ဓမ္မရာဇဝင်ဒုတိယစောင် - ၁၃

အာမနုန်နှင့်တာမာ
1ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသောနှမတစ်ယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။ 2ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလိုပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။ 3ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။ 4ကိုယ်တော်သည် ရှင်ဘုရင်၏သားတော်ဖြစ်လျက် အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်ချုံးတော်မူသနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သောစိတ်ရှိသည်ဟု ပြန်ပြော၏။ 5ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည်မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည်အတိုင်း၊ 6အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာ လာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကိုလုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။ 7ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကိုစေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကိုချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊ 8တာမာသည် မောင်အာမနုန်အိမ်သို့သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကိုယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကိုလုပ်၍ ဖုတ်လေ၏။ 9ပန်းကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာလောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်းတို့ကို ငါ့ထံမှထွက်သွားစေဟု ဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။ 10တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ယူခဲ့လော့ဟု ဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သောမုန့်ပြားတို့ကိုယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။ 11ထိုသို့ အာမနုန်စားစရာဖို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကိုဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။ 12တာမာကလည်း မပြုပါနှင့် ငါ့မောင်။ ငါ့ကို မရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြုသင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။ 13ပြုလျှင် ငါသည်ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင် မပေးစားဘဲ နေတော်မမူပါဟု ပြောဆိုသော်လည်း၊ 14အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။ 15တစ်ဖန် အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင် ချစ်အားကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟု ဆို၏။ 16နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဖူးသောအပြစ်ထက် ယခုနှင်ထုတ်သောအပြစ် သာ၍ကြီးသည်ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ 17အစေခံကျွန်တစ်ယောက်ကို ခေါ်၍ ဤမိန်းမကိုနှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။ 18အပျိုကညာဖြစ်သော ရှင်ဘုရင်၏သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည်နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။ 19တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။ 20မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်းငါ့နှမ တိတ်ဆိတ်စွာနေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟု ဆိုသော်၊ တာမာသည် မိမိမောင်အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။ 21ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။ 22အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကို မပြော။ သို့ရာတွင် နှမတာမာကိုရှုတ်ချသောကြောင့် အငြိုးထား၏။
အဗရှလုံလက်စားချေခြင်း
23ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကိုခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဖိတ်လေ၏။ 24အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များတို့ကိုခေါ်၍ ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင်ကြွတော်မူပါဟု လျှောက်လျှင်၊ 25ရှင်ဘုရင်က မသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံ သွေးဆောင်သော်လည်း ကိုယ်တော်တိုင်မလိုက်ဘဲ ကောင်းချီးပေး၏။ 26အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊ 27အဗရှလုံပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။ 28အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကိုသောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန်ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည်အတိုင်း၊ 29သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကိုစီးလျက် ပြေးသွားကြ၏။ 30သူတို့မရောက်မီ အခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တစ်ယောက်မျှ မကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။ 31ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကိုဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့သည်လည်း၊ မိမိတို့အဝတ်ကိုဆုတ်လျက် အနားတော်၌နေကြ၏။ 32ဒါဝိဒ်အစ်ကို ရှိမာ၏သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသောစကားကို ယုံတော်မမူပါနှင့်။ အာမနုန်တစ်ယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမ တာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။ 33ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ်ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တစ်ယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ၏။ 34ထိုအခါ ကင်းစောင့်လုလင်သည် မျှော်ကြည့်၍၊ မိမိနောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။ 35ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည်အဆုံး၌၊ 36ရှင်ဘုရင်၏သားတော်တို့သည်ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော်အပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ 37အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိဟုဒ်သား တာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသားကြောင့် နေ့တိုင်း ငိုကြွေးမြည်တမ်းလေ၏။ 38အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ်နေ၏။ 39တစ်ဖန် ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့်၊ ထိုသူကို အောက်မေ့သောစိတ်အားလျော့သဖြင့် အဗရှလုံကို လွမ်းဆွတ်လျက်နေ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁၃ (အနက်ဖွင့်)

