ဓမ္မရာဇဝင်ဒုတိယစောင် - ၁၄

ယေရုရှလင်သို့အဗရှလုံပြန်လာခြင်း
1ထိုသို့ရှင်ဘုရင်၏စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသောအခါ၊ 2တေကောမြို့သို့စေလွှတ်၍ ပညာရှိသောမိန်းမကိုခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမ ယောင်ဆောင်လျက်၊ 3ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လေ၏။ 4ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ဝင်၍ မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။ 5ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေသော မုဆိုးမဖြစ်ပါ၏။ 6ကိုယ်တော်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေသောသူမရှိသောကြောင့် တစ်ယောက်သည်တစ်ယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။ 7ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတစ်ဖက်၌ ထကြ၍ အစ်ကိုကိုသတ်သောသူကို သေစားသေစေခြင်းငှာ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကိုလည်းကောင်း၊ အကျန်အကြွင်းကိုလည်းကောင်း၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊ 8ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအားမိန့်တော်မူ၏။ 9တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊ 10ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တစ်ဖန် သင့်ကို မနှောင့်ယှက်ရဟု မိန့်တော်မူသော်၊ 11မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကိုသတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည် အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ဆံပင်တစ်ပင်မျှ မြေပေါ်သို့မကျရဟု မိန့်တော်မူ၏။ 12တစ်ဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတစ်ခွန်းလျှောက်ရသောအခွင့်ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။ 13မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။ 14ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။ 15သို့ဖြစ်၍ ကျွန်တော်မသည်လာ၍ ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည် ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်းပြုတော်မူမည်။ 16ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။ 17ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။ 18ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ 19ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။ 20ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှာ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင်သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည်တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက်လေ၏။
21ထိုအခါရှင် ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထိုလုလင်အဗရှလုံကို တစ်ဖန်ခေါ်ရမည်ဟု ယွာဘအားမိန့်တော်မူ၏။ 22ယွာဘသည်လည်း မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီး ပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ 23ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့လေ၏။ 24ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏မျက်နှာတော်ကို မမြင်ရ။
ဒါဝိဒ်နှင့်အဗရှလုံပြန်လည်သင့်မြတ်ခြင်း
25ဣသရေလအမျိုး တစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူ တစ်ယောက်မျှမရှိ။ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။ 26ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တစ်နှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။ 27အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတစ်ယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
28အဗရှလုံသည် ရှင်ဘုရင်၏မျက်နှာတော်ကိုမမြင်ရဘဲ နှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌နေပြီးမှ၊ 29ယွာဘကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။ 30ဒုတိယအကြိမ်ခေါ်သော်လည်းမလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည်မီးရှို့ကြ၏။ 31ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ်ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊ 32အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှ အဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှာ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအားပြောဆိုသော်၊ 33ယွာဘသည် ရှင်ဘုရင်ထံတော်သို့သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံသည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁၄ (အနက်ဖွင့်)

(အဗရှလုံ ယေရုရှလင်သို့ ပြန်လာခြင်း (အခန်း ၁၄)

၁၄:  စစ်သူကြီးယွာဘက ဒါဝိဒ်မင်းသည် အဗရှလုံအား ယေရုရှလင်သို့ ပြန်လာစေချင်ကြောင်းသိသည်။ သို့သော် ပြည်သူများက လူသတ်တရားခံဖြစ်သောကြောင့် သေဒဏ်ခံရမည်ဟု ဆိုကြသည်။ လူထုဘေးရန်ကို စိုးရိမ်သောကြောင့် ဒါဝိဒ်မင်းသည် အဗရှလုံအား ချက်ချင်းပြန်မခေါ်ရဲ။

၁၄:  ယွာဘသည် ဗက်သလင် အနီးရှိ တေကောအရပ်မှ လူလည်လုပ်သော အမျိုးသမီးတစ်ယောက်အားခေါ်ယူ၍ ဒါဝိဒ်အမျိုးအဖြစ်ဟန်ဆောင်စေကာ ဒါဝိဒ်ထံသို့ ဝင်ခိုင်းသည်။ သူ့သားနှစ်ယောက် အချင်းချင်းရန်ဖြစ်ရာ တယောက်သေဆုံးသွားကြောင်း၊ ကျန်တစ်ယောက်ကို ရပ်ကြည့်သူများဖြင့် သေဒဏ်စီရင်ကြမည့်အကြောင့် ငိုကြွေးတင်ပြသည်။ ထိုသို့ သားနှစ်ယောက်လုံး ဆုံးရှုံးလျှင် ကမ္ဘာမြေပေါ်မှာ အမျိုးပျောက်သွား မည်ဟု ငိုယိုတိုင်တန်းသည်။

