ထွက်မြောက်ရာကျမ်း - ၃၄
ထွက်မြောက်ရာကျမ်း - ၃၄ (အနက်ဖွင့်)
(င) ပညတ်တရားများ အသစ်ပြန်ပေးခြင်း (၃၄:၁–၃၅:၃)
၃၄:၁–၉ မောရှေသည် ဘုရားသခင်စေခိုင်းသည့်အတိုင်းယခင်ပေါက်ခွဲပစ်သော ကျောက်ပြားမျိုးနှစ်ခုပြုလုပ်ပြီး၊ သိနာတောင်ပေါ်သို့ တစ်ယောက်တည်း ယူဆောင်ပြန်တက်သည်။ ဘုရားသခင်လည်း ချစ်သနားခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် အတူ ကိုယ်ထင်ပြတော်မူသည် (ငယ် ၆၊၇)။
အပိုဒ်ငယ် (၇)တွင် မှားယွင်းလုပ်ဆေင်ပုံကို စကားလုံး(၃)မျိုးဖြင့် ယှဉ်ရေးထားသည် တရားတော်ကို လွန်ကျူးခြင်း ဆိုသည်မှာ ဘုရားသခင်၏ လမ်းတော်မှ သွေဖီခြင်းဖြစ်သည်။ ပြစ်မှားခြင်းဆိုသည်မှာ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ခြင်းဖြစ်သည်။ အပြစ်ပြုခြင်းဆိုသည်မှာ စကားပြေအားဖြင့် ကလန်ကဆန်ပြုခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် မညီ ဆန့်ကျင်ပြုခြင်းဖြစ်သည်။ ထို အပြစ်အားလုံးသည် ဘုရားသခင်၏ ဘုန်းတန်ခိုး ထင်ရှားရာများကို ပိတ်ပင်ဟန့်တားခြင်းဖြစ်သည် (ရော ၃:၂၃)။ ဘုရားသခင်၏ ပညတ်ချက်များကို တရားလွန်သော ဣသရေလသားများတိုင်း သေကြေဖျက်ဆီးချင်သည်။ သို့သော် ဘုရားသခင်က ကရုဏာတော်သက်ရောက်၍ သက်ညှာသည်။ ထို့ကြောင့် မောရှေသည် ဘုရားသခင် ကရုဏာတော်ကို ရည်မှတ်၍ ချက်ချင်းပျက်ဝပ် ကိုးကွယ်သည်။ မောရှေ၏လူများ မိုက်မှားမှုများ အပေါ် ဘုရားသခင်၏အပြစ်ခွင့် လွှတ်ခြင်းအား ချီးမွမ်းကိုးကွယ်သည်။
၃၄:၁၀–၁၇ ဘုရားသခင်က မောရှေယူလာသောကျောက်ပြားနှစ်ချပ်အပေါ်တွင် ပညတ်တော်အား အသစ်တဖန်ပြုစေ၍ ဣသရေလသားတို့ သားစဉ်မြေးဆက်တိုင်အောင် စွဲမှတ်စေသည်။ ခါနာန်ပြည်သားများနှင့်လည်း ဒူးတင်ရောယှက်ပေါင်းဖက်ခြင်း မပြုကြမည့်အကြောင်း သတိပေးထားသည်။ ဒေသံခံလူများသည် ရုပ်တု၊ ဆင်းတု၊ ဘုရားတု ကိုးကွယ်သူများဖြစ်သည်။ ပျက်စီးသော အမျိုးအနွယ်များဖြစ်သည်။ ထိုသူများသည် ဘုရားသခင်နှင့်ပတ်သက်သူများ မဟုတ်။ ဘုရားသခင်သည် ဣသရေလလူများအား ပဋိညာဉ်ပြုထားသည်။ ထို့ကြောင့် ဘုရားသခင်ကို သစ္စာရှိသော ယုံကြည်သူများနှင့် ရုပ်တုကိုးကွယ်သူများသည် အတူတကွပေါင်းဖက်ခြင်း မဖြစ်နိုင် (၁ကော ၁၀:၂၁ ကိုလည်းကြည့်)။
