တမန်တော်၀တ္ထု - ၂၄

ပေါလုအားစွပ်စွဲကြခြင်း
1ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။- 2ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူသောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊- 3အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။- 4အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ယှက်ခြင်းအပြစ်နှင့်လွတ်ခြင်းငှာ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။- 5နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှာ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။- 6သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှာပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှာ အလိုရှိကြသည်တွင်၊- 7စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနုတ်ပြီးလျှင်၊- 8အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သော အကြောင်းအရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။- 9ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
ဖေလဇ်မင်းရှေ့ပေါလုချေပချက်
10မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့် ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။- 11အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တစ်ဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။- 12ဗိမာန်တော်၌ တစ်စုံတစ်ယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားဇရပ်တို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်း၊ လူများကို မငြိမ်မသက်စေခြင်းငှာ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။- 13ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။ 14သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။- 15ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။- 16ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
17နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊- 18ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိပြည်ကလာသော ယုဒလူ အချို့တို့သည် တွေ့ကြပါ၏။-တ၊ ၂၁:၁၇-၂၈။ 19ထိုသူတို့သည် အကျွန်ုပ်၌အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။- 20သို့မဟုတ် အကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊- 21အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု ကြွေးကြော်သော စကားသံတစ်ခွန်းကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။- 23ပေါလုကို အကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။
ဖေလဇ်နှင့်ဒြုသိလေတို့ကိုပေါလုဟောပြောခြင်း
24ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွ လာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။- 25ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။- 26ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့် စကားပြောလေ၏။- 27နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။

တမန်တော်၀တ္ထု - ၂၄ (အနက်ဖွင့်)

၂၄:  ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်ကြီး အာနနိနှင့်မင်းတိုင်ပင်အမတ်များ ကဲသရိသို့ ရောက်ရှိလာကြသည်။ ဆွဲချရှေ့နေအဖြစ် ရောမ အစိုးရရှေ့နေ တေရတုလုကိုလည်း ငှားရမ်းခေါ်ဆောင်လာသည်။ ထိုရှေ့နေသည် ဖေလဇ်မင်းဘက်မှ ရပ်တည်၍ ပေါလုအား စွဲချက်ကောင်းကောင်းတင်ရမည်။

၂၄:  ရှေ့နေကြီး တေရတုလုသည် အမှုကြီးစေရန် ဖေလဇ်မင်းအား မြှောက်ထိုးပင့်ကော် ပြောရသည်။ တရားဓမ္မ၏လေးနက်ပုံကို ဋီကာချဲ့စကားဖောင်ဖွဲ့သည်။ ဖေလ်ဇ်မင်းသည် အာဏာဖီဆန်သူများနှင့် လူထုအထိကရုဏ်းဖြစ်အောင် လုပ်သူများကို တရားကျကျစီရင်လေ့ရှိကြောင်း၊ အမွှန်းတင်လိုက်သည်။ အမှန်မှာ ရှေ့နေကြီးစားနှင့် ဖေလဇ်မင်း၏ အကျင့်စာရိတ္တသည် ပြဒ္ဒါးတလမ်း သံတလမ်းဖြစ်သည်။

၂၄:  ထို့နောက် ပေါလုအား စွဲချက် (၄) ချက်ဖြင့် ဆွဲချသည်။

၁။ ပေါလုသည် ပလိပ်ရောဂါကဲ့သို့ ကူးစက်ပြန့်ပွားစေသူဖြစ်သည်။

၂။ ယုဒလူမျိုးများအား တော်လှန်ပုန်ကန်ကြရန် သွေးထိုးသည်။

၃။ နာဇရက်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။

၄။ ဗိမာန်တော်ကို ညစ်ညမ်းအောင်ပြုလုပ်သူ ဖြစ်သည်။

၂၄:  ရှေ့နေကြီးသည် လိုချင်သူကို မြှောက်ထိုးပင့်ကော်လုပ်ပြီး၊ မလိုချင်သူကို ဆွဲချသည့် ထုံးစံရှိသည့်အတိုင်း ဖေလဇ်မင်းအား အရူးဘုံနန်းရောက်အောင် မြှောက်ပင့်ပြီးလျှင် ပေါလုအား ဆွဲချပါတော့သည်။ ယုဒများကလည်း ရှေ့နေကြီးစကားကို တခဲနက်ထောက်ခံကြသည်။

