တမန်တော်၀တ္ထု - ၂၃

1ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊- 2ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကိုရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။- 3ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှာ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။-မ၊ ၂၃:၂၇-၂၈။ 4အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကို ဆဲသလောဟု မေးလျှင်၊- 5ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို သင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။ထွ၊ ၂၂:၂၈။
6ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။-တ၊ ၂၆:၅။ ဖိ၊ ၃:၅။ 7ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ၏။- 8ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန် မရှိ၊ နာမ်ဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။-မ၊ ၂၂:၂၃။ မာ၊ ၁၂:၁၈။ လု၊ ၂:၂၇ 9အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌နေသော ကျမ်းဆရာတို့သည် ထလျက် ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နာမ်ဝိညာဉ်သော်လည်းကောင်း၊ ကောင်းကင်တမန်သော်လည်းကောင်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။- 10အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
11နက်ဖြန့်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရလေဦးမည်ဟု မိန့်တော်မူ၏။
ပေါလုကိုလုပ်ကြံရန်ကြံစည်ခြင်း
12မိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။- 13ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။- 14ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။- 15ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှာ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြောမည် အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှာ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။
16ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလုအား ကြားပြောလေ၏။- 17ပေါလုသည် တပ်မှူးတစ်ယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစ်စုံတစ်ခု ရှိသည်ဟုဆိုသော်၊- 18တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစ်စုံတစ်ခုရှိသော ဤလုလင်ကို ကိုယ်တော်ထံသို့ ပို့စေခြင်းငှာ တောင်းပန်ပါသည်ဟုလျှောက်၏။- 19စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ သင်သည်အဘယ်အကြောင်းကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။- 20လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှာ၊ ယုဒလူတို့သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွှတ်ကြပါပြီ။- 21သို့ရာတွင် သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟု လျှောက်လေ၏။
22စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
ဖေလဇ်မင်းထံသို့ပို့ခြင်း
23တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ည သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှာ စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။- 24ပေါလုစီးစရာဖို့ တိရစ္ဆာန်တို့ကိုပြင်၍ ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။- 25စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူမူကား၊- 26ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့် ကြားလျှောက်လိုက်ပါသည်။- 27ယုဒလူတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နုတ်ပါသည်။- 28ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကိုယူ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊- 29အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။- 30ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုပ်ရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ချင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှာ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
31စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကိုယူ၍၊ ညအခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊- 32နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှာ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။- 33မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကို မြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။- 34မြို့ဝန်မင်းသည် စာကိုဖတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊- 35သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။

တမန်တော်၀တ္ထု - ၂၃ (အနက်ဖွင့်)

၂၃:  မင်းတိုင်ပင်အမတ်များ ပါဝင်သော လွှတ်တော်အမတ်များရှေ့သို့ ပေါလု ရောက်ရှိသောအခါ စိတ်နှလု့းတည်ငြိမ်စွာဖြင့် သူသည်ဘာသာတရားကြည်ညိုလေးစားသော လူကြီးလူကောင်းဖြစ်ကြောင်း ရှင်းပြသည်။ ထိုစကားကို ကြားသောအခါ ယဇ်ပုရောဟိတ်ကြီးအာနနိ စိတ်ဆိုးသည်။ ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူပြောင်းသူတစ်ယောက်က  ဘာသာတရားကိုင်းရှိုင်းသည်ဟု ပြေရကောင်းသလား၊ ယုဒဘာသာကို စော်ကားခြင်းဖြစ်သည်ဟု ခံယူသည်။ ထို့ကြောင့် ထိုစကားကို ပြောသောပါးစပ်ပေါက်အား ရိုက်ခိုင်းသည်။ ခုံသမာဓိလူကြီးမင်းများရှေ့မှာ ထိုသို့ပြုမူခြင်းသည် မင်းမဲ့စရိုက် လူမိုက်တရားဖြစ်သည်။