၃၄:၁၈–၂၇ ဆက်လက်၍ တဆေးမပါသောမုန့်ပွဲတော်၊ အဇုမပွဲတော်အကြောင်းကို မိန့်မှာသည် (ငယ် ၁၈)။ ပထမသားဦးများအကြောင်းကို (ငယ် ၁၉၊ ၂၀)၊ ဥပုသ်နေ့အကြောင်းကို (ငယ် ၂၁)၊ ဂျုံစပါးသိမ်းစရှိသည့်ကာလ ခုနှစ်သီတင်း ပွဲနှင့်လဲသောအခါ သိုထားပွဲအကြောင်းကို (ငယ် ၂၂)၊ အရွယ်ရောက်သော ဣသရေလယောက်ျားသားများ တစ်နှစ်လျှင် (၃)ကြိမ် ဘုရားသခင်ရှေ့တွင် မျက်နှာ ပြရမည့်ပွဲအကြောင်းကို (၂၃:၁၄-၁၇)၊ (ငယ် ၂၃၊၂၄) တွင် မိန့်မှာထားသည် ခါနာန်သားများကို ဘုရားသခင်က ပထုတ်ပေးမည်။ ဣသရေလတို့ကို နိုင်ထက် စီးနင်းမပြုကြစေရန် လုံခြုံကာကွယ်ပေးမည့်အကြောင်းနှင့် တစ်နှစ်လျှင် (၃)ကြိမ် ယေရုရှလင်သို့ မျက်နှာပြကြရမည့်အကြောင်း (ငယ် ၂၄)တွင် ထပ်မှာထားသည်။ မောရှေသို့ ပညတ်တော်များ မိန့်မှာပြီးသောအခါ (ငယ် ၂၅၊၂၆) မိန့်တော်မူသမျှ (ငယ် ၁၁-၂၆)ကို ကျောက်ပြားပေါ်တွင် ရေးမှတ်ရန် ဘုရားရှင်က မောရှေအား ကမ္ဗည်းတင်ခိုင်းသည် (ငယ် ၂၇)။ ထို့နောက်ဘုရားရှင်ကိုယ်တော်တိုင် မိန့်မှာချက်ပညတ်တော် ဆယ်ပါးကို ကျောက်ပြားပေါ်တွင် ရေးချသည် (ငယ် ၂၈၊ ငယ် ၁၊ တရား ၁၀:၁-၄ တို့ကို ယှဉ်ဖတ်)။
၃၄:၂၈–၃၅ မောရှေသည် သိနာတောင်ပေါ်တွင် ရက်ပေါင်းလေးဆယ်နှင့် ညပေါင်းလေးဆယ် ဘုရားရှင်နှင့်အတူ ရှိနေပြီးနောက် ကျောက်ပြားနှစ်ပြားနှင့်အတူ တောင်ပေါ်မှ ပြန်ဆင်းလာသည် (ငယ် ၂၈၊ ၂၉)။ ဘုရားရှင်နှင့်အတူ ရှိနေသောကြောင့် ဘုရားသခင်၏ ဘုန်းတန်ခိုးများ သူ့မျက်နှာပေါ်တွင် စွဲကပ်တောက်ပသည်ကို သတိမထားမိ (ငယ် ၂၉၊၃၀)။ သူ့မျက်နှာ ဘုန်းတန်ခိုးတောက်ပနေသောကြောင့် ပရိသတ်များသို့ မောရှေနားသို့မကပ်ရဲကြ၊ ဘုရားသခင်၏ ပညတ်ချက်များကို ဣသရေလလူများသို့ ထုတ်ဖော်မိန့်ကြားပြီးသောအခါ မောရှေသည် သူ့မျက်နှာကို ဖုံးအုပ်သည် (ငယ် ၃၁-၃၃)။ NKJV ကျမ်းမူ အငယ် ၃၃တွင် “မောရှေသည် ပရိသတ်ထံသို့ စကားပြောပြီးသောအခါ—” ဟုဆိုသည်။ ထိုအကြောင်းကို ရှင်ပေါ်လုက ၂ကော ၃:၁၃ တွင် “ပယ်ရှင်းသော အရာ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှေသည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည် မပြုကြ” ဟု ထပ်မံရှင်းပြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။