ဓမ္မရာဇဝင်ဒုတိယစောင် - ၂

ဒါဝိဒ်ကိုယုဒဘုရင်အဖြစ်ဘိသိက်သွန်းခြင်း
1ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစ်စုံတစ်မြို့သို့ သွားရပါမည်လောဟု ထာဝရဘုရားထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟု မေးလျှောက်သော်၊ ဟေဗြုန်မြို့သို့သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊ 2ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။ 3မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည်ခေါ်ခဲ့၍ သူတို့သည် ဟေဗြုန်မြို့ရွာတို့၌နေကြ၏။ 4တစ်ဖန် ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
5ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာကျေးဇူးပြု၍ အလောင်းတော်ကို သင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်ချီးမင်္ဂလာကို ခံရကြပါစေသော။ 6ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကိုပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။ 7ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိ ရှိကြလော့။ သင်တို့အရှင်ရှောလု သေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိက်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ကြပြီဟု မှာလိုက်လေ၏။
ဣရှဗောရှက်ကိုဣသရေလဘုရင်တင်မြှောက် ခြင်း
8သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသား ဣရှဗောရှက်ကိုယူ၍ မဟာနိမ်မြို့သို့ ဆောင်သွားပြီးလျှင်၊ 9ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။ 10ရှောလု၏သားဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ်စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့လိုက်ကြ၏။ 11ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လ ဖြစ်သတည်း။
ဣသရေလပြည်နှင့် ယုဒပြည်စစ်ဖြစ်ခြင်း
12တစ်ဖန် နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊ 13ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာ ဆုံမိလျက် ရေကန်တစ်ဖက်တစ်ချက်၌ ထိုင်ကြ၏။ 14အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာ ကစားကြပါလေစေဟု ဆိုသော်၊ ယွာဘက ထကြပါလေစေဟု ဆိုသည်အတိုင်း၊ 15ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသား တစ်ကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန် တစ်ကျိပ်နှစ်ယောက်တို့သည် ထ၍ ကူးလာကြ၏။ 16သူတို့သည် လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဖက်၏ ခေါင်းကိုကိုင်လျက်၊ နံဘေးကိုဓားနှင့်ထိုးလျက် တစ်စုတည်း လဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။ 17ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။ 18ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလ ပါကြ၏။ အာသဟေလသည် တော၌ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။ 19အာသဟေလသည် လက်ယာဘက်လက်ဝဲဘက် သို့မလွဲ အာဗနာကိုလိုက်၏။ 20အာဗနာသည် နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟု မေးသော်၊ မှန်သည်ဟု ပြန်ပြော၏။ 21အာဗနာကလည်း၊ လက်ယာဘက်သော်လည်းကောင်း၊ လက်ဝဲဘက်သော်လည်းကောင်း လှည့်သွားလျက်၊ လုလင်တစ်ယောက်ကို ဖမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟု ဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။ 22တစ်ဖန် အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည်နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊ 23အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျားဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည်လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလ လဲ၍သေသော ထိုအရပ်သို့ ရောက်သောသူအပေါင်းတို့သည် ရပ်နေကြ၏။ 24ယွာဘနှင့်အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွားသောလမ်းနား၊ ဂိအာမြို့ရှေ့မှာရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။
25ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တစ်တပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေကြ၏။ 26ထိုအခါ အာဗနာက၊ ယွာဘကိုဟစ်၍၊ ဓားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟု မသိသော လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံး မစီရင်ဘဲနေမည်နည်းဟု ဆိုလျှင်၊ 27ယွာဘက၊ ဘုရားသခင် အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုးလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲ နေကြလိမ့်မည်ဟုဆိုလျက်၊ 28တံပိုးမှုတ်၍ လူများတို့သည် ဣသရေလအမျိုးသားတို့ကိုမလိုက်၊ စစ်မတိုက်ဘဲ ရပ်နေကြ၏။ 29အာဗနာနှင့် သူ၏လူတို့သည် တစ်ညလုံး လွင်ပြင်သို့လျှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန်ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။ 30ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန် တစ်ကျိပ်ကိုးယောက်တို့သည်မရှိ၊ ဆုံးကြပြီ။ 31ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမိန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင်လုပ်ကြံကြပြီ။ 32အာသဟေလ၏အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တစ်ညလုံးသွား၍၊ မိုးလင်းစတွင် ဟေဗြုန်မြို့သို့ရောက်ကြ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၂ (အနက်ဖွင့်)