၂၃:  ထို့ကြောင့် ရှင်ပေါလုက ထိုယဇ်ပုရောဟိတ်မင်းကြီး အာနနိအား “ထုံးဖြူသုတ်သည့် အုတ်ရိုးသင့်ကို ဘုရားသခင် မုချဒဏ်ခတ်တော်မူမည်၊ တရားဥပဒေနှင့်အညီ စစ်ဆေးစီရင်ရန် ရုံးထိုင်ပါလျက်၊ တရားခါင်တွင် ဥပဒေချိုးဖောက်သည့် စကားပြောသလား” ဟု ပြန်နှက်လိုက်သည်။

၂၃:  ပေါလု၏ အချက်ကျကျ ချေပစကားကို ကြားသိကြသောအခါ ခုံသမာဓိအဖွဲ့ဝင်များသည် တုန်လှုပ်ကြသည်။ အချက်ကျသော်လည်း ယဇ်ပုရောဟိတ်မင်းကို ထိုသို့ပြန်ပြောဝံ့သလားဟု အံ့အားသင့်ကြသည်။

၂၃:  စင်စစ်တွင် အာနနိသည် ယဇ်ပုရောဟိတ်မင်းဖြစ်မှန်း ပေါလု မသိရိုးမှန်ဖြစ်သည်။ မင်းတိုင်ပင်အမတ်မင်းများသည် အရေးပေါ်စုဝေးကြခြင်းဖြစ်သောကြောင့် အာနနိမှာ ယဇ်ပုရောဟိတ်ဝတ်လုံမဆင်မြန်းပါ။ ဝတ်ရုံမဆင်မြန်းသဖြင့် ယဇ်ပုရောဟိတ်မင်းပလ္လင်ပေါ်တွင် နေရာမယူခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် ပရိသတ်များ ရိုက်ပုတ်ဒဏ်ကြောင့် ပေါလု အမြင်အာရုံမကောင်းခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ အထက်အာဏာပိုင်မင်းအား ပေါလုက တမင်သက်သက် နှုတ်လှန်ခြင်းမဟုတ်ပါ။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်းမှန်း သိလျှင်သိခြင်း၊ (ထွ ၂၂:၂၈) “သင်၏ အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ” ဟူသော ကျမ်းပိုဒ်ကို ကိုးကားလျက် ချက်ချင်းဝန်ချ တောင်ပန်ခဲ့သည်။

၂၃:  ထိုမင်းတိုင်ပင်အမတ်များထဲတွင် ဇဒ္ဒုကဲ နှင့်ဖာရိရှဲများ ပါဝင်ကြသည်။ ပေါလုက သူသည် ဖာရိရှဲဖြစ်ကြောင်း ဖာရိရှဲ၏သားလည်း ဖြစ်ကြောင်း၊ ဖာရိရှဲများက ဖာရိရှဲသားကို စစ်ဆေးစီရင်နေရကြောင်း လျှောက်လဲသောအခါ မင်းတိုင်ပင်အမတ်များသည် ဖာရိရှဲများတဖွဲ့၊ ဇဒ္ဒုကဲများကတဖွဲ့ အဖွဲ့ကွဲကြသည်။ ဖာရိရှဲများသည် ထမြောက်ခြင်းကို လက်ခံယုံကြည်သူများ ဖြစ်၍၊ ဇဒ္ဒုကဲများသည် ငြင်းပယ်သူများဖြစ်သည်။ ဝိညာဉ်နှင့် ကောင်းကင်တမန်များကိုလည်း လက်မခံသများဖြစ်သည်။ ဖာရိရှဲများသည် ရှေးအစဉ်အလာ ယုံကြည်သူများဖြစ်သည်။(၂၃:၈)

ဤနေရာတွင် ရှင်ပေါလုသည် လူ့ခံယူချက်ကို အခွင့်ကောင်းယူ၍ သပ်လျှိုထဲ့ပေးခြင်းဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ A.J.Pollock က “လူများသည် စိတ်ခံစားချက်ကို မရှောင်လွှဲနိုင်ကြပါ။ ပေါလု၏စကားသည် ဇဒ္ဒုကဲနှင့် ဖာရိရှဲများအကြားတွင် စစ်အေးတိုက်ပွဲဖြစ်စေလောက်အောင် ပြင်ထန်သည်” ဟုဆိုသည်။

