ရာဇဝင်ချုပ်ဒုတိယစောင် - ၆

ဗိမာန်တော်အနုမောဒနာပြုခြင်း
(၃ရာ၊ ၈:၁၂-၂၁)
1ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကားတော်ရှိ၏။ 2သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟု မြွက်ဆို၏။ 3တစ်ဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းချီးပေးတော်မူ၏။ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် မတ်တတ်နေကြ၏။ 4-6ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ်တော်စကားဟူမူကား၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောနေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှာ၊ ဣသရေလခရိုင်များတို့တွင် မြို့တစ်စုံတစ်မြို့ကို ငါမရွေး။ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးရသောသူကိုလည်း ငါမရွေးသေး။ ယခုမူကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ ဒါဝိဒ်ကိုလည်းကောင်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 7ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှာ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊ 8ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်ကိုတည်ဆောက်ခြင်းငှာ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကို ပြုပြီ။ 9သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။ 10ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိုက်အရာကို ခံရ၍၊ ထာဝရဘုရားကတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်လေပြီ။ 11ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ကို ထိုအိမ်တော်၌ တင်ထားလေပြီဟု မြွက်ဆို၏။
ရှောလမုန်၏ဆုတောင်းပတ္ထနာ
(၃ရာ၊ ၈:၂၂-၅၃)
12ထိုအခါ ရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊ 13အမြင့်သုံးတောင်ရှိသော ပလ္လင်ကိုလုပ်၍၊ တံတိုင်းအလယ်၌ထားနှင့်သော ထိုပလ္လင်ပေါ်သို့တက်ပြီးလျှင်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အလယ်မှာ ဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊ 14အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ကိုယ်တော်နှင့်တူသောဘုရား တစ်ဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။ 15အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော်မူပြီ။ 16အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့တရားကို ကျင့်လိုသောငှာ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကို ယခု စောင့်တော်မူပါ။ 17အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။ 18သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်၊ အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာ ရှိပါသနည်း။ 19သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။ 20ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ 21ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
22လူသည် မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊ 23ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
24ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပတ္ထနာပြုလျှင်၊ 25ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တစ်ဖန် ပို့ဆောင်တော်မူပါ။
26ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုးမရွာ၊ မိုးခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊ 27ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှလွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အားအမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။
28ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော်လည်းကောင်း၊ လေထိ၍ အပင်သေသော်လည်းကောင်း၊ အရည်ယို၍ သေသော်လည်းကောင်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်လည်းကောင်း၊ ရန်သူတိုက်လာ၍ မြို့ကိုဝိုင်းထားသော်လည်းကောင်း၊ ဘေးဥပဒ် အနာရောဂါတစ်စုံတစ်ခုရောက်သောခါ၊ 29ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍ တစ်စုံတစ်ခုသော ပတ္ထနာစကားအားဖြင့် ဆုတောင်းလျှင်၊ 30ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နားထောင်တော်မူပါ။ 31ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံးသဘောကိုသိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင်တော်မူပါ။
32ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက်သဖြင့်၊ ဝေးသောပြည်မှရောက်လာ၍ ဤအိမ်တော်ကိုမှီခိုလျက် ဆုတောင်းလျှင်၊ 33ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
34ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊ 35သူတို့ ဆုတောင်းပတ္ထနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ 36မပြစ်မှားတတ်သောသူ တစ်ယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသော ပြည်သို့ သိမ်းသွားလျှင်လည်းကောင်း၊ 37ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည်သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊ 38သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်လည်းကောင်း၊ 39သူတို့ ဆုတောင်းပတ္ထနာပြုသောစကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။ 40အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ 41အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊ 42အိုထာဝရအရှင် ဘုရားသခင်၊ ဘိသိက်ပေးတော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ် ခံရသောကျေးဇူးတော်ကို အောက်မေ့တော်မူပါဟု ပတ္ထနာပြုလေ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၆ (အနက်ဖွင့်)

