တရားသူကြီးမှတ်စာ - ၇
တရားသူကြီးမှတ်စာ - ၇ (အနက်ဖွင့်)
၂။ ဂိဒေါင်၏စစ်သည်တော်သုံးရာ (အခန်း၇)
၇:၁–၃ မိဒျန်သားများအား ဘုရားသခင်၏ ဘုန်းတန်ခိုးအစွမ်းဖြင့် အောင်မြင်ကြောင်းလူအများ ထင်ထင်ရှားရှားသိရှိကြစေရန် ဂိဒေါင်ခေါ်လာသော ပြည့်သူ့စစ်အင်အား သုံးသောင်းနှစ်ထောင်မှ သူရဲဘောကြောင်သူများအား ပြန်ခွင့်ပြုရာ စစ်သားတစ်သောင်းသာ ကျန်ရှိသည် (တရား ၂၀:၈)။
၇:၄–၈ ထိုစစ်သားများအား ထပ်မံအင်အားလျော့ချရန် မြစ်ထဲတွင် ထပ်မံဆန်ကာချခိုင်းသည်။ မြစ်ရေကိုခွေးကဲ့သို့ ကောက်လျက်သူနှင့် ဒူးထောက်၍ လက်ခုပ်ဖြင့် ခပ်သောက်သူများကို ခွဲထားခိုင်းသည်။ လက်ခုပ်ဖြင့် ဣန္ဒြေရရ ရေသောက်သူစစ်သည်တော်သုံးရာကို ခေါ်ထား၍ အခြားသူများကို ပြန်လွှတ်လိုက်သည်။
၇:၉–၁၄ ဘုရားသခင် စေခိုင်းသည့်အတိုင်း ဂိဒေါင်နှင့်ကိုယ်ရံတော်ဖုရတို့သည် ညဉ့်နက်သန်းခေါင်ယံတွင် မိဒျန်တပ်နားသို့ ချဉ်းကပ်ထောက်လှမ်းကြသည်။ မိဒျန်တပ်ပေါင်းစုသည် ပိုးလို့ပက်လက်၊ ပိုးစိုးပက်စက် အိပ်မောကြသည်။ ထိုစဉ်တွင် မိဒျန်စစ်သား တစ်ယောက်သည် သူ၏ အိပ်မက်ဆိုးအား အဖော်သို့ ပြောပြနေသည်။ တဲတစ်လုံးထဲသို့ မုယောမုန့်တစ်ချပ် ရောက်ရှိသဖြင့် ထိုတဲပျက်စီးသွားသည်ဟု ဆိုသည်။ သူ့မိတ်ဆွေက အိပ်မက်အနက်မှန် ကောက်လိုက်သည်။ ဣသရေလတို့က မိဒျန်တပ်နှိမ်နင်းမည့်အကြောင်း ဖြစ်သည်ဟုဆိုသည်။ မုယောမုန့်သည် လူအများနေ့စဉ်စားသုံးသော အစာဖြစ်၍ ထိုအရပ်ဒေသရှိ အဓိကလူ ဣသရေလလူမျိုးကို ပုံဆောင်သည်။ တဲတစ်လုံးသည် မိဒျန်တပ်ပေါင်းစု ဖြစ်သည်။
၇:၁၅–၂၀ လူ့ဇာတိ သဘောအရဆိုလျှင် ဂိဒေါင်သည် မိဒျန်တို့ကို ကြောက်လောက်ပါသည်။ လူပေါင်း တစ်သိန်းသုံးသောင်းငါးထောင်အင်အားကို လူသုံးရာဖြင့် တိုက်ခိုက်ရသည်။ အင်အားခြင်း ယှဉ်လျှင် ပမာဏကွာခြားလွန်းသည်။ သို့သော် ရန်သူများ၏စကား ကြားသိသောအခါ မိမိယုံကြည်ခြင်း ခိုင်မာသွားသည်။ ပထမဦးစွာ ဘုရားသခင်ကို ကိုးကွယ် (ငယ်၁၅)ပြီးမှ စစ်ရေးစစ်ရာ ပြင်ဆင်သည်။
