တရားသူကြီးမှတ်စာ - ၁၃
တရားသူကြီးမှတ်စာ - ၁၃ (အနက်ဖွင့်)
(ည) ရှံဆုန် (အခန်း ၁၃–၁၆)
၁။ ဘုရားသခင်၏ အမွေတော်ဆက်ခံခြင်း (အခန်း ၁၃)
၁၃:၁–၃ ဣသရေလတို့၏ ခုနှစ်ကြိမ်မြောက်ဖောက်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် ဖိလိတ္တိတို့၏ ကျွန်ပြုခြင်းနှစ်ပေါင်း (၄၀)ခံစားကြရပြန်သည်။ နှစ်ပေါင်းအကြာရှည်ဆုံး ခံစားစဉ် ဘုရားသခင်၏ ကောင်းကင်တမန် (ခရစ်တော်)သည် မာနော်၏ အမျိုးသမီးထံသို့ ကိုယ်ထင်ပြသည်။ မာနော်သည် ဒန်အမျိုးဖြစ်၍ သူ့မိန်းမသည် မီးမဖွားသော အမြုံမဖြစ်သည်။ ဘုရားသခင်က ထိုမိန်းမအား ကိုယ်ဝန်ရစေမည်။
၁၃:၄–၇ ထိုသူငယ်သည် လောကကို မြင်ချိန်မှ သေဆုံးချိန်ထိ ဘုရားသခင်၏ နာဇရိလူဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ဝိုင်မှစ၍ အရက်သေစာမသောက်၊ မစင်ကြယ်သော အစာကို မစား၊ ဆံပင်ကိုလည်း အလျဉ်းမရိတ်ရ။ မိခင်ကိုယ်တိုင်လည်း စပျစ်ဝိုင်မှစ၍ မူးယစ်စေတတ်သော အစာမစားမသောက်။ မစင်ကြယ်သော အစားအစာ။
ကျမ်းစာနောက်ခံသမိုင်းကြောင်း ကြည့်လျှင် နာဇရိသည် မိမိစိတ်ဆန္ဒရှိသည့်အတိုင်း ဘုရားသခင်ထံ ကတိကဝတ်ပြုခြင်း ဖြစ်သည် (တော ၂)။ ရှံဆုန်၏ ဘဝဇာတ်လမ်းတွင်မူကား မိခင်ဝမ်းမှ မွေးဖွားသည့် အချိန်မှစ၍ ကွယ်လွန်ချိန်ထိ ဘဝတစ်ခုလုံး ဆက်ကပ်ခဲ့သည်။
၁၃:၈–၁၄ မာနော်က ဘုရားသခင်၏ ကောင်းကင်တမန်အား မွေးမည့်ကလေး၏ အကြောင်းသွန်သင်ရန် ထပ်မံဆုတောင်းသည့်အတိုင်း ကောင်းကင်တမန်သည် မာနော်မိန်းမထံသို့ ထပ်မံပေါ်လာသည်။ မာနော်ကလည်း မိန်းမထံသို့ အပြေးအလွှားရောက်လာပြီး ကောင်းကင်တမန်အား ဖူးမျှော်သည်။ ဤအခေါက်တွင် ထူးထူးထွေထွေ ညွှန်ကြားခဲ့သည့်အတိုင်း ထပ်မံ အတည်ပြုပေးသည်။
၁၃:၁၅–၁၈ မာနော်သည် ထိုကောင်းကင်တမန်အား သာမန်လူသားကဲ့သို့ စားသောက်တတ်သည်ဟု ယူဆသဖြင့် ဆိတ်သားဟင်းချက်ကျွေးသည်။ ကောင်းကင်တမန်ကမစား။ ထိုသို့ ဧည့်ခံကျွေးမွေးမည့်အစား သိုးသူငယ်တစ်ကောင်ကို ဘုရားသခင်ထံသို့ မီးရှို့ရာယဇ်ပူဇော်ခိုင်းသည်။ မာနော်က ကောင်းကင်တမန်၏ နာမည်မေးသောအခါ အံ့ဩဖွယ်ဖြစ်သောငါဟု ပြန်ပြောပြသည်။ ထိုအမည်နာမသည် ဟေရှာ ၉:၆တွင် ပါရှိသည့် သခင်ယေရှု၏ နာမတော်တစ်ခုဖြစ်သည်။
၁၃:၁၉–၂၃ မာနော်သည် ကောင်းကင်တမန်စေခိုင်းသည့်အတိုင်း ဆိတ်သူငယ်တစ်ကောင်ကို ယဇ်ပူဇော်သည်။ ယဇ်ပလ္လင်ပေါ်က မီးလျှံသည်မိုးကောင်းကင်သို့ တက်စဉ်ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း ထိုမီးလျှံဖြင့် မိုးသို့တက်၏။ မာနော်တို့လင်မယားသည်။ မြေပေါ်မှာ မျက်နှာဝပ်လျက်ရှိခိုးကိုးကွယ်ကြသည့် ဘုရားသခင်ကို ဖူးမြင်ကြရသော်လည်း မသေကြ။ ထိုသို့ဖူးမြင်တော် ခံရခြင်းသည် မရော်တို့လင်မယား၏ ယဇ်ပူဇော်ခြင်းအား ဘုရားသခင်က နှစ်သက်လက်ခံကြောင်း ပြသခြင်းဖြစ်သည်။