၂၄:၁၀  ပေါလုက သူ့အပေါ်စွဲချက်တင်မှုများကို ခုခံကာကွယ်သည်။ ပေါလုက ဖေလဇ်အား “အရှင်ဘုရင်ခံမင်းသည် ယုဒလူမျိုးအပေါ်၌ နှစ်ပေါင်းများစွာ တရားသဖြင့် စီရင်ပါသည်” ဟု အစချီသည်။ ထိုစကားသည် အမှန်စင်စစ်တွင် မြှောက်ပြောခြင်းဖြစ်သည်။သို့သော်လည်း အမှန်တရား ပေါ်ထွက်လာရန် စိတ်ရှည်သည်းခံရသည်မဟုတ်လား။ ထို့နောက် စွဲချက်များအား တစ်ခုပြီးတစ်ခု ပြန်လည်ချေပသည်။

၂၄:၁၁  ယေရုရှလင်မြို့သို့ သွာခြင်းသည် ဝတ်ပြုကိုးကွယ်ရန်သာဖြစ်၍ သူများအား နှောင်ယှက်ဒုက္ခပေးရန်မဟုတ်ပါ။ ယေရုရှလင်မြို့သို့ရောက်ရှိသည်မှာ တဆယ့်နှစ်ရက်သာရှိကြောင်း ချေပသည်။

၂၄:၁၄၁၇  တတိယစွဲချက်ဖြစ်သောသူသည် နာဇရင်ဘာသာရေးခေါင်းဆောင် ဖြစ်ကြောင်းကိုမူ မငြင်းပယ်ပါ။ သို့သော်လည်း ယုဒလူမျိုး၏ ယုံကြည်ကိုးကွယ်ရာ ဘုရားသခင်ကိုလည်း ကိုးကွယ်ကြောင်း၊ ဓမ္မဟောင်းကျမ်းရေးသမျှကိုလည်း ယုံကြည်လက်ခံပါကြောင်း ရှင်းပြသည်။ ယုဒရှေးရိုးစဉ်လာ ဘိုးဘွားများယုံကြည်ခြင်း၊ အထူးသဖြင့် ဖာရိရှဲများ၏ ပြန်လည်ထမြောက်ခြင်း ယုံကြည်မှု၊ တရားသူဖြစ်စေ မတရားသူဖြစ်စေ သေလွန်ပြီးမှ ထမြောက်ခြင်းကိုလည်း လက်ခံကြောင်း၊ သခင်ဘုရား ယုံကြည်ကိုးကွယ်ခြင်းနှင့် မဆန့်ကျင်းကြောင်း၊ ပစ်ပယ်လွှမ်းမိုးခြင်း မရှိကြောင်း ရှင်းပြသည်။ ကာလကြာခွဲခွာရသော ယေရုရှလင်ညီအကိုများအတွက် လက်ဆောင်ပြန်လည်ယူလာခြင်းဖြစ်ကြောင်း ထုချေသည်။ ထိုလက်ဆောင်ဆိုသည်မှာ မာကေဒေါနိနှင့် အခါယပြည် ယုံကြည်သူများက ယေရုရှလင်ရှိ ဟေဗြဲခရစ်ယာန်များသို့ ပေးလှူငွေကို ဆိုလိုသည်။

