ဓမ္မရာဇဝင်ဒုတိယစောင် - ၃

1ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည် အားတိုးပွားလျက်၊ ရှောလုအမျိုးသည် အားရွေ့လျော့လျက်ရှိကြ၏။
ဒါဝိဒ်၏သားတော်များ
(၅ရာ၊ ၃း၁-၄)
2ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ 3ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။ 4စတုတ်တသားကား၊ ဟဂ်ဂိတျ၏သား အဒေါနိယတညျး။ ပဉ်စမသားကား၊ အဘိတလ၏သား ရှဖေတိတညျး။ 5ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာတွင်မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတည်း။
ဒါဝိဒ်ဘက်သို့အာဗနာဝင်ရောက်လာခြင်း
6ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကိုခိုင်မာစေ၏။ 7ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တစ်ယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏မယားငယ်ကို အဘယ်ကြောင့်သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊ 8ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကိုဆီးတား၍ သင့်အဘရှောလုအမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည်လော။ 9ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှနုတ်၍ 10ဒါဝိဒ်၏အာဏာတော်ကို ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ်ရပ်တို့၌ တည်စေခြင်းငှာ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအားပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊ 11ဣရှဗောရှက်သည် ကြောက်၍ စကားတစ်ခွန်းကိုမျှ မပြန်ဝံ့။
12ထိုနောက် အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည့်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှာ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။ 13ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိတ်သဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတစ်ခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှာ လာသောအခါ၊ ရှောလုသမီး မိခါလကိုဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကိုမမြင်ရဟု ပြန်ဆို၏။ 14ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့ စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူအရေဖျားတစ်ရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊ 15ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင် လဲရှ၏သားဖာလတိလက်မှ နုတ်ယူလေ၏။ 16သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။
17အာဗနာသည်လည်း၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ်ရှိကြသည်ဖြစ်၍၊ 18ယခု ချီးမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့လက်မှလည်းကောင်း၊ ငါကယ်နုတ်မည်ဟု ဒါဝိဒ်အဖို့ မိန့်တော်မူပြီဟု ဆိုလေ၏။ 19တစ်ဖန် အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကိုလည်း သွေးဆောင်လေ၏၊ နောက်တစ်ဖန် ဣသရေလအမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုးတညီတညွတ်တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ်အား ပြန်လျှောက်ခြင်းငှာသွား၍၊ 20လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကို ကျွေး၏။ 21အာဗနာကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်းစိုးစံစေခြင်းငှာလည်းကောင်း၊ ကျွန်တော်ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင်ထံတော်၌ စုဝေးစေပါမည်ဟုလျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည် ငြိမ်ဝပ်စွာသွားလေ၏။
အာဗနာအသတ်ခံရခြင်း
22ထိုအခါ ယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကိုယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။ 23ယွာဘနှင့် သူ၌ပါသော စစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံတော်သို့ လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအားကြားပြောလျှင်၊ 24ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင်၍၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း။ အာဗနာသည် အထံတော်သို့လာပြီးမှ တစ်ဖန် အလွတ်သွားစေခြင်းငှာ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း။ 25နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်းအလုံးစုံကို သိအံ့သောငှာသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊ 26အထံတော်ကထွက်၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။ 27အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် အသင့်အတင့်နှုတ်ဆက်ခြင်းငှာ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍ သူသည်လည်းသေ၏။
28ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံ လွတ်ပါစေ။ 29ယွာဘခေါင်း၊ သူ့အဆွေအမျိုးအပေါင်းတို့၏ ခေါင်းပေါ်သို့ ရောက်ပါစေ။ ယွာဘ၏အဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ၊ ဓားဖြင့်သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။ 30ထိုသို့ယွာဘနှင့် ညီအဘိရှဲသည် အာဗနာကိုသတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။
အာဗနာကိုသင်္ဂြိုဟ်ခြင်း
31ဒါဝိဒ်ကလည်း၊ ယွာဘနှင့် မိမိ၌ရှိသောသူအပေါင်းတို့အား၊ သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ဝတ်လျက်၊ အာဗနာအတွက် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက်လေ၏။ 32အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။ 33ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်းသည်ကား၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော။ 34သင်၏လက်ကိုမချည်၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက်ဆို၏။ လူအပေါင်းတို့သည်လည်း တစ်ဖန် ငိုကြွေးကြ၏။ 35မိုးမချုပ်မီ ဒါဝိဒ်သည် စားတော်ခေါ်မည်အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်က၊ နေမဝင်မီ မုန့်အစရှိသော စားစရာတစ်စုံတစ်ခုကို ငါမြည်းစမ်းလျှင်၊ ထိုမျှမက ငါ၌ ဘုရားသခင်ပြုတော်မူစေသတည်းဟု ကျိန်ဆို၏ 36ထိုအမှုကို လူအပေါင်းတို့သည်မှတ်၍ နှစ်သက်ကြ၏။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ၏။ 37ရှင်ဘုရင်သည် နေရ၏သားအာဗနာကို သတ်စေခြင်းငှာအလိုမရှိဟု ထိုနေ့၌ ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ၏။ 38ရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြတ်သောသူတစ်ပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော။ 39ငါသည် ဘိသိက်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရားပေးဆပ်တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၃ (အနက်ဖွင့်)