:၁၁ ရှောလမုန်ဘုရင်သည် ဗိမာန်တော်အား အနုမောဒနမခေါ်ခင်၊ တိုင်းသူပြည်သားများသို့ မိန့်ခွန်းပြောသည်။ ဣသရေလတို့၏ အတိတ်သမိုင်းကြောင်း ပြန်ပြောင်းသတိရစေသည်။ ဘုရားသခင်သည် မှောင်မိုက်ထဲတွင် စိုးစံတော်မူခြင်း မရှိသကဲ့သို့ မြို့တော်နှင့် အုပ်စိုးသူမင်းကိုလည်း ရွေးကောက်ခြင်းမရှိခဲ့။ (ရှမွေလ အပါအဝင် ဣသရေလအမျိုးသား ခေါင်းဆောင်များသည် အုပ်စိုးခြင်း၏ အချုပ်အခြာအာဏာ မဆွဲကိုင်ခဲ့ကြ)။ ယခု ကာလတွင် ဘုရားသခင်က ဒါဝိဒ်အား ဘုရင်အဖြစ် ခန့်အပ်၍ ယေရုရှလင်ကိုလည်း ဣသရေလမြို့တော် အဖြစ် စီရင်ပြီ။ ဒါဝိဒ်မင်းသည် ဗိမာန်တော် တည်ဆောက်ရန် ဆန္ဒမွန်ရှိသော်လည်း အခွင့်အရေးမရရှိ။ သူ့သားသို့သာ ဘုရားသခင်က အခွင့်အရေး ပေးသည်။ ထို့ကြောင့် ရှောလမုန်သည် ဘုရားသခင်၏ လူဖြစ်ကြောင်း သက်သေထူရမည်။ ပြည်သူများကိုလည်း ကောင်းကြီးမင်္ဂလာပေးသည်။

:၁၂၁၃ အခန်းကြီး (၆) ၏ အချုပ်အခြာသည် ရှောလမုန်ဘုရင်၏ ဘုရားသခင်ထံသို့ ဆုတောင်းချက် (ငယ်၁၂-၄၂) ဖြစ်သည်။ သမ္မာကျမ်းစာ တအုပ်လုံးတွင် အရှည်လျားဆုံး ဆုတောင်းချက်ဖြစ်၍ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း၊အနုမောဒနခေါ်ခြင်းဖြင့် လွှမ်းထုံသည်။ ဗိမာန်တော် အလယ် ပရိသတ်ရှေ့တွင် ရှောလမုန်သည် ဒူးထောက်လျက်၊ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ဆုတောင်းသည်။ လှိုက်လှဲစွာ ကျေးဇူးတော်ချီးမွမ်းသည်။ကျေးဇူးတော် မစခြင်းများကို ရေတွက်သည်။

:၁၄ ပထမဦးစွာ ဣသရေလရာဇပလ္လင်တော်အတွက် ချီးမွမ်းသည်။ ဘုရားသခင်၏ သစ္စာတော်အား ရှောလမုန်မင်းထံသို့ ဆက်လက်၍ တသွင်သွင် စီးဆင်းဖို့တောင်းခံသည်။

:၁၈၂၁ ဤကျမ်းချက်တွင် စကားလေးခွန်းသာ ပါရှိ၍ ဆုတောင်းခြင်းသက်သေဖြစ်သည်။ တသဘောတည်းရှိ၍ နာခံခြင်းနှင့် အပြစ်ခွင့်လွှတ်ဖို့ (ငယ် ၂၁)ဖြစ်သည်။

:၂၂၂၃  နောက်တချက် ဆုတောင်းချက်မှာ ယဇ်ပလ္လင်ရှေ့တွင် တိုင်တည်ဆုတောင်းချက်အား နားညောင်းတော်မူ၍ အရေးယူပေးရန်ဖြစ်သည်။

