ဓမ္မရာဇဝင်ဒုတိယစောင် - ၁၂

နာသန်၏ဆုံးမခြင်းနှင့်ဒါဝိဒ်၏နောင်တ
1နောက်တစ်ဖန် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန်သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦးရှိပါ၏။ 2သူဌေးသည် အလွန်များစွာသော သိုးနွားမှစသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။ 3ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသောသိုးမကလေး တစ်ကောင်တည်းမှတစ်ပါး တခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏ သားသမီးတို့နှင့်လည်းကောင်း ပေါင်း၍ ကြီးပွား၏။ အရှင်၏အစာကို စားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ရင်ခွင်၌အိပ်၍ သမီးကဲ့သို့ဖြစ်၏။ 4သူဌေးအိမ်သို့ ဧည့်သည်တစ်ဦးရောက်၍ သူဌေးသည် ဧည့်သည်ကိုလုပ်ကျွေးဖို့ မိမိသိုးနွားများကို နှမြောသောကြောင့် မယူ၊ ဆင်းရဲသား၏ သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဖို့ ချက်ပါသည်ဟု လျှောက်လေသော်၊ 5ဒါဝိဒ်သည် ထိုသူဌေးကို ပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ပြုသောသူသည် အမှန်သေရမည်။ 6ကရုဏာစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့်တော်မူ၏။ 7နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။ 8သင့်သခင်၏ အဆွေအမျိုးကိုလည်းကောင်း၊ သင့်သခင်၏မယားတို့ကိုလည်းကောင်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများမလောက်လျှင် အခြားတစ်ပါးသောအရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။ 9သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ဓားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသားဓားနှင့် သတ်လေပြီတကား။ 10ယခုမှာသင်သည် ငါ့ကိုမထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကိုသိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ဓားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။ 11ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကိုငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဖော်လိမ့်မည်။ 12သင်သည် ဤအမှုကို မထင်မရှားပြုသော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ပြန်ကြားလေ၏။ 13ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အားဝန်ချ၍ နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှာ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။ 14သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်၊
ဒါဝိဒ်၏သားငယ်သေဆုံးခြင်း
15နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဖွားမြင်သောဒါဝိဒ်၏သားသည် ပြင်းစွာသောဝေဒနာကို ခံရ၏။ 16ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တစ်ညလုံးမြေပေါ်မှာ အိပ်လျက်နေ၏။ 17နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှာ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည်ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။ 18ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့လျှောက်သောစကားကို နားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကိုကိုယ် ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျက် သူငယ်သေကြောင်းကို မလျှောက်ဝံ့ကြ။ 19သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။ 20ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။ 21ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ်အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါ ထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊ 22ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကိုသနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မူမည် မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည်အစာရှောင်၍ ငိုကြွေးလျက်နေ၏။ 23ယခုမှာ သူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာရဟု မိန့်တော်မူ၏။
ရှောလမုန်မွေးဖွားခြင်း
24တစ်ဖန် ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူသည်လည်း သားယောက်ျားကို ဖွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ 25ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိအမည်ဖြင့် မှည့်တော်မူ၏။
ရဗ္ဗာမြို့ကိုသိမ်းယူခြင်း
(၅ရာ၊ ၂၀:၁-၃)
26ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကိုတိုက်၍ မြို့တော်ကိုရပြီးမှ၊ 27ဒါဝိဒ်ထံတော်သို့ လူကိုစေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကိုတိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။ 28ယခုမှာ ကြွင်းသောလူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြလိမ့်မည်ဟု လျှောက်လျှင်၊ 29ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။ 30မင်းကြီး၏သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ် ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ 31မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁၂ (အနက်ဖွင့်)

(ဘုရားသခင်ထံ ဝန်ချတောင်းပန်ခြင်း (အခန်း ၁၂)

