ဓမ္မရာဇဝင်ဒုတိယစောင် - ၁၅

အဗရှလုံပုန်ကန်ခြင်း
1ထိုနောက်မှ အဗရှလုံသည် ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့မှာ ပြေးရသောလူ ငါးဆယ်ကိုလည်းကောင်း ပြင်ဆင်လေ၏။ 2အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ 3အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက်ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။ 4တစ်ဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့သည် ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။ 5လူတစ်စုံတစ်ယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကိုကိုင်လျက် နမ်းလေ့ရှိ၏။ 6ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။ 7လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊ 8ထာဝရဘုရားသည် အကျွန်ုပ်ကို တစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာကတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာကတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟုလျှောက်လျှင်၊ 9ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟုမိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။ 10သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့သည် တံပိုးမှုတ်သံကိုကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။ 11အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ်အမှုကိုမျှမသိဘဲ ကောင်းသောစိတ်နှင့် လိုက်ကြ၏။ 12ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သား အဟိသောဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည်တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။
ဒါဝိဒ်ထွက်ပြေးရခြင်း
13သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ 14ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ 15ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည်ဟုလျှောက်ကြလျှင်၊ 16ရှင်ဘုရင်သည် နန်းတော်သားအပေါင်းတို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှာ၊ ကိုယ်လုပ်တော်မိန်းမတစ်ကျိပ်တို့ကို ထားခဲ့လေ၏။ 17ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စခန်းချကြ၏။ 18ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက်လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသောသူ ခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိလူအပေါင်းသည် ရှေ့တော်၌ချီသွားကြ၏။ 19ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့်လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တစ်ပါးအမျိုးသား၊ နေရာမကျသောဧည့်သည်ဖြစ်၏။ 20မနေ့ကသာ ရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကိုခေါ်၍ ပြန်လော့။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။ 21အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါလိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊ 22ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ်အပေါင်းတို့နှင့်တကွ ချီသွားလေ၏။ 23ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည်ကူး၍ တောလမ်းသို့ လိုက်သွားကြ၏။
24ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက်နေ၏။ 25ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုလည်းကောင်း ပြတော်မူမည်။ 26သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ 27ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကိုခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။ 28သင်တို့ကြားလျှောက်စေသော စကားမရောက်မီ ငါသည်တောလွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော်မူသည်အတိုင်း၊ 29ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌နေကြ၏။ 30ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။
31အဗရှလုံနှင့် ဝိုင်း၍ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်းပါကြောင်းကို ဒါဝိဒ်သည်ကြားလျှင်၊ အိုထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။ 32တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကိုကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည်လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။ 33ဒါဝိဒ်ကလည်း၊ သင်သည် ငါနှင့်အတူလိုက်လျှင် ငါ့ကိုနှောင့်ယှက်လိမ့်မည်။ 34မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဖူးသည်နည်းတူ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလပေးသောအကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။ 35မြို့တွင် သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန်ပြောရမည်။ 36သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက် ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ 37ဒါဝိဒ်၏အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁၅ (အနက်ဖွင့်)

(အဗရှလုံပုန်ကန်ခြင်းနှင့် ဒါဝိဒ်ပုန်းရှောင်ခြင်း (၁၅:၁၈)

၁၅:  အဗရှလုံသည်  ဘုရင်ဖြစ်ချင်သော်လည်း ဟန်ဆောင်နေသေးသည်။ ယခုမှ ဟန်မဆောင်နိုင်တော့ပါ။ လူတို့၏ အားပေးထောက်ခံမှုရအောင် ပြည်သူအကြား၌ လှုပ်ရှားသွားလာပြသည်။ မြို့ဝင်တံခါး၌ ဝင်ထွက်သွားလာလျှက် အရေးပါအရာရောက်သောသူ ဣသရေလတို့၏ ဘဝကို ဖန်တီး၍ ပုံစံဖြင့် ဟိတ်ဟန်ပြသည်။ ခမည်းတော်၏ အားနည်းချက်များကို ထောက်ကွက်ပြသည်။ အကယ်၍ သူသာ အရှင်ဘုရင်ဖြစ်လျှင် ဣသရေလသားများ တရားမျှတစွာ အကျိုးခံစားခွင့် ရရှိကြမည်ဟု မဲဆွယ်သည်။ ဣသရေလမြို့ကြီးပြကြီးများတွင် ဝင်ထွက်သွားလာ၍ စည်းရုံးလှုံ့ဆော်သည်။