(ယုဒဘုရင်အဖြစ် နန်းတက်ခြင်း (:)

:  ရှောလုကွယ်လွန်၍ ဣသရေလတို့ မင်းမဲ့ကြောင်း ကြားသိသောအခါ ဒါဝိဒ်သည် ဘုရားသခင်၏ စေခိုင်းချက်ဖြင့် ယုဒပြည်ရှိ ဟေဗြုန်မြို့ သို့သွားသည်။ ယုဒလူတို့က ဒါဝိဒ်အား ဘုရင်အဖြစ် ဘိသိတ်ပေးချီးမြှောက်ကြသည်။ ဒါဝိဒ်သည် ရှောလုဘုရင်၏ အလောင်းကို စနစ်တကျ သင်္ဂြိုဟ်ကြသော ဂိလဒ်ပြည်၊ ယာဗက်မြို့သူမြို့သား များအား ဘုရားသခင်၏ နာမတော်မြတ်၌ ကောင်းကြီးပေးလိုက်သည်။ တနည်းအားဖြင့် သူ့အား ယုဒဘုရင်အဖြစ် အသိအမှတ်ပြုစေခြင်းဖြစ်သည်။

(ရှောလုအိမ်နှင့် သဘောထားကွဲလွဲမှု (::၁၂)

:၁၁  ယုဒတို့က ဒါဝိဒ်အား ရှင်ဘုရင်အဖြစ် ဘိသိက် ချီးမြောက်ကြလာမည်။ ဣသရေလ အမျိုးသားလုံးက အသိအမှတ်မပြုကြ။ ရှောလု၏ စစ်သူကြီးအာဗနာ က ရှောလု၏သား ဣရှဗောရရှက် အား နန်းတင်မြောက်သည်။ သို့ဖြင့် ဒါဝိဒ်သည် ယုဒပြည် ဟေဗြုန် တွင် နန်းစံ၍ ယုဒလူမျိုး၏ ဘုရင်အဖြစ်ဖြင့် ခုနှစ်နှစ်၊ ခြောက်လ နန်းစံသည်။ ဣရှရှက်သည် အခြားဣသရေလအမျိုး တစ်ဆယ့် တစ်ပါးအား (၂)နှစ်ကြာ အုပ်စိုးသည်။ အဗနာသည် (၅)နှစ်ကျော် ကာလတွင် ဖိလိတ္တိတို့အား ခုခံတွန်းလှန်နေဟန်တူသည်။

ဒါဝိဒ်သည် ရာဇပလ္လင်အား အတင်းအဓ္ဓမသိမ်းပိုက်ခြင်းမပြုခဲ့။ ယခုလည်း လုယူခြင်းမပြု။ ဘုရားသခင်၏ လက်ထဲသို့ အပ်နှံထားသည်။ ယေဟောဝါဘုရားသခင်က ဘိသိတ်ပေးသည့်အတိုင်း အစစအရာရာကို ဘုရားသခင်စီရင်ပေးမည်ဟု ယုံကြည်သည်။ သခင်ယေရှုသည်လည်းထိုပုံစံအတိုင်းဖြစ်သည်။ အဘ ခမည်းတော် စီရင်ပေးမည့် အချိန်နာရီစောင့်ဆိုင်းနေသည်။ ယခုကာလတွင် လူအနည်းစုကသာလျှင် လက်ခံယုံကြည်သော်လည်း ယေရှုဘုန်းတော်သည် ဘုရားသခင်အမှန်ဖြစ်ကြောင်း လူတိုင်း ဒူးထောက်ဝန်ခံကြမည့် နေ့ရက် ရောက်ရှိလာမည် (ဖိ ၂:၁၀-၁၁)