၂၄:၁၈၁၉  စတုတ္ထစွဲချက်မှာ ဗိမာန်တော်အား ညစ်ညူးစေခြင်းဖြစ်သည်။ ဗိမာန်တော်၌ ဝတ်ပြဒကိုးကွယ်၍ အမွှေးတိုင်ထွန်းနေစဉ် ဘေးနားတွင် မည်သူ တစုံတစ်ဦးမှ မရှိကြောင်းကို ယုဒလူများမြင်ကြပါသည်။ ထိုစွပ်စွဲသူများထဲတွင် အာရှဒေသမှ ယုဒလူမျိုးများပါရှိပါသည်။ စွပ်စွဲစရာရှိလျှင် ထိုသူများကိုယ်တိုင် လာရောက်စွပ်စွဲသင့်သည်ဟု ချေပသည်။ ဖြစ်စဉ်အမှန်တွင်လည်း ပေါလုတစ်ဦးတည်းသာ ဗိမာန်တော်သို့ ဝင်ရောက်ခြင်းဖြစ်သည်။ မဖွယ်မရာ ပြုလုပ်ချက် တစ်ခုမှမရှိ။ ယုဒဘာသာထုံးစံနှင့်အညီ ပြုခဲ့သည်။ ထို အာရှဒေသ ယုဒလူမျိုးများမှာ ယေရုရှလင်မှ ကဲသရိသို့ လာရောက်၍ စွပ်စွဲကြခြင်းဖြစ်သည်။

၂၄:၂၀၂၁  သို့ဖြင့် သူ့အား ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲသူများအား ပေါလုက ယေရုရှလင် အသင်းတော်ကောင်စီရှေ့မှာ ရင်ဆိုင်ကြမည်ဟု ပြန်လည်စိန်ခေါ်လိုက်သည်။ အကျွန်ုပ်သည် သူသေတို့ရှေ့တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည် မျှော်လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏ ဟု ကြွေးကြော်လိုက်သည်။ သို့သော် တစ်ယောက်မှ တုပ်တုပ်ပင်မလှုပ်ဝံ့ကြ။ တစ်မျိုးပြောရလျှင် ပေါလုသို့ စွပ်စွဲချက်များသည် ကလိန်ခြုံငြမ်းဆင်ခြင်းသာ ဖြစ်သည်။ တစ်ခုမှ ရာဇဝတ်ဒဏ်မမှတ်။

၂၄:၂၂  နှစ်ဦးနှစ်ဘက် လျှောက်လဲချက်များကို ကြားနာပြီးသောအခါ ဖေလဇ်မင်းသည် ဆုံးဖြတ်ရခက်နေသည်။ ခရစ်ယာန်များ၏ ယုံကြည်ခြင်းသည် မှန်ကန်ကြောင်း နားလည်သဘောပေါက်သည်။ သူ့ရှေ့မှောက်တွင် ရောက်ရှိနေသော စွပ်စွဲခံရသူ ပေါလုသည် ရောမဥပဒေနှင့် အရေးယူအပြစ်ပေးရန် မရှိ။ သို့သော် ပေါလုအား တရားသေလွှတ်လိုက်လျှင် ယုဒများ၏ အမျက်ဒေါသ သူ့ထံသို့ စုပြုံလာမည်။ နိုင်ငံရေးပရိယာယ်အရ ပြည်သူလူထု ဆန္ဒကိုလည်း ပစ်ပစ်ခါခါ မလုပ်ရ။ လူအကြိုက်ဆောင်ရသည်။ ထို့ကြောင့် ထိုအမှုအား မြွေမသေ တုတ်မကျိုး ထိန်းထားသည်။ စစ်သူကြီးလုသိ လာရောက်သည့်အချိန်အထိ ဆိုင်းငံ့ရုံးချိန်းပေးလိုက်သည်။ အမှန်မှာ သက်သာအောင် အချိန်နှောင့်နှေးအောင် ဆွဲခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပ်မှူးလုသိမှာလည်း ထိုအမှုနှင့် ပတ်သက်၍ မည်သည့်သက်သေတစ်ခုမှ မရှိပါ။