၂၃:  ရှင်ပေါလု၏ စကားသည်တရားနည်းကျသည်ဖြစ်စေ၊ မကျသည် ဖြစ်စေ ဖာရိရှဲနှင့်ဇဒ္ဒုကဲများအကြားတွင် စားပွဲခင်းတိုင်ပွဲဖြစ်စေခဲ့သည်။ ကျယ်လောင်စွာ အော်ဟစ်ငြင်းခုံကြသည်။ ဖာရိရှဲများက ရှင်ပေါလုတွင် အပြစ်မရှိဘူးဟု ကွယ်ကာကြသည် ဝိညာဉ်တပါးပါးဖြစ်စေ၊ ကောင်းကင်တမန်တပါးပါးကဖြစ်စေ ပြောခိုင်းခြင်းဖြစ်လျှင် ဘယ်သူသိနိုင်သနည်းဟု မေးခွန်းဖြင့် လုံခြုံပေးကြသည်။

၂၃:၁၀  ထိုသို့နှစ်ဖက်စလုံးတွင် အလျှော့ပေးခြင်း၊ နှီးနှောတိုင်ပင်ခြင်းမရှိဘဲ၊ ဗြောင်းဆန်အွက်လောရိုက်နေကြသဖြင့် ပေါလုအားသတ်ဖြတ်ကြမှာ စိုးရိမ်ရသည်။ ထို့ကြောင့် ရောမတပ်မှူးသည် ပေါလုအား စစ်သားများ အစောင့်အကြပ်ဖြင့် ပြန်လည်ခေါ်ထုတ်ယူရသည်။

၂၃:၁၁  ထိုညတွင် အလင်းတန်းသဖွယ် ထောင်ထဲရှိ ပေါလုထံသို့ ရောက်ရှိလာပြီး မကြောက်နှင့် သင်သည် ယေရုရှလင်မြို့တွင် ငါ၏အကြောင်းကို သက်သေခံခဲ့သည့် နည်းတူ၊ ရောမမြို့တွင်လည်း သက်သေခံရဦးမည် ဟု ဆိုသည်။ ဤကျမ်းပိုဒ်တွင် မှတ်သားရမည့်အချက်မှာ ပေါလု၏ ယေရုရှလင်မြို့ အမှုတော်ဆောင်ခြင်းကို ဘုရားသခင်က နှစ်သက်အသိအမှတ်ပြုသည်။ နှုတ်အားဖြင့်မဟုတ်၊ သက်သေခံချက်များကိုလည်း ချီးမွမ်းခြင်းဖြစ်သည်။ ပေါလု၏ အမှုတော်ဆောင်လုပ်ငန်းသည် မပြီးဆုံးသေး။ ယေရုရှလင်တွင် သစ္စာရှိစွာ အမှုတော်ပြုသကဲ့သို့ ရောမတွင်လည်း ခရစ်တော်၏ သက်သေခံရဦးမည်။

၂၃:၁၂၁၅  နောက်တနေ့တွင်လည်း ယုဒလူ(၄၀)ခန့်သည် ပေါလုအား သတ်ရန် ကြံစည်ကြသည်။ ပေါလုကို မသတ်ရမချင်း အစာရေစာမစားဟု ကတိပြုကျမ်းကျိန်ကြသည်။ ထို့ကြောင့် ဘာသာရေးဆရာကြီးများထံသွားရောက်၍ သူတို့အကြံအစည်ကို တိုင်ပင်တင်ပြကြသည်။ ယဇ်ပုရောဟိတ်အရှင်များက ရောမအစိုးရထံမျ ပေါလုအား အမှုပြန်စစ်ရန် သွားရောက်ထုတ်ယူရန်နှင့် တရားရုံးမရောက်မီ လမ်းခုလတ်တွင် ထိုသူများက လုယူသတ်ဖြတ်ရန်တိုင်ပင်သည်။

၂၃:၁၆၁၉  ဤလောကမှာ ဆိတ်ကွယ်ရာ အရပ်မရှိ ဆိုစကားအတိုင်း ထိုသူများ၏ အကြံအစည်ကို ပေါလု၏တူကြားသိ၍ ပေါလုထံသွားရောက်သတင်းပို့သည်။ ပေါလုက တပ်ခွဲမှူး အကူအညီဖြင့် လူငယ်အား တပ်မှူးထံ စေလွှတ်သတင်းပို့လိုက်သည်။ တပ်မှူးက လူငယ်အား နှစ်ယောက်ချင်း တွေ့ဆုံလက်ခံလိုက်သည်။