ဂိဒေါင်သည် ထောက်ကင်းမှ ပြန်လည်ရောက်ရှိလာသောအခါ စစ်သည်တော်များအား လူတစ်ရာအုပ်(၃)အုပ်စု ဖွဲ့လိုက်သည်။ လူတိုင်း တံပိုးနှင့်အထဲတွင် မီးထွန်းထားသော မြေအိုးကိုယ်စီ ယူဆောင်စေသည်။ မိဒျန်တို့တပ်ပတ်လည်သို့ ချဉ်းကပ်ပြီး ဂိဒေါင်က တိုက်မိန့်ခရာမှုတ်အချက်ပေးသည်နှင့် တပြိုင်နက်၊ တံပိုးမှုတ်ကြသည်။ မြေအိုးကို ရိုက်ခွဲကြသောအခါ မိဒျန်စခန်းပတ်လည်တွင် မီးအလင်းရောင်ဘွားကနဲပေါ်ထွန်းလာသည်။ ထို့အပြင် “ဘုရားသခင်၏ ဓား၊ ဂိဒေါင်ဓား” ဟု အော်ဟစ်ကြသည်။
ဤနိမိတ်ပုံရိပ်ကို (၂ကော ၄:၇)တွင် အနက်ကောက်ထားသည်။ လူ့ခန္ဓာကိုယ်သည် မြေအိုးဖြစ်သည်ဟု ဆိုသည်။ မြေအိုးဖယ်ရှားသောအခါ ခန္ဓာကိုယ်ထဲရှိ အတွင်းပိုင်းသည် ခရစ်တော်အသေခံခြင်းဖြင့် ရွေးနှုတ်ထားသော ဘုရားသခင်၏ သိကျွမ်းခြင်းအလင်းရောင် ပေါ်လာရသည်။ အခြားသူများအား အလင်းရောင်ပေးနိုင်ရသည်။
၇:၂၁–၂၅ ခရီးပန်းအိပ်မောကျနေချိန်တွင် အငိုက်ဖမ်း တိုက်ခိုက်ခြင်းခံရသဖြင့် မိဒျန်လူများသည် ကြောက်အားလန့်အားဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ ကစဉ့်ကလျားထွက်ပြေး စစ်ရှုံးသူများအား နဿလိ၊ အာရှာနှင့် မနာရှေလူများက လိုက်လံချေမှုန်းကြသည်။ ဧဖရိမ်လူများသည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ ထွက်ပြေးကြသော ရန်သူ့နောက်သို့ လိုက်စစ်ဆင်ကြသည်။ ဧဖရိမ်လူများက မိဒျန်ဘုရင်နှစ်ပါး ဩရသ(ကျီးအ)နှင့် ဇေဘ(ဝံပုလွေ)တို့အား ဖမ်းမိ ကွပ်မျက်ကြသည်။
ဂိဒေါင်၏ ခေါင်းဆောင်မှုပညာဝင်သင်ခန်းစာများစွာ တွေ့ရှိရသည်။ ခေါင်းဆောင်ဟူသည် လူအများအသိမပေးမှီ၊ ကိုယ်တိုင်နှံ့စပ် ကျွမ်းကျင်ရသည်။ ဘုရားသခင်၏ ညွှန်ကြားမှုခံယူရသည်နှင့် အညီ ဦးစွာ ဘုရားသခင်ကို ကိုးကွယ်ရသည် (ငယ်၁၅)။ ငယ်သား နောက်လိုက်များ၏ စံပြဖြစ်ရသည် (ငယ်၁၇)။ ပြုဖွယ်အငန်းအတာအတိုင်းကို စနစ်တကျ စီမံခန့်ခွဲရသည်။ ထို့နောက် ဘုရားပေးသော ကရိယာတန်ဆာပလာများကို အံဝင်ဂွင်ကျ အသုံးပြုရသည် (ငယ်၁၈)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။