တရားသူကြီးမှတ်စာ - ၁၄
တရားသူကြီးမှတ်စာ - ၁၄ (အနက်ဖွင့်)
၂။ ရှံဆုန်၏ ပွဲတော်နှင့်စကားထာ (အခန်း ၁၄)
၁၄:၁–၄ ရှံဆုန်သည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိအမျိုးသမီးတစ်ဦးတွေ့မြင်သည်နှင့် တပြိုင်နက် ငမ်းငမ်းတက်ချစ်ကြိုက် လက်ထပ်ချင်သည်။ မိဘများက ဟန့်တားသော်လည်းမရ။ အပိုဒ်ငယ် ၄သည် ဘုရားသခင်က ရှံဆုန်၏ မနာခံမှုကို သဘောတူခြင်းမဟုတ်။ ဣသရေလတို့၏ အရေး၊ ဣသရေလ ရန်သူများအပေါ် အရေးယူရေးအတွက်ဖြစ်သည်။
၁၄:၅–၇ ဖိလိတ္တိမြို့တော် တိမနသို့ မိဘများနှင့်အတူ သွားကြစဉ် လမ်းခရီးတွင် ခြင်္သေ့ပျိုနှင့် ပက်ပင်းတိုးကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဆင်းသက်၍ ခွန်အားထင်ရှားစေသဖြင့် ရှံဆုန်သည် ထိုခြင်္သေ့ပျိုအား လက်ချည်းသက်သက်ဖြင့် ရိုက်သတ်ပစ်သည်။ ထို့နောက် ဖိလိတ္တိသူနှင့် လက်ထပ် ထိမ်းမြားသွားကြသည်။
၁၄:၈–၉ နောက်တဖန် တိမနသို့ ထပ်သွားစဉ် ခြင်္သေ့ဂူတွင် ပျားအုံတွေ့ရှိရာ ပျားရည်ဖွတ်ယူ၍ မိဘများကို တိုက်ကျွေးလိုက်သည်။ ထိုပျားရည်သည် ခြင်္သေ့အသေကောင်နှင့် ထိပါးကြောင်း မိဘများကို မပြောပြ။ (အသေကောင်ကို ထိပါးခြင်းဖြင့် နာဇရိသစ္စာသည် အလိုလိုပျက်ပြယ်သွားသည်)။
၁၄:၁၀–၁၄ တိမနတွင် မင်္ဂလာဆောင်ပွဲ ခမ်းနားစွာ ကျင်းပပြီးသောအခါ ရှံဆုန်သည် ကာလသားအဖော် (၃၀)အား စကားထာဝှက်သည်။ သူ၏ စကားထာအား ဖြေနိုင်လျှင် အဝတ်အစားသစ် တစ်စုံစီပေးမည်ဟု ဆိုသည်။ မဖော်နိုင်လျှင် အလျော်ပြန်ပေးမည်ဟု သဘောတူကြသည်။
စားတတ်သောသူ၏အထဲကအစာ
သန်စွမ်းသောသူ၏ အထဲကအချိုရည်
ထွက်လေစွ။
ထိုစကားထာ၏ အနက်အဓိပ္ပါယ်မှာ ရှံဆုန်၏ ခြင်္သေ့ပျိုရိုက်သတ်ခြင်းနှင့် ခြင်္သေ့သေကောင်မှ ပျားရည် ဖွတ်ယူခြင်းဖြစ်သည်။
၁၄:၁၅–၁၈ ကာလသားများသည် စကားထာကို မဖြေနိုင်ကြသဖြင့် ရှံဆုန်မိန်းမထံမှ အဖြေစကား ညှစ်တောင်းကြသည်။ ထိုမိန်းမကလည်း လင်တော်မောင်ထံမှ မိန်းမပရိယာယ်ဖြင့် အဖြေရယူပြီး၊ ကာလသားများအား ပြောပြသည်။ ကာလသားများသည် ရှံဆုန်အား အဖြေပေးကြပြီးလောင်းကြေးလာတောင်း ကြသည်။ ထိုသူများသည် သူ့မိန်းမထံမှ အဖြေရရှိသွားကြောင်း ရှံဆုန်သိရှိသွားသည်။
၁၄:၁၉–၂၀ ထိုသို့ သူ့မိန်းမ၏ သစ္စာမတည်မှုကို သိရှိသောအခါ ရှံဆုန်သည် စိတ်ဆိုးဆိုးဖြင့် အာရှုကေလုံလူ(၃၀)ကို ရိုက်သတ်ပြီး၊ အဝတ်အစားများကို ချွတ်ယူကာ၊ လောင်းကြေး အလျော်အဖြစ် ဖိလိတ္တိသားများသို့ ပေးလိုက်သည်။ မင်္ဂလာဆောင်(၇)ရက် လွန်မြောက်သောအခါ ရှံဆုန်သည် အိမ်သို့ပြန်လာသည်။ ညားခါစမိန်းမကိုလည်း သူ့မိတ်ဆွေနှင့် ပေးစားခဲ့သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။