၂၃:၂၀၂၁  ထိုလူငယ်က ကြားသိရသမျှကို လျှောက်လဲပြီးသည့်နောက် ပေါလုအား ရုံးထိုင် စစ်ဆေးဖို့ လာရောက်တောင်းပန်ထုတ်ယူလျှင်လည်း မလိုက်လျောဖို့ မေတ္တာရပ်ခံခဲ့သည်။

၂၃:၂၂  တပ်မှူးက လူငယ်၏ ပြောစကားကို တလေးတစား နားထောင်ပြီးနောက်၊ ထိုအကြောင်းကို မည်သူမှ မပြောရန်မှာကြားပြီး၊ ပြန်လွှတ်လိုက်သည်။ ယုဒများ အမျက်ဒေါသ ဘေးရန်မှ အကျဉ်းသား၏ အသက်အန္တရာယ် လုံခြုံရေးတာဝန်ယူမည့်အကြာင်းကိုလည်း အာမခံလိုက်သည်။

၂၃:၂၃၂၅  တပ်မှူးသည် တပ်ခွဲမှူးနှစ်ယောက်ကိုခေါ်၍ ညကိုးနာရီအချိန် အမှောင်ရိပ်ချိန်၌ စစ်သားနှစ်ရာ၊ မြင်းစစ်သည်တော် ခုနှစ်ဆယ်၊ လှံတပ်သားနှစ်ရာ အစောင့်အရှောက်ဖြင့် ပေါလုအား ကဲသရိမြို့သို့ ခေါ်ဆောင်သွားခိုင်းသည်။

ထိုသို့ အစောင့်အရှောက်အခိုင်အလုံဖြင့် လိုက်ပို့ခြင်းမှာ ခရစ်တော်၏ တမန်တော်အား ဂုဏ်ပြုပေးစားခြင်းမဟုတ်ပါ။ ရောမစစ်သားများ၏ စနစ်တကျ လုပ်ဆောင်တတ်မှု၊ အရှိန်အဝါကြီးမှုဖြစ်သည်။ အကယ်၍ လမ်းခုလပ်တွင် အကြောင်းတစ်ခုခုကြောင့် ပေါလုတစ်ခုခုဖြစ်လျှင် ရောမစစ်သားများတွင်တာဝန်ရှိသည်။ ရောမနိုင်ငံသားတစ်ယောက်အား အခြားသူများက ဘေးအန္တရာယ်ပေးမိလျှင် ထိုစစ်သားများအား တာဝန်ပေါ့ဆမှုဖြင့် အရေးယူခြင်းခံရသည်။

၂၃:၂၆၂၈  အစောင့်အကြပ်များနှင့်အတူ စာတစောင်လည်း ရေးပေးလိုက်သည် ။ စာထဲတွင် တပ်မှူး ကလောဒိလုသိမှ အရှင်ဖေလဇ်မင်းထံသို့ ဟုရေးထားသည်။ စာထဲတွင် ပေါလုအား စွပ်စွဲချက်များကို ဖော်ထုတ်ပေးရန် ရေးထားသည်။ စင်စစ်တွင် သူ့ကိုယ်သူသည် ပြည်သူများကို အကာအကွယ်ပေးသည့် ပြည်သူ့သူရဲကောင်းကြီးဖြစ်ကြောင်း ထုတ်ဖော်ဝါကြွားခြင်းဖြစ်သည်။ အထူးသဖြင့် ရောမနိုင်ငံသားများကို အရေးမယူဝံ့၊ လေးစားကြည်ညိုသောကြောင့် ဖေလဇ်ထံသို့ ပိုဆောင်ပြသခြင်းဖြစ်သည်။ ပေါလုအား ဖမ်းဆီးရိုက်ပုတ်ခဲ့ကြသည်။ အကြောင်းကို ဖုံးဖိသည်။ ကံအားလျော်စွာ ပေါလုကလည်း သူများအကြောင်းကို အတင်းအဖျင်း ပြောတတ်သူမဟုတ်။

