ဓမ္မရာဇဝင်ဒုတိယစောင် - ၄

ဣရှဗောရှက်အသတ်ခံရခြင်း
1အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလု၏သားသည်ကြားသော် အားလျော့၏။ ဣသရေလလူ အပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။ 2ရှောလု၏သား၌ဗာနာနှင့် ရေခပ်အမည်ရှိသောသူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုး ဗေရောသိအနွယ် ရိမ္မုန်၏သားဖြစ်ကြ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော်လည်း၊ 3ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။ 4ရှောလု၏သားယောနသန်၌ ခြေဆွံ့သော သားတစ်ယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသောအခါ၊ ယေဇရေလမြို့မှ ရှောလုနှင့် ယောနသန်တို့၏သတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ပြေးစဉ်တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည်ကျ၍ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။ 5ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။ 6ထိုညီအစ်ကို ရေခပ်နှင့်ဗာနာတို့သည် စပါးကိုထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ဝင်ပြီးလျှင်၊ 7အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တစ်ညလုံး လွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ၏။ 8ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊ 9ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ 10အရင်တစ်ခါ လူတစ်ယောက်သည်လာ၍ ဝမ်းမြောက်စရာသတင်းကို ပြောမည်အကြံရှိလျက်၊ ရှောလုသေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသတင်းကိုပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍ သတ်၏။ 11ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကို သူ၏အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင် သူ၏အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည် မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သား ရေခပ်နှင့် ညီဗာနာအား ဆိုပြီးလျှင်၊ 12လုလင်တို့ကို မိန့်တော်မူ၍ ထိုသူနှစ်ယောက်ကို သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန်ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အာဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၄ (အနက်ဖွင့်)

:   အာဗနာ မရှိသောအခါ ဣရှဗောရှက်၏ ဘုန်းတန်ခိုးသည် ကျဆင်းသည်။ စစ်ခေါင်း ဆောင် မရှိသည်နှင့် တပြိုင်နက် ဗာနာနှင့် ရေခပ် တို့ ပုန်ကန်ထကြွလာသည်။ စပါးထုတ်ဟန်ဆောင်လျှက် အိမ်ခန်းထဲသို့ဝင်ကာ ဣရှဗောရှက် အား လုပ်ကြံကြသည်။ RSV ကျမ်းမူသည် Septuagint အတိုင်း တံခါးစောင့်သည် စပါးပြာလှည့်၍ မောပန်းသောကြောင့် အိပ်ငိုက်နေစဉ် ရာခပ်နှင့် ဗာနာ တို့ အိမ်ထဲဝင်သွားကြသည် ဟုဆိုသည်။ သို့နှင့် ရှောလုအမျိုးတွင် နန်းသွေးပါသူဟူ၍ ခြေဆွံသူ မေဖိဗောရှက် တစ်ဦးတည်းသာ ကျန်ရစ်သည်။

:၁၂  ရာခပ်နှင့် ဗာနာသည် ဣရှဗောရှက်၏ ခေါင်းကို ဖြတ်၍ ဒါဝိဒ်ထံသို့ မျှော်လင့်ချက်ကြီးဖြင့် ဆက်သကြသည်။ ဤလူရမ်းကားတို့၏ လုပ်ဆောင်ချက်သည် ဘုရားသခင်အား ပြစ်ချက်များ ဖေါက်ပြန်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့လူနန်းတက်ရန် အချင်းချင်း ခုတ်ဖြတ် နန်းလု ရန်ရှင်းခြင်းမကြိုက်။ ဒါဝိဒ်အား ဘုရင်ဖြစ်မည့် အကြောင်း လူသတ်သမားများ၏ အကူအညီမလိုပါ။ ဒါဝိဒ်က ထိုလူနှစ်ယောက်၏ အပြစ်သည် ရှောလုခေါင်းဖြတ်ပါသည် ဟု ဆိုလျှက် အပြစ်ကြီးသည်ဟု စီရင်ကာ ချက်ချင်းသေဒဏ်ပေးလိုက်သည်။ ဣရှဗောရှက် ၏ ဦးခေါင်းကို အာဗနာအုတ်ဂူတွင် ကောင်းမွန်စွာ သင်္ဂြိုဟ်၍ လူရမ်းကားတို့ခေါင်းကိုမူ လူမြင်သာအောင် ပြသထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။