၁၄:၁၃  ပထမဦးစွာ ဒါဝိဒ်မင်းက ထိုမိန်းမအား စိုးရိမ်ပူပန်ခြင်းမရှိပဲ၊ နေအိမ်မှအဖြေစောင့်ခိုင်းသည်။ သို့သော် ထိုမိန်းမက ဒါဝိဒ်အား စကားထောင်ချောက်ဖမ်းမိရန် ချက်ချင်းအဖြေတောင်းသည်။ အာမခံချက်ရှိသော အဖြေတောင်းဆိုသည်။ ဒါဝိဒ်မင်းကလည်း သူ့သား၏ အသက်ဘေးရန် လုံခြုံဖို့ စကားလှီးလွှဲ၍ အာမခံချက်ပေးသည်။ သို့သော် ထိုမိန်းမ၏ စကားသည် သူ့သားအသက်ဘေးရန် လုံခြုံဖို့ သက်သက်မဟုတ်။ ဒါဝိဒ်မင်းအား ထောင်ချောက်ဖမ်းခြင်း ဖြစ်သည်။ ထိုမိန်းမ၏သားအဖြစ်ကို ခွင့်လွှတ်နိုင်လျှင် ဒါဝိဒ်၏သား အဗရှလုံလည်း အဘယ့်ကြောင့် အပြစ်မလွှတ်နိုင်ရမည်နည်း။

အမျိုးသမီး၏ ဟန်ဆောင် မာယာထောင်ချောက်သည် ဒါဝိဒ်မင်း ကောင်းစားဖို့ဖြစ်သည်။ သားတစ်ယောက်က သေသည်။ ထိုသားကို သတ်သော အခြားသားအား ကလဲ့စားချေဖို့သင့်ပါလား (ငယ် ) သွေးကလဲ့စားချေတတ်သော ထိုခေတ်ကာလက အရှေ့အလယ်ပိုင်းသားများ၏ အယူအဆပေါ်တွင် ဒါဝိဒ်မင်းတခုခု ဆုံးဖြတ်ချက်ချရမည်။ ထိုကဲ့သို့ အပြန်အလှန်ကလဲ့စားချေခြင်းအားဖြင့် အတော်မသတ်နိုင်ကြ။ သို့သော် ထိုမိန်းမ၏ သရုပ်ဆောင်မှုသည် ဒါဝိဒ်နှင့် အဗရှလုံ၊ ဒါဝိဒ်နှင့်နာသန်တိုအကြား လိမ္မာပါးနပ်သော သဲလွန်စဖြစ်သည်။ အဗရှလုံ ပြန်လာဖို့ ပူပင်စရာမရှိ၊ ခွန်အားပြန်လည် ရယူနိုင်သည်။ (Daily Notes of the Scripture Union)

၁၄:၁၄  မြေမှာသွန်ချသောရေ ဆိုသည်မှာ သေလွန်သွားသော အာမနုန်ကို ပုံဥပမာပေးခြင်း ဖြစ်သည်။ ပြန်ကူး၍ မရဆိုသည်မှာ အသက်ပြန်ရှင်မလာနိုင်။ ငါတို့သည် သေအံ့သောလူဖြစ်၏ ဆိုသည်မှာ ယခု၊ မနက်ဖြန်သေနိုင်သည်။ လူ့ဘဝတိုတောင်းမှု ဖြစ်သည်။ ထိုတခဏတာကို အမုန်းပွား၊ ရန်ဖြစ်ခြင်းဖြင့် အချည်းနှီးမကုန်လွန်စေသင့်။၁၈ နောက်ဆုံးပိုင်းမှာ လူ့မျက်နှာကို မထောက်သော်လည်း နှင်ထုတ်ခြင်းကို ခံရသောသူသည် တသက်လုံးခွင့်မလွှတ်ဘဲ မချည်နှောင်အံ့ဟု ဆိုလိုသည်။ ဆိုလိုရင်းကို ဒါဝိဒ်မင်း သဘောပေါက်တန်ပါသည်။ ဘုရားသခင်က လူ့အပြစ်ကို ခွင့်မလွတ်နိုင်စရာ အကြောင်းရှိပါဦးမလား။