:  ဟေဗြုန်တွင် (၇)နှစ်ခွဲ ကာလ၌ ဒါဝိဒ်အင်အားတိုးပွား၍ ရှောလု အိမ်ထောင်မိသားစုသည် ဆုတ်ယုတ်သထက် ဆုတ်ယုတ် ခဲ့သည်။ ဟေဗြုန်ရောက်ခဲ့စဉ်က အဟိနောင်၊ အဘိဂဲလ မယားနှစ်ယောက်ပါရှိသည်။ ဘုရားသခင်၏ အလိုတော် ဖီလာပြုလျှက် မာခါ၊ ဟဂ္ဂိတ်၊ အဘိတလ နှင့် ဧဂလိ ဟူသော နောက်ထပ် မိန်းမ (၄)ယောက် ထပ်ယူသည်။ မယား(၆) ယောက်က သား (၆)ယောက် မွေးဖွားပေးကြသည်။ ထိုသားများအနက် အာမနုန်၊ အဗရှလုံ နှင့် အဒေါနိယ တို့သည် ဖခင်ကို ဝမ်းနည်းစေသောသူများ ဖြစ်ကြသည်။

:၁၁  အာဗနာ သည် နိုင်ငံရေးညာဏ်ပညာ မျက်စိရှိသောကြောင့် ဒါဝိဒ်၏ ဘုန်းတန်ခိုးစန်းထခြင်းအား ချိန်ခွင်ညှာညှိပေးနိုင်သူဖြစ်သည်။ ထို့အမြင်သဘောထားရှိသောကြောင့် အာဗနာသည် ရှောလု၏ မယားငယ်  ရိဇပအား တဖက်လှည့်ဖြင့် သိမ်းပိုက်သည်။ ရိဇပသည် သွက်လက်ထက်မြက် သဖြင့်ထိုမိန်းမကို သိမ်းပိုက်၍ ဣသရေလ တစ်ဆယ့်တစ်မျိုးအပေါ် သြဇာလွှမ်းမိုးနိုင်မည်ဟု တွက်ဆသည်။ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဣရှေဗောရှက်က အာဗနာအားစွပ်စွဲသော အခါ ခါးသီးစွာလူးလွန့်လျှက် ဣသရေလ လူမျိုးကို အသက်ပေးကွယ်ကာလာခဲ့သမျှ ငါ့ခေါင်းကိုခွေးခေါင်းဖြစ်စေသလား ဟု ကြိမ်းမောင်းသည် (ငယ် ၈)။ ခဲလေသမျှသဲရေကျပြီ။ ယုဒလူအတွက် သစ္စာခံမှ ကောင်းပါသည်ဟုဆိုသည်။

:၁၂၁၆  အာဗနာက ဣသရေလ လူမျိုးတစ်ဆယ့်တစ်မျိုးအား ဒါဝိဒ်လက်ထဲသို့ လွှဲပေးဖို့ ကမ်းလှမ်းသည်။ ဒါဝိဒ်ကလည်း အပေးအယူလုပ်သည်။ ထိုလူမျိုးများအား လက်မခံမှီ သူ၏မယားဟောင်း ရှောလု၏ သမီး မိခါလ အား ခေါ်ဆောင်လာမှ ကမ်းလှမ်းချက် သဘောတူမည်ဟု စကားပြန်သည်။ ဣရှဗောရှက် သည် ဖခင်က ဖာလတိနှင့် ပေးစားထားသော နှမမိခါလအား ဘုရင့်အမိန့် အာဏာဖြင့် ပြန်ခေါ်ပြီး၊ ပထမလင် ဒါဝိဒ်ထံသို့ ပြန်ပို့သည်။   မိခါလ၏လင် ဖာလတိသည် ရင်ကွဲနာကျသည်။ ဒါဝိဒ်၏ ပုဂ္ဂိုလ်ရေးဘဝ အသက်တာသည် လင်းတခါ မှောင်တစ်လှည့်ဘဝ တစ်ဆစ်ချိုးကွေ့ ပေါများသည်။