:၂၄၂၅   ဣသရေလတို့ မိမိတို့အပြစ်ကြောင့် စစ်ရှုံး၍ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်သောအခါ အပြစ်ခွင့်လွှတ်ပြီး စစ်အောင်မြင်ခွင့်ပေးဖို့ ဆက်လက်ဆုတောင်းသည်။

:၂၆၂၇   အပြစ်ဒုစရိုက်ကြောင့် မိုးခေါင်၍ ဆုတောင်းကြသောအခါ ဆုတောင်းခြင်း ပြည့်စုံစေဖို့ လျှောက်လဲသည်။

:၂၈၃၁ အစာရေစာငတ်မွတ်ဘေး၊ ကာလနာရောဂါမှ ကွယ်ကာစောင့် ရှောက်ရန် ဆုတောင်းသည်။ သို့သော် ထိုဆုတောင်း ချက်သည် ဣသရေလလူများ ဘုရားသခင်ကို သိရှိကြောက်ရွံ့ဖို့ဖြစ်ပါစေ။

:၃၂၃၃ တိုင်းတပါးလူမျိုးကြားများကိုလည်း ထာဝရဘုရားသခင်အား သိရှိကြစေဖို့ ဖိတ်ခေါ်ပေးရန် ဆုတောင်းသည်။

:၃၄၃၅ တိုက်ပွဲတရာအောင်ပွဲ တရာအောင်မြင်ဖို့ ဆုပန်သည်။

:၃၆၃၉ ဣသရေလလူများ အပြစ်ဒုစရိုက်ကြောင့် ဖမ်းဆီးကျွန်ပြုပြင်ခြင်းခံရ၍ တစိတ်ဖြင့်ပြန်လည်ဆုတောင်းသောအခါ နားထောင်ပေးဖို့ ဆုချွေသည်။

:၄ဝ၄၂ နောက်ပိတ်ဆုံးတွင်(၃)ခု ဆုတောင်းသည်။ သူ၏ ဆုတောင်းချက်များကို လက်ခံစေချင်သည်။ ဘုရားသခင်၏ ဗိမာန်တော်၌ အမှုတော်ထမ်း ဆောင်ကြသောယဇ်ပုရောဟိတ်များ အား ကျေးဇူးတော်နှင့် ကရုဏာတော်ခံစားစေချင်သည်။ ဖခင်ဒါဝိဒ်မင်းအား ဘုရားသခင်ရှေ့၌ မျက်နှာတော်ရသကဲ့သို့  ရှောလမုန်မင်းကိုလည်း  မျက်နှာသာရစေချင်သည်။

ဆုတောင်းချက်များသည် ကိုးကွယ်ခြင်းများချည်း ဖြစ်သည်။ တခုချင်းပြန်လည် လေ့လာကြည့်ကြပါစို့။ ဘုရားသခင်၏ ကြီးမြတ်သော ဂုဏ်အင် လက္ခဏာများကို တွေ့ရသည်။ ဘုရားသခင်၏ ထူးခြားလေးနက်မှု (ငယ် ၁၄)၊ ချစ်ခြင်းမေတ္တာ (ငယ် ၁၄)၊ ဘုရားသခင်၏ အထွဋ်အထိပ်ဖြစ်မှု (ငယ်၁၈)၊ နေရာတိုင်းတွင်ရှိမှု (ငယ်၁၈)၊ တိကျသေချာမှု (ငယ်၁၈)၊ တရားမျှတမှု (ငယ် ၂၃)၊ ခွင့်လွှတ်မှု(ငယ် ၂၅၊၂၇)၊ သဗ္ဗညုတဉာဏ်တော်(ငယ်၃ဝ)၊ ကျေးဇူးတော် (ငယ်၃၃)၊ ကရုဏာတော်(ငယ်၃၃) တို့ တွေ့ရသည်။

ထို့အပြင် နေရာတိုင်းတွင် ဘုရားသခင်၏ ပါဝင်မှုနှင့် မြင့်မြတ်စင်ကြယ်မှုကိုလည်း တွေ့မြင်နိုင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။