၂၄:၂၃  ထို့ကြောင့် ပေါလုအား အကျယ်ချုပ်ဖြင့်ထားလိုက်သည်။ မိဘဆွေမျိုး ဧည့်သည်ဆောင်သာများ တွေ့ဆုံခွင့်ပြုသည်။ ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အုပ်စိုးသူ ဖေလဇ်က ပေါလုအား ပြစ်မှုကင်းရှင်းသည်ဟု ယုံကြည်ကြောင်း သက်သေပြခြင်းဖြစ်သည်။

၂၄:၂၄၂၅(က ရက်အနည်းငယ်ကြာသောအခါ ဖေလဇ်နှင့် ကြင်ယာတော် ဒြုသိလေသည် ပေါလုအားခေါ်ယူ၍ ခရစ်ယာန်ယုံကြည်ခြင်းအကြောင်း၊ စကားစမြည်ပြောကြသည်။ ပေါလုကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ သမ္မာတရားကို ဝေငှသည်။ ဘုရင်ခံနှင့်သူများမယား သိမ်းပိုက်ထားသော ကြင်ယာတော်တို့အား ဖြောင့်မတ်စင်ကြယ်ခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်း ရောက်ရှိလာမည့် အပြစ်စီရင်ခြင်းအကြောင်းတို့ကို ဂဃနဏ ရှင်းပြသည်။ ဖြောင့်မတ်စင်ကြယ်ခြင်းအကြောင်းကိုမူ ကြားဘူးနားဝရှိကြပါသည်။ မိမိကိုယ်ကို ထိန်သိမ်းခြင်းအား နားမလည်ကြ။ သူတို့လင်မယားကိုယ်တိုင်လည်း မစင်ကြယ်သောနည်းဖြင့် ရယူကြသည်မဟုတ်လော။ အပြစ်စီရင်ခြင်းရောက်လာမည့်အကြောင်း သိရှိဖို့လည်းလိုအပ်သည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် မိုက်မှားခဲ့သော အပြစ်များကို ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် ဆေးကြောခွင့်လွှတ်ပြီးကြောင်း၊ မသိလိုက်ရလျှင် အပြစ်ငရဲ မီးအိုင်ထဲသို့ ရောက်သွားကြမည်။

၂၄:၂၅()-၂၆  ဖေလဇ်သည် ဒြုသိလာထက် ပိုမိုစိတ်ဝင်စားသည်။ သို့သောလည်း လိပ်ပြာမလုံသဖြင့် ကယ်တင်ရှင်ကို လက်မခံရဲ။ ထို့ကြောင့် ယခုသွားနှင့်နောက်မှပြန်ခေါ်မည် ဟု မောင်ထုတ်လိုက်သည်။ ပေါလု၏ ထိုသက်သေခံချက်သည် နောက်ဆုံးအကြိမ်မဟုတ်သေး။ ကဲသရိတွင် ထောင်ကျနေသည့် နောက်နှစ် နှစ်ကာလအတွင်းတွင် ထပ်ခါထပ်ခါ ပြန်ခေါ်သည်။ ဖေလဇ်၏ ဉာဏ်နီဉာဏ်နက်မှာ ထိုသို့ အချိန်ဆွဲခြင်းဖြင့် ပေါလု၏ မိတ်ဆွေအပေါင်းအသင်းများထံမှ တံစိုးလက်ဆောင် မျှော်လင့်ခြင်းဖြစ်သည်။

၂၄:၂၇  နောက်(၂)နှစ်ကြာသောအခါ (အေဒီ ၆၀)တွင် ဖေလဇ်၏ နေရာတွင် ပေါကိဖေတ္ထုရာထူးဆက်ခံသည်။ သူသည်လည်း ယုဒလူမျိုးများ၏ မျက်နှာသာလိုချင်သောကြောင့် ပေါလုအား ဆက်လက်၍ အကျဉ်းချထားခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။