:၁၇၂၁  အာဗနာ သည် ဗင်္ယာမိန်အမျိုးမှစ၍ ဣသရေလလူမျိုးက အမျိုးကြီးတစ်မျိုးထံသို့ သွားရောက်၍ ဒါဝိဒ်သည် ဘုရားသခင် ဂတိတော် ပြည့်စုံလာသည်ဖြစ်ကြောင်း ဖိလိပ္ပိရန်မှ ကယ်နှုတ်ပေးသူ ဖြစ်ကြောင်း၊ သူ့အား ဘုရင်အဖြစ်ဝန်ခံကြရန် စည်းရုံးသည်။ ဣသရေလလူများကလည်း မဆွတ်ခင်က ညွတ်ချင်သူများဖြစ်ကြသောကြောင့် လက်ခံကြသည်။ ထိုသို့ဖြင့် ဣသရေလလူကြီးသူမများနှင့် အတူ အာဗနာသည် ဒါဝိဒ်ထံသို့ မဟာမိတ်ဖွဲ့ဖို့ သွားကြသည်။

:၂၂၃၀  ဒါဝိဒ်ထံသို့ အာဗနာ အလည်ရောက်လာပြီး ပြန်ထွက်သွားကြောင်း ယွာဘ သိရှိသောအခါ၊ ဒါဝိဒ်အား အပြစ်တင်သည်။ အာဗနာ ရောက်လာခြင်းသည် သဘောရင်းဖြင့် လာခြင်းမဟုတ်၊ စုံစမ်းထောက်လှမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ခြေမြန်တော် စေလွှတ်၍ တိတ်တဆိတ် ပြန်ခေါ်ခိုင်းသည်။ ဟေဗြုန်သို့ အာဗနာ ပြန်ရောက်သောအခါ ယွာဘက အာဗနာအား ချစ်ကြည်ဟန်ဆောင် နှုတ်ဆက်လျှက် သူ့ညီအတွက် ကလဲ့စားချေသော အားဖြင့် ဝမ်းဗိုက်တွင် ဓါးဖြင့်ထိုးသတ်လိုက်သည်။ ယွာဘသည် ဟေဗြုန်မြို့အား ဘေးမဲ့ဒုက္ခသည်များ ခိုလှုံရာမြို့ဟု သိရှိဂရုစိုက်ပုံမပေါ် (ကော ၃၅:၂၂-၂၅)။ အပိုဒ်ငယ် ၂၉ တွင် ပါရှိသည့် “တစုံတဦးအပေါ်ကို ကျရောက်ပါစေ” ဆိုသည်မှာ နူနာရောဂါကျိန်တွယ်ခြင်း ဖြစ်သည်။ NASB ကျမ်းတွင်မူ “မစွမ်းမသန် လူစဉ် မမှီဖြစ်ပါစေ” ဟုဆိုသည်။ RSU ကျမ်းမူတွင် ထိုနည်းနှင့် “ခန္ဓာကိုယ် ချိနဲ့ပါစေ” ဟု ဆိုပါသည်။ ဆိုလိုသည်မှာ သူများနည်းတူ မလုပ်ဆောင်နိုင်သောဘဝ ရောက်ပါစေ၊ မင်းမှုထမ်း မဖြစ်ပါစေနှင့် ဟု အနက်ရသည်။

:၃၁၃၉  ဒါဝိဒ်သည် ယွာဘအား လူသတ်မှုဖြင့် အရေးယူအပြစ်ပေးခြင်း မပြုသော်လည်း ကိုယ်တိုင်မှာ ဝမ်းနည်းကြေကွဲသည်။ ဘုရင့် အိန္ဒြေသိက္ခာမဆယ်နိုင်ဆောင် ဝမ်းနည်း ငိုကြွေးသည်။ အပိုဒ်ငယ် ၃၃ တွင် “အာဗနာသည် မိမိကိုယ်ကို အန္တရာယ်ရှိမှန်းမသိဘဲ၊ လူအ ကဲ့သို့ လူများပြုခဲ့သမျှ နုရပါသလား” ဟု အနက်ရသည်။ လိမ်ညာလှည့်ဖျား ခြင်းခံရ၍ သေရမည်ဟု ပြန်ဖြေထားသည်။ ယွာဘက အာဗနာသတ်ခြင်းသည် ဒါဝိဒ်မသိလိုက်ကြောင်း ပရိတ်သတ်က သိရှိသွားကြသည်။ ဒါဝိဒ်ကလည်း ဇေရုယာ သားများ (ယွာဘနှင့် အဘိရှဲ) တို့အား ဘုရားသခင်စီရင်ပါစေဟု ကျိန်ဆိုသည်။ အခန်း (၃) တွင် အပြစ်၏ သွေးကွဲခြင်းများ ဘုရားသခင်က ဒါဝိဒ် နိုင်ငံတော် စည်းလုံးစေပုံကို တွေ့ရမည်။ လူတို့၏ ဒေါသများ ဘုရားသခင် ချီးမွမ်းစေပုံကို ဆာလံ ၇၆:၁၀ တွင် တွေ့ရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။