခေတ်လွန်၍ အဗျာသာကို ရှောလမုန်က နှင်ထုတ်သောအခါ ယဇ်ပုရောဟိတ်အရိုက်အရာကို ဧလျာဇာမိသားစုကဆက်ခံသည်။ ဧလိ၏သား ဖိနဟတ်သည် အာရုန်၏မြေးမဟုတ်ပါ(တော ၂၅:၇-၈)။

အပိုဒ်ငယ် ၃၅တွင် ပါရှိသည့် သစ္စာစောင့်သောယဇ်ပုရောဟိတ်ဆိုသည်မှာ ဧလျာဇာမိသားစုမှ ဇာဒုတ်ဖြစ်သည်။ ဒါဝိဒ်နှင့် ရှောလမုန်ဘုရင်များလက်ထက်တွင် ယဇ်ပုရောဟိတ်လုပ်ရသည်။ သူ၏ယဇ်ပုရောဟိတ် အမှုအရာများသည် ခရစ်တော်၏ အနှစ်တစ်ထောင်တိုင်းပြည်တိုင်အောင် တည်တံ့မည်ဟု (ယေဇ ၄၄:၁၅)တွင် ဆိုထားသည်။ ဧလိမိသားစုသည် ယဇ်ပုရောဟိတ်မလုပ်ရသော်လည်း ပွဲတော်ကျများကို စားသုံးခွင့်ပြုသည်။ အပိုဒ် ၃၅တွင်ပါရှိသည့် သစ္စာရှိသော ယဇ်ပုရောဟိတ်၏ လုပ်ဆောင်ချက်သည် ထာဝရတည်မြဲသည်ဟု ယူဆရပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။