၁၄:၁၅၂၃  ထိုမိန်းမက ဒါဝိဒ်မင်းအား ဘုရားရှင်ကဲ့သို့ သဘောတော်ပြည့်ဝမည့် အကြောင်း ယုံကြည်အားကိုးပါသည် ဟု ဆိုသည်။ သားတစ်ယောက်  ဆုံးရှုံးသောကြောင့် ကျန်သားတစ်ယောက်အတွက် စိတ်နှလုံးပူပန်နေရသည်။ ဒါဝိဒ်မင်းက ဤဇာတ်လမ်းသည် ယွာဘ၏ လက်ရာဖြစ်မည်ဟု မယုံသင်္ကာသဖြင့် ထိုမိန်းမအား မေးမြန်းရာ ထိုမိန်းမကလည်း ဟုတ်မှန်ကြောင်းဝန်ခံသည်။ သို့နှင့် ယွာဘအား အဗရှလုံ ကိုသွားခေါ်စေသည်။ အဗရှလုံသည် နောင်တရခြင်း မရှိသော်လည်း ယေရုရှလင်သို့ ပြန်ရောက်သည်။ ဒါဝိဒ်၏ လုပ်ဆောင်ချက်သည် တရားတော်နှင့် မညီ။ ကောင်းကင်တရားနှင့် မပြည့်စုံသဖြင့် အဖိုးအခ ပြန်ပေးရမည်။

၁၄:၂၄၃၃  အဗရှလုံသည် ယေရုရှလင်တွင် (၂)နှစ် တင်းတင်းပြန်နေရသော်လည်း ခမည်းတော် ဒါဝိဒ်မင်းကို မတွေ့ရ။ (ဤနေရာတွင် အဗရှလုံ၏ ကျော့ရှင်းလှပပုံ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ခြင်းမှာ ဣသရေလလူတို့ စိတ်နှလုံးဆွဲဆောင် ဖမ်းစားပုံကို ဖေါ်ပြသည်။) (၂) နှစ်ကြာသောအခါ အဗရှလုံသည် ခမည်းတော်အား တွေ့ဆုံရန် နန်းတော်ထဲသို့ ဝင်ခွင့်ကြိုးစားသည်။ ယွာဘကို နှစ်ကြိမ်ခေါ်သော်လည်း ယွာဘ ငြင်းပယ်သည်။ ထို့ကြောင့် အဗရှလုံက သူ့တပည့်များအား ယွာဘ၏ လယ်ကွင်းပြင်ကို မီးရှို့ခိုင်းသည်။ ယွာဘက အဗရှလုံအား ချက်ချင်းသွားရောက် မေးမြန်းသောအခါ ခမည်းတော်ထံ တွေ့ဆုံခွင့် တောင်းပေးခိုင်းသည်။ ထိုသို့ဖြင့် အဗရှလုံတို့သားအဖ ပြန်လည်ပူးပေါင်းခြင်း တခန်းရပ်ပြဇာတ် ပြည့်စုံသွားသည်။

လွန်ခဲ့သော (၇)နှစ်က သူ့နှမ တာမာ ဗလကာယ ပြုကျင့်ခံရသောကြောင့် အာမနုန်အသတ်ခံရသည်။ (၅) နှစ်လုံးလုံး အဗရှလုံတို့ သားအဖ တစ်ယောက်မျက်နှာတ်ယောက်မမြင်ရကြ။ ဒါဝိဒ်သည် သားတော် အဗရှလုံအား သေဒဏ်မစီရင်သည့် အပြင် သူ့အပြစ်များကို ခဝါချပြီး အိမ်ပြန်ခေါ်လာသည်။ သားအဖပြန်တွေ့သောအခါ အဗရှလုံသည် လွတ်ငြိမ်းချမ်းသာခွင့် အတိရရှိသည်။ သို့သော် ဖခင်၏ ချစ်ခြင်းမေတ္တာကို အလွဲသုံးစားလုပ်၍ ပုန်ကန်တော်လှန်ပြန်သည် (အခန်း ၁၅-၁၈)။ ဖခင်က သား၏ အပြစ်ကို မမြင်ခဝါချခွင့်လွှတ်သော်လည်း သားဆိုးသားမိုက်ကမူ ကျေးဇူးကန်း၍ ဖခင်အသက်ကို ရန်ရှာသည်။

ယွာဘသည် ဤအရှင်နှင့် သားနှစ်ယောက်လုံးအပေါ် မေတ္တာထားလျှက် ဇာတ်ပေါင်းခန်း လှစေလိုသည်။ သို့သော် ဇာတ်သိမ်းခန်းကို လာမည့်အခန်း မှာ ရှုစားကြပါစို့။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။