၂၃:၂၉၃၀  ဤစွပ်စွဲခံရသူအပေါ်တွင် သေဒဏ်သော်၎င်း၊ ထောင်ဒဏ်သော်၎င်း၊ အရေးယူအပြစ်ပေးစရာ အမှုမတွေ့။ ဘာသာရေးဆိုင်ရာ ပြဿနာနှင့်သာ ယုဒများက စွပ်စွဲနေကြသည်။ ထိုကြောင့် အရှင်မင်းကြီးက စီရင်ပေးရန်နှင့် ထိုစွပ်စွဲသူများကိုလည်း သက်သေထွက်ဆိုနိုင်ကြရန် စေလွှတ်ပေးပါမည်ဟု စာထဲတွင် ထည့်ရေးထားသည်။

၂၃:၃၁၃၅  ကဲသရိမြို့ ခရီးစဉ်ကို ချက်ချင်းဆောင်ရွက်လိုက်သည်။ ထိုညတွင်းချင်း၌ အန္တိပတရိမြို့သို့ရောက်ကြသည်။ ထိုမြို့သည် ယေရုရှလင်မှ (၃၉) မိုင်ခန့်ဝေး၍၊ ကဲသရိမှ (၂၄)မိုင် ခန့်ဝေးသည်။ ယုဒလူမျိုးများ၏ ခြုံခိုတိုက်ခိုက်ရန် မစိုးရိမ်ရတော့သဖြင့် ခြေလျင်စစ်သားများ ပြန်လာကြပြီး၊ မြင်းစစ်သည်တော်များက ကဲသရိမြို့ထိ ဆက်လက်ပို့ဆောင်ကြသည်။ ဖေလဇ်မင်း ထံရောက်သောအခါ တပ်မှူးရေးပေးလိုက်သော စာကို အပ်နှံသည်။ ဖေလဇ်မင်းက ပေါလုသည် ရောမနိုင်ငံတော်သားဖြစ်သောကြောင့် စွပ်စွဲသူများရောက်လာသောအခါ အမှုကြားနာမည်ဟု ဆိုကာ ပေါလုကို ဟေရုဒ်မင်ဆောက်ထားသော အိမ်တော်၌ အချုပ်ခံနေစေဟု စီရင်သည်။

ရောမ အာဏာရှင် ဖေလဇ်သည် မိုးတညတွင် လျှပ်စီးလက်သကဲ့သို့ ခဏတာ လင်းလက်သောသူဖြစ်သည်။ ခေတ်ပျက်တွင် မင်းဖြစ်သွားသောကျွန်ဖြစ်သည်။ သူ့ကိုယ်ရေး ရာဇဝင်တွင်လည်း ညစ်ပတ်စွန်းထေးနေသည်။ ယုဒပြည်ကို အုပ်စိုးရသော ဘုရင်ခံအဖြစ် စိုစံသောအချိန်တွင် နန်းမျိုးနန်းနွယ် အမျိုးသမီး(၃)ယောက်နှင့် ညှိစွန်းခဲ့သည်။ ဧမာဆာဘုရင်၏ မိဘုရား အဇိဇက်နှင့် အကြောင်းပါခဲ့သည်။ ဒရိုသိလာနှင့်လည်းချစ်ကျွမ်းဝင်ခဲ့သည်။ ကုပရုကျွန်းမှ မှော်ဆရာရှိမုန်၏ အကူအညီဖြင့် ရောရှိဖက်နှင့်လည်း လက်ထပ်ခဲ့သည်။

ယဇ်ပုရောဟိတ်ကြီး ယောနသန်က သူ၏လုပ်ရပ်များကို ထောက်ပြသောကြောင့် မမှန်သောသက်သေထူလျက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့သည်။

ထိုရက်စက်ယုတ်ပတ်မှု သရဖူရှင်ဖေလဇ်ရှေ့မှောက်တွင် ပေါလုသည် ကျားရှေ့ရောက် ယုန်သူငယ်ပမာ ရောက်ရှိနေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။