၃။ ဒါဝိဒ်ဘေးဒုက္ခများ (အခန်း ၂၀)

(ကအာမနုန်က တာမာအား လင်မယားပြုကျင့်ခြင်း (၁၃:၁၁၁၉)

၁၃:၁၄  အဗရှလုံသည် မာခနှင့် ရသော ဒါဝိဒ်၏သားဖြစ်၍ အာမနုန်သည် အဟိနောင်နှင့် ရသောသားဖြစ်သည်။ ဖအေတူမအေလွဲ ညီအစ်ကိုများဖြစ်သည်။ အာမနုန်သည် အဗရှလုံ၏ နှမတာမာ အား စွဲလမ်းနှစ်သက်နေသည်။ သူနှင့်လည်း ဖအေတူမအေလွဲ တော်သည်။ ထိုနှမအား မတွေ့ရလျှင်မနေနိုင်သဖြင့် စားမဝင် အိပ်မပျော် အချစ်နာကျသည်။ ဒါဝိဒ်၏တူ ယောနဒပ် (အငယ် ၃) က အကြံပေးလိုက်သည်။ ဖျားချင်အယောင်ဆောင်ပြီး တာမာ အားတမ်းတပါ။ အခန်းထဲဝင်လာ၍ ပြုစုသောအခါ စိတ်ကြိုက်ဆက်ဆံပါဟုဆိုသည်။

၁၃:၁၅၁၉  အာမနုန်သည် တာမာအား မရလိုက်ခင် သေလုမတတ်ချစ်သလောက် အနိုင်အထက်ပြုဆက်ဆံပြီးသောအခါ အမုန်းကြီးမုန်း ပြန်သည်။ ချစ်ခြင်းနှင့် မုန်းခြင်းသည် ခေါင်းနှင့် ပန်း ကဲ့သို့ ကျော်ချင်းကပ်နေသည်။ အခန်းထဲမှ မောင်းထုတ်သော်လည်း မခွာ။ ထို့ကြောင့် အစေခံခေါ်၍ ဆွဲထုတ်ခိုင်းသည်။ အပြင်ရောက်လျှင် တမျိုးတဖုံပြောင်းလဲ တန်ရာရသည်ဟု ယူဆပုံရသည်။ တာမာသည် အရှက်တကွဲအကျိုးနဲခြင်း သင်္ကေတ အဝတ်များဝတ်ဆင်၍ အစ်ကို အဗရှလုံ ထံ တိုင်တန်းသည်။

(အဗရှလုံက အာမနုန်အား လက်စားချေပြီး ထွက်ပြေးခြင်း (၁၃:၂၀၃၉)

၁၃:၂၀  အဗရှလုံက နှမတာမာအား အလွန်အမင်း ဝမ်းနည်းကြွေကွဲမနေဖို့ နှစ်သိမ့်သည်။ သို့သော် သူ့ရင်ထဲတွင်မူ နှမအတွက် အာမနုန်အား ကလဲစားချေဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။

သဘောမတူ။ မကျေနပ်။ ထိုကိစ္စအတွက် တာမာတွင် အပြစ်မရှိသော်လည်း စိတ်နာဖွယ်ရာ ဖြစ်သည်။ တာမာသည် အလွန်ရှက်သဖြင့် ပတ်ဝန်းကျင်နှင့် မဆက်ဆံ။ မောင်တော် အဗရှလုံအိမ်တွင် အိမ်တွင်းပုန်းနေသည်။ ဆိုလိုသည်မှာ အိမ်ထောင်မပြုတောပဲ၊ ထိုနေအိမ်တွင် တသက်လုံး နေထိုင်သွားသည်။ ရမ္မက်သည် အပြစ်ကင်းစင်သူကို ဒုက္ခပေးသည့် အပြင် နွံနစ်စေသည်။

၁၃:၂၁  ဒါဝိဒ်သည် ထိုပြဿနာကို ကြားသိသောအခါ အမျက်ဟုန်းဟုန်းထသော်လည်း အပြစ်ဒဏ် မစီရင်ရဲပါ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်၌ ထိုအပြစ်ဒုစရိုက်မျိုးကို လောလောလတ်လတ်ကျူးလွန်ထားသည်။