၁၅:၁၂  (LXX.MSS, Syriac, Josephus, NKJV Marg) ကျမ်းမူများသာ နောက်ထပ် (၄)နှစ်ကြာသော်၊ အဗရှလုံသည် သစ္စာဝတ်ဖြေဖို့ ဟေဗြုန်သို့သွားသည်။ အမှန်စင်စစ် ဟေဗြုန်သည် အရေးမပါတော့ပါ။ အဗရှလုံ၏ ဇာတိချက်ကြွေ မွေးရပ်မြေမှန်သော်လည်း ဣသရေလမြို့တော်အား ဟေဗြုန်မှ ယေရုရှလင်သို့ ရွှေ့သွားပြီ ဖြစ်သည်။ အဗရှလုံ၏ စိတ်ရင်းရည်ရွယ်ချက်သည် သူ့ကိုယ်သူ ဘုရင်ချီးမြှောက်၍ ထီးပြိုင်နန်းပြိုင် ထောင်ချင်သည်။ ထိုစိတ်သဘောထားအမှန်ကို မသိနားမလည်သော တပည့်သားမြေးနှစ်ရာသည် ဘုမသိဘမသိ လိုက်သွားကြသည်။ ဒါဝိဒ်မင်း၏ အတိုင်ပင်ခံ ဗေသရှောက်အဖိုး (၁၁:၃ နှင့် ၂၃:၃၄ လည်းဖတ်) ယဇ်ပုရောဟိတ် အဟိသောဖေလ သည်လည်း အဗရှလုံခေါ်သဖြင့် ကြောင်တောင်တောင်ဖြင့် လိုက်သွားသည်။ ထိုပုရောဟိတ်သည် ဗေသရှေလ နှင့် ဦးနွယ်၍ ယဇ်ပုရောဟိတ် ဖြစ်ဟန်တူသည်။

၁၅:၁၃၁၈  အဗရှလုံ၏ ပုံကန်ခြားနားမှု သတင်းကို ကြားသိလျှင် ဒါဝိဒ်သည် ယေရုရှလင်မြို့အား စွန့်ခွာရန် ဆုံးဖြတ်သည်။ မိသားစုချက်ချင်းစုရုံးလျှက် မြို့တော်မှ မေရက်ရွာသို့ သွားနေကြသည်။ နန်းတော်စောင့်အဖြစ် မောင်းမမိဿံ (၁၀) ယောက် ချန်ထားခဲ့သည်။

 

(မိတ်ဆွေလား၊ ရန်သူလား (၁၅:၁၉၁၆:၁၄)

၁၅:၁၉၂၂  ဒါဝိဒ်လူအုတ်ထဲတွင် ဂါသမြို့ကတည်းက တောက်လျှောက်ပါလာသော ဂိတ္တိလူမျိုး အိတ္တဲလည်း ပါသည်။ ခရီးစထွက်မည်ပြုစဉ် ဒါဝိဒ်သည် ထိုလူအားနေနှင့်ခိုင်းသည်။ အခြားလူများသည် ယုဒလူများဖြစ်ကြ၍ ယုဒလူကြားထဲတွင် ဂိတ္တဲလူတစ်ယောက်တည်း ကန့်လန့်ပါနေသည်။ ဒါဝိဒ်၏ သဘောထားသည် ယုတ္တိယုတ္တာ အကောင်းဆုံးဖြစ်သော်လည်း အိတ္တဲက သဘောမတူ။ တသက်လုံး ဒါဝိဒ်၏ သစ္စာခံဖြစ်လာခဲ့ပြီးဖြစ်၍ ဘုရင့်နောက်တော် သွားလေရာသို့ လိုက်မည်တကဲကဲလုပ်သည်။ “အရှင်မင်းကြီး အသက်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ ရှိတော်မူအရပ်၌ ကိုယ်တော် ကျွန်ုပ်ရှိပါမည်။” ဟု လျှောက်လေသည်။ ဒါဝိဒ်မင်းက အိတ္တဲအား ပြန်ခိုင်းသောအခါ အိတ္တဲမပြန်သကဲ့သို့ ယနေ့ယုံကြည်သူများ သည်လည်း ဘုရင်တကာတို့၏ ဘုရင်၊ ဘုရားတကာတို့၏ ဘုရားအား ကိုးကွယ်ရာတွင် ဆက်ကပ်နိုင်ကြပါစေ။