၁၃:၂၄–၂၅ မာနော်တို့လင်မယားတွင်သားရတနာ မြင်ရသောအခါ ရှံဆုန် (နေလေး)ဟု ကင်ပွန်းတပ်ကြသည်။ ထိုသူငယ်၏ ဘဝအသက်တာတစ်လျှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် ပါဝင်လှုပ်ရှားသည်။
လူ့ဘဝတွင် ခွန်အားကြီးခြင်းနှင့် ခွန်အားနည်းခြင်းနှစ်ခုစလုံးရှိသော လူသမ္မာကျမ်းစာတွင် နည်းပါးသည်။ ရိုးရိုးစင်းစင်းတွေးလျှင် ရှံဆုန်သည် ခွန်အားဗလသန်စွမ်းသူအဖြစ် တွေ့မြင်နိုင်သည်။ သူ့လက်စွမ်းဗလာသက်သက်ဖြင့် ခြင်္သေ့ကိုသတ်နိုင်သည် (သူကြီး ၁၄:၆) ဖိလိတ္တိလူ(၃၀)ကို ထိုးသတ်နိုင်သည် (၁၄:၁၉)။ တုတ်နှောင်ထားသောကြိုးကို ဖြတ်ပစ်ပြီး မြည်းမေးရိုးဖြင့် သူ့ကိုကြိုးချည်သူ ဖိလိတ္တိလူတစ်ထောင်အား ရိုက်သတ်သည် (၁၅:၁၄-၁၆)။ ဖိလိတ္တိသားများက ဝိုင်းအုံထားသော်လည်း မြို့တံခါးပေါက်မှ ခပ်တည်တည်ဖြင့် ထွက်ခွာသွားသည် (၁၆:၃)။ ဒေလိလဇမာယာထောင်ချောက်မှ (၃)ကြိမ်တိုင်တိုင် လွတ်မြောက်သည်။ လျှော်စိမ်းကြိုး ခုနှစ်ပင်၊ ကြိုးစာသစ်စက်စက်ဖြင့် ချည်နှောင်ခြင်းနှင့် ဆံပင်ခုနှစ်စုအား ယက္ကန်းတွင် ထည့်ရက်လျှင် ခွန်အားလျှော့ကျသွားမည်ဟု ကျီစယ်ပြောခဲ့သည် (၁၆:၆-၄)။ သူ့ကိုချုပ်နှောင်ထားသော အိမ်တိုင်များကို ရိုက်ချိုးပြခြင်းဖြင့် ဖိလိတ္တိတို့အား ပြက်ရယ်ပြုခဲ့သည်။ အဆောက်အဦး ပိကျသေဆုံးသူများသည် အသက်ရှင်စဉ်က ရိုက်သတ်ခဲ့သည့် လူဦးရေထက် ပိုများသည် (၁၆:၃၀)။
မည်မျှသန်မာထွားကျိုင်း၊ ပညာရှိကြစေကာမူ လူတိုင်းတွင် အားနည်းချက်ရှိစမြဲ။ ရှံဆုန်သည်လည်း ဘုရားသခင်ထက် အချစ်ကိုဦးစားပေးသည်။ သူ့ချစ်သူကို ကိုးကွယ်သည်။ အချစ်တွင် ပျော်ရွှင်သာယာသည် (၁၄:၁-၇)။ မိဘစကားကိုလည်း နားမထောင် (၁၄:၃)။ လိမ်လည်လှည့်စားတတ်လာသည် (၁၄:၉၊ ၁၆:၇-၁၁၊၁၃) ဘုရားသခင် မနှစ်သက်သော ဖိလိတ္တိ လူသုံးဆယ်နှင့် ပေါင်းဖက်သည် (၁၄:၁၀-၁၈)။ စိတ်ကိုအာဃာသ အငြိုးထားသည် (၁၄:၁၉၊၁၅:၄-၅)။ အူကြောင်ကျားနိုင်သည် (၁၅:၄-၅)။ ပြည့်တန်ဆာမနှင့် ဆက်ဆံသည် (၁၆:၁-၂)။ နေ့စဉ်ဒုစရိုက်မှုနှင့် ပတ်သက်သည် (၁၆:၆-၁၄)။ လျှို့ဝှက်မှုကို ရန်သူထံသို့ ပေါက်ကြားစေသည် (၁၆:၁၇-၁၈)။ မိမိကိုယ်ကို ယုံကြည်လွန်းသည်။ ထောင်လွှားလွန်းသည် (၁၆:၂၀)။ နောက်ဆုံးတွင် နာဇရိ ကတိသစ္စာဖောက်ဖျက်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။