ရာဇဝင်ချုပ်ဒုတိယစောင် - ၁၄

ယုဒဘုရင်အာသ
(၃ရာ၊ ၁၅:၉-၁၂)
1အဘိယသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက်ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်းသာယာ၏။
2အာသမင်းသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။ 3တစ်ပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကိုလည်းကောင်း၊ မြင့်သောအရပ်တို့ကိုလည်းကောင်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။ 4ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက်မည်အကြောင်း မိန့်တော်မူ၏။ 5ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသောကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာလျက်ရှိ၏။ 6ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည်ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တစ်ပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။ 7ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တစ်ပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သောမြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။ 8အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။
9တစ်ဖန် ကုရှရှင်ဘုရင်ဇေရသည် စစ်သူရဲတစ်သန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက်သောအခါ၊ 10အာသသည် ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖသချိုင့်၌ စစ်ပြိုင်ကြ၏။ 11အာသသည် မိမိဘုရားသခင် ထာဝရဘုရားအားဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှာ သွားပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ လူသည် ကိုယ်တော်ကိုနိုင်သောအခွင့် ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊ 12ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။ 13အာသနှင့် သူ၏လူတို့သည် ဂေရာမြို့တိုင်အောင်လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာအများကို သိမ်းယူကြ၏။ 14ဂေရာမြို့ ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာဥစ္စာအများတို့ကို သိမ်းယူကြ၏။ 15တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက်လျက်၊ သိုးနှင့် ကုလားအုတ်အများတို့ကို သိမ်းယူ၍ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၁၄ (အနက်ဖွင့်)

(အာသမင်း (အခန်း၁၄၁၆)

၁၄: လာမည့်အခန်း (၃)ခုတွင် အာသမင်း၏ အနှစ်(၄ဝ)နန်းစံပုံ ကိုလိုရင်းတိုရှင်း ရေးထားသည်။ ထိုအခန်း(၃)ခု ကို ၃ရာ ၁၅:၉-၂၄ တွင် အကျဉ်းရေးထားပြီးဖြစ်သည်။ ဤအပိုဒ်ငယ်(၁) သည် အထက်အခန်း(၁၃)နှင့် ချိတ်ဆက်ပေးသည်။ ဟေဗြဲကျမ်းမူတွင် အခန်း(၁၄:၂)မှ အစပြုထား သည်။

 ၁၄: အာသမင်းနန်းစံချိန်တွင် နိုင်ငံတော်အေးချမ်းသာယာ၍ ဖွံ့ဖြိုးခြင်းအကြောင်းရင်းမှာ တိုင်းပြည်အုပ်စိုးသူမင်း ဘုရားတရားကိုင်းရှိုင်းဖြစ်သည်။ ဖခင် ကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များကို ဖယ်ရှား၍ ဘုရားသခင်ထံသို့ တိုးဝင် ချဉ်းကပ်သည်။ တိုင်းပြည်အဝှမ်းတွင် ဘုရားတုကိုးကွယ်ခြင်းကိုလည်း သန့်စင်သည်။၁၅ မြို့ပြခံတပ်ကြီးများ တည်ဆောက်၍ တဘက်တွင် ကာကွယ် ရေးအင်အားလည်း ဖြည့်ဆည်းသည်။

၁၄:၁၅ အေးချမ်းသာယာနေသော ယုဒပြည်၏ ရေမျက်နှာပြင်ကို အဲသရောပိစစ်သား တစ်သန်း နှင့် မြင်းစစ်သည် သုံးရာဖြင့် လာရောက်ကျူးကျော် လှုပ်ခတ်သည်။ ယုဒစစ်တပ် ပမာဏသည် မနှိုင်းသာအောင် သေးငယ် သော်လည်း ယေဟောဝါ ဘုရားသခင် က စောင့်ရှောက်ကူညီသောကြောင့် ထိုးစစ်တပ်ကြီးကို အောင်မြင်သည်။

အပိုဒ် ၁၁ ပါ အာသမင်း၏ ဆုတောင်းချက်သည် လိုရင်းတိုရှင်းဖြစ်၍ ထိမိသည်။ တိုက်ပွဲကာလတွင် အချိန်ဖြုန်း၍ ထိမိသည်။ တိုက်ပွဲ ကာလတွင် အချိန်ဖြုန်း၍ မရ။ ဆုတောင်းချက်သည် တိုသည်။ ရှည်သည်။ အဓိက မဟုတ်။ ဘုရားသခင် နားညောင်းဖို့ အဓိက ကျသည်။ ထို့ကြောင့် စိတ်မနော အရင်းဖြင့် ဆုတောင်းရသည်။ အာသမင်းသည် ဘုရားကိုင်းရှိုင်းသူ ဖြစ်သောကြောင့် သူ့ ဆုတောင်းချက်များအား ဘုရားသခင်က ချက်ချင်း အဖြေပေးသည်။ မကုရှေမြို့ အနီး ဇေဖချိုင့်ဝှမ်းတွင် ဓါးဓါးချင်း၊ လှံလှံချင်း ခုတ်ပိုင်း တိုက်ခိုက်ကြသည်။ သတ္တုအချင်းချင်း ပွတ်တိုက်သော မီးများလင်းလက်၍ အသံဗလံများ ဆူညံသည်။ ဖိလိတ္တိတို့၏ မြေဂေဇာမြို့တွင် တိုက်ပွဲ အဆုံးသတ်သည်။ လူအမြောက်အများ သေဆုံးကြရသည်။ ကျွဲနှစ်ကောင်ခတ်သည့် အကြားတွင် မြေစာပင်များလည်း သေကြေပျက်စီးကြသည်။ တိုက်ပွဲ ပြီးဆုံးသော အခါ စစ်နိုင်သော အာသမင်းသည် သုံ့ပန်းများ၊ ဖမ်းဆီးရမိ တိရစ္တာန်နှင့် ပစ္စည်းများကိုယူဆောင်၍ ယေရုရှလင် သို့ ပြန်လာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။