၁၅:၂၃  ယေရုရှလင်အရှေ့ဘက်ရှိ ကေဒြုန်ချောင်းကို ဖြတ်၍ ယောဒန်မြစ်ဆီသို့ ဦးတည်ထွက်သွားကြသည်။ နောက်နှစ်ပေါင်းတစ်ထောင်ခန့် ကြာသောအခါ ဒါဝိဒ်မြေးတော်သည် အငြင်းခံဘုရင်အဖြစ်ကို ချောင်းကိုလေးကန်စွာ ဖြတ်သန်းပြန်သည် (ယော ၁၈:၁)။ အသက်လုံခြုံဖို့  ဒါဝိဒ်သည် ထိုချောင်းကို ဖြတ်ကူး၍ ယေရှုခရစ်တော်သည် လူများအသက်ကို ကယ်တင်ဖို့ ဂေသရှေမန် ဥယျာဉ်သို့ ဝင်ရောက်ရန် ထိုချောင်းကို ဖြတ်ကူးသည်။

၁၅:၂၄၂၉  ယဇ်ပုရောဟိတ် ဇာခုတ် နှင့် အဗျာသာ တို့သည် ပဋိညာဉ်သေတ္တာထမ်းလျှက် ဒါဝိဒ်နောက်သို့ လိုက်ဖို့ပြင်ဆင်သည်။ သို့သော် ဒါဝိဒ်က ပြန်ထားခိုင်းသည်။ ဘုရားသခင်က ခွင့်ပြုတော်မူလျှင် နန်းတော်သို့ ပြန်ဝင်ခွင့်ရမည် ဟု မျှော်လင့်သည်။ ထိုယဇ်ပုရောဟိတ်များကိုလည်း သူနှင့်အတူ လိုက်ဖို့ထက် နန်းတော်တွင်း နေရစ်၍ နောက်တက်လာမည့် ဘုရင်အား ကူညီကြရန်မှာခဲ့သည်။ ဒါဝိဒ်မင်းသည် ယောဒန်မြစ် အနောက်ဘက်ကမ်းထိချီတက် ပုန်းရှောင်သည်။

ရန်ကို ရန်ချင်းတုံ့ပြန်၍ ခုတ်ဓါးများဖြင့် ပြဿနာဖြေရှင်းခြင်းထက် ဒါဝိဒ်သည် ဘုရားသခင်ဘုန်းတော်ကို နာခံချင်သည်။ ထိုကာလတွင် ဒါဝိဒ်သည် ဆာလံ (၃)ကို ထပ်ဆိုခြင်းဖြစ်ပေမည်။ လေမုန်တိုင်းခတ်ထန်၍ ဘဝကြမ်းတမ်းသော်လည်း တုန်လှုပ်ခြင်းမရှိ။ ထာဝရဘုရားသခင်အား အကြွင်းမဲ့ကိုးစား ယုံကြည်ကြောင်း ဖွဲ့ဆိုထားသည်။

၁၅:၃၀၃၇  ဒါဝိဒ်သည် လူယုံတော်တပည့်သားမြေးများ နှင့်အတူ ဝမ်းနည်းစွာဖြင့် သံလွင်တောင်ပေါ်သို့ တက်ကြသည်။ ပူဆွေးငိုကြွေးလျှက် ဆုတောင်းလျှက် သွားကြသည်။ အဗရှလုံသို့ အဟိသောဖေလ ပေးသော အကြံဉာဏ်သည် အရာမရောက်သော အကြံဉာဏ်ဖြစ်ပါစေဟု ဆုတောင်းကြသည်။ သံလွင်တောင်ပေါ်သို့ ရောက်ကြသောအခါ အာိမြို့သား ဟုရှဲ အား ယေရုရှလင်သို့ ပြန်၍ အဗရှလုံအား ကူညီပံ့ပိုးခိုင်းသည်။ သို့မှသာလျှင်အဟိသောဖေလ၏ အကြံဉာဏ် ပေးချက်များကို သိရှိတန်ပြန်နိုင်မည်။ ယဇ်ပုရောဟိတ် ဇာခုတ်နှင့် အဗျာသာ ထံမှ အရေးကြီးသတင်းများ လက်ဆင့်ကမ်းနိုင်မည်။ ထိုယဇ်ပုရောဟိတ်နှစ်ပါး၏ သားများဖြင့် သတင်းအဆက်အသွယ်လုပ်ခိုင်းသည်။ သို့ဖြင့် ဟုရှဲသည် ယေရုရှလင်သို့ ပြန်၍ အဗရှလုံ၏ လက်ထောက်တွင် အမှုထမ်းဆောင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။