တာဝန်သိသော်လည်း ခြေကုန်လက်ပန်းကျနေသည်။ အပြစ်ဒုစရိုက်ကျူးလွန်ခြင်းက မိမိစိတ်ဓါတ်ရေးရာကိုလည်း ကျဆင်းစေသည်။ လွတ်လပ်စွာမပြောရဲ၊ လွတ်လပ်စွာ သက်သေမခံရဲပါ (Daily Notes of the Scripture Union)

အာမနုန်သည် ဒါဝိဒ်၏ သားဦးဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဖခင်အရိုက်အရာ ဆက်ခံမည့်သူ ဖြစ်သည်။ ဒါဝိဒ်၏ ပလ္လင်ဆက်ခံမည့်သူ ဖြစ်သည်။ သို့သော်လည်း ဆက်ခံမည့်သူ ဘဝဖြင့် ကျေနပ်ရသည်။

၁၃:၂၂၂၉  အဗရှလုံသည် ကလဲစားချေဖို့ အခွင့်ကောင်းစောင့်သည်။ နောက်နှစ်နှစ်ကြာသောအခါ ဗာလဟောရွာ သိုးမွေးညှပ်ပွဲသို့ မင်းညီမင်းသားများ ဖိတ်ခေါ်သည်။ ခမည်းတော်ကိုယ်တိုင်မလိုက်သဖြင့် နောင်တော်ကြီး အာမနုန်အား လိုက်ခွင့်တောင်းလေသည်။ အဗရှလုံနှင့် တပည့်များသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အာမနုန်စပျစ်ရည် မူးယစ်သည်နှင့် တပြိုင်နက်ဝင်ရောက် လုံးထွေးခုတ်ထစ်ပြီး ယေရုရှလင်မှ ထွက်ပြေးကြသည်။

၁၃:၃၀၃၆  ထိုသတင်းသည် ဒါဝိဒ်မင်းထံသို့ ရောက်သောအခါ အဗရှက မင်းညီမင်းသားများ သတ်ဖြတ်ကုန်သည်ဟု ပြန့်ကားသွားသည်။ ဒါဝိဒ်မင်းသည် မြေကြီးပေါ်မှာ မှောက်လျှက်ငိုကြွေးသည်။ ထိုသတင်းလည်း သတင်းမှားဖြစ်၍ အာမနုန်မင်းသား တပါးတည်းသည်သေကြောင်း ယောနဒပ်က သတင်းအမှန်ပြောပြသည်။ အဗရှလုံသည် သူ့နှမ တာမာ အတွက် ကလဲ့စားချေခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ယေရုရှလင်မှ ထွက်ပြေးသွားကြောင်း ထည့်သွင်းအစီရင်ခံသည်။ ထိုစဉ်တွင် ဒါဝိဒ်၏ အခြားသားများ စုရုံးပြန်လာကြသဖြင့် ယောနဒပ်စကားကို အမှန်ဟု အတည်ယူနိုင်သည်။

၁၃:၃၇၃၉  အဗရှလုံသည် ရှုရိပြည် ဂေရှုရိမြို့သို့  ထွက်ပြေးခိုလှုံသည်။ သူ၏ မိခင်နေထိုင်ခဲ့ရသော အဘိုးတာလမဲထံတွင် သုံးနှစ်သုံးမိုး သားခိုသည်။ အာမနုန်သည် အဗရှလုံထက် အကြီးဖြစ်သဖြင့် အာမနုန်မရှိလျှင် အဗရှလုံက ထီးနန်းအမွေဆက်ခံရမည်ဖြစ်သည်။ ဒါဝိဒ်မင်းသည် သားတော် အာမနုန်နှင့် သေကွဲကွဲခြင်း၊ အဗရှလုံနှင့် ရှင်ကွဲကွဲခြင်းအတွက် ပရိဒေဝတောင်လောက် ဝမ်းနည်းပူဆွေးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။