:၁၂၁၇  နေရသား အာဗနာ နှင့် ကျွန်များသည် ဇေရုယာ၏သား ယွာဘ၊ ဒါဝိဒ်၏ကျွန် များသည် ဂိဗေါင်ရေကန်တွင် ဆုံစည်းကြသည်။ ရေကန် တဘက်တချက်တွင် အသီးသီးနေရာယူလျှက် စစ်ရေးပြိုင်ဆိုင်ဖို့ သဘောတူကြသည်။ တဘက်တစ်ဆယ့်နှစ်ယောက်ဆီ ထကြသည်။ အာဗနာ၏ ကျွန်ဗင်္ယာမိန်မျိုးများက ယုဒအမျိုးများအား တိုက်ခိုက်ကြသည်။ လူချင်းပူးကြ၍ ခေါင်းချင်းကိုင် နံချင်းဆိုင်၍ ဓါးထိုးကြသဖြင့် နှစ်ဖက်စလုံးသေကြေကြသည်။ ထိုနေ့ရန်ပွဲတွင် အာဗနာ၏လူများ အထိနာကြသည်။

:၁၈၂၃  ယွာဘ၏ညီ အာသဟေလ သည် အာဗနာ အား သတ်ဖို့လိုက်သည်။ အာဗနာသည် လမ်းဘေး ဘယ်ညာရှိ လူငယ်လူရွယ် များအား အာသဟေလကို ဝိုင်းတားပေးကြ၍ တော်သေးသည်။ ထိုအခြေအနေကို အာဗနာက အာသဟေလအား လွယ်လင့်တကူသတ်ခိုင်းသော်လည်း အာသဟေလ၏  အစ်ကို ယွာဘ၏ မျက်နှာထောက်၍ မသတ်။ အာဗနာက သူ့အားရန်လိုက်မရှာရန် ထပ်မံတားဆီးသော်လည်း တားမရသဖြင့် မိမိကိုယ်ကို ခုခံသောအားဖြင့် နောက်ပြန်လှန်ဟန့်တားရာ အာသဟေလသည် လှံဆူး၍ သေဆုံးသွားလေသည်။

:၂၄၃၂  ယွာဘနှင့် အခြားညီ အဘိရှဲသည် အမ္မတောင်လုန်း အာဗနာ နောက်သို့ လိုက်သွားကြသည်။ အာဗနာက စစ်မဖြစ်လိုကြောင်း ဖျောင်းဖျသောအခါ ယွာဘတို့ ညီအစ်ကိုလည်း ရပ်တန့်သွားသည်။ ပထမအချက်မှာ အကယ်၍ အာဗနာက စိတ်ကောင်းမှန်ဖြင့် စစ်မဖြစ်လိုလျှင် ငြိမ်းအေးစွာ ပြန်သွားကြမည်။ သို့မဟုတ် NN ကျမ်းမူသဘောအတိုင်း အကယ်၍ အာဗနာသည် စိတ်သဘောအရင်းအတိုင်း ပြောဆိုခြင်းမဟုတ်လျှင် မိုးလင်းထိအောင်လိုက်မည်။ မည်သို့ဆိုစေ ယွာဘသည် ခိုက်ရန်မဖြစ်ပွားလိုသဖြင့် ရပ်တန့်သည်မှာ ထင်ရှားသည်။ သို့ဖြင့် အာဗနာတို့ လူစုသည် ဣရှဗောရှက် နန်းစိုက်ရာ ယောဒန်မြစ် တစ်ဘက်ကမ်းရှိ မဟာနိမ်သို့ ကူးသွားလေသည်။ ထိုနေရာတွင် လူပေါင်း (၃၆၀) ဆုံးရှုံးခဲ့ရသည်။ ယွာဘသည်လည်း သူ့စစ်သည်များနှင့်အတူ ဟေဗြုန်သို့ ပြန်သွားကြသည်။ ယွာဘဘက်တွင် စစ်သား (၁၉ယောက် ဆုံးရှုံးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။