၁၂:  အခန်း ၁၁ နှင့် ၁၂ ကာလ အကြားတွင် တစ်နှစ်ခန့်ကြာညောင်းသည်ဟု ထင်ရသည်။ ထိုကာလတွင် ဘုရားသခင်၏ လက်ဝါးဒဏ်ရာ ရရှိသည့်ကာလဖြစ်သည်။ သူ၏ဝိညာဉ်ခွန်အား ရုံးကန်မှုကို ဆာ ၃၂ နှင့် ၅၁ တွင် ဖွင့်ဟဝန်ခံ ထားသည်။ ဒါဝိဒ်၏ ပြစ်မှုဒုစရိုက်ဆုံးမရန် ပရောဖက်နာသန် ရောက်ရှိလာသည်။ “သို့နွားကြွယ်ဝသောသူ တဦးရှိ၏ ဆင်းရဲသားမူကား မိမိဝယ်၍ စားသုံးသော သိုးမကလေး တစ်ကောင်မှတပါး အခြားသော ဥစ္စာမရှိ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏သားသမီးနှင့် လည်းကောင်း ပေါင်း၍ ကြီးပွား၏။ သူဌေးသည် အိမ်သို့လာလည်သော ဧည့်သည်အား ဧည့်ခံရန် မိမိသိုးကို နှမြောသောကြောင့် မသတ်ဘဲ၊ ဆင်းရဲသားသိုးကို ယူ၍ ချက်ကျွေးပါ၏” ထိုအမှုများကို မည်သို့စီရင်အပ်ပါသနည်းဟု မင်းကြီးကို ပညာသားပါပါ မေးလျှောက်သည်။ မင်းကြီးသည် စိတ်ကူးလျှက် ထိုသူသည် သေဒဏ် အပြစ်ထိုက်သည်ဟု ဆိုသည်။ ပရောဖက် နာသန် သည်လည်း မကြောက်မရွံ့ဘဲ “ထိုသူသည် အခြားသူမဟုတ်၊ ဒါဝိဒ်မင်းကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်က သင့်အားလိုလေသေးမရှိအောင် ကြွယ်ဝချမ်းသာခြင်း ပေးခဲ့သည်။ လိုတရစေခဲ့သည်။ ယခုတွင် သင်သည် ကာမပိုင်လင်ရှိသော ဗာသရှေဗကို အနိုင်ထက်ပြုသည့်အပြင် သူ့လင် ဥရိယ ကိုလည်း လူသတ်မှု ကျူးလွန်ခဲ့ပြီ” ဟုထောက်ပြသည်။

၁၂:၁၀၁၄  ထိုသို့ ဒါဝိဒ်၏ ကျူးလွန်မှုကြောင့် ဒါဝိဒ်၏ သားများသည် ကြီးစွာသော ဆင်းရဲခြင်း ဝဠ်လည်ကြမည် ဟုဆိုသည်။ ဒါဝိဒ်၏မိသားစုသည် သွေးစွန်းပေကျံကြသည်။ သူ့မယားများ လူခိုးခံရသည်။ လူသိ၍ ကြားအုတ် အော်သောင်းဖြစ်ခဲ့ရသည်။ ဖုံးမရဖိမရ ဟိုးလေးတကျော်ကျော် အနံ့တထောင်းထောင်း ပုပ်စော်နံ့ခဲ့သည်။ ဒါဝိဒ်သည် အသိတရားဝင်လာပြီး ဝန်ချတောင်းပန်သည်။ Margan က ဤသို့ဆိုထားသည်။

အပိုဒ်ငယ် ၁၃ တွင် ပါရှိသည့် “လည်း” ဟူသော စကားလုံးကို မှတ်ထားပါ။ လူသည် စိတ်ရင်းအမှန်ဖြင့် မိမိအပြစ်ကို ဝန်ချလျှင် အပြစ်ပြယ်သည်။ ထိုကဲ့သို့ပင် ဘုရားသခင်ကလည်း အပြစ် ဖယ်ရှားပေးသည်။၁၄

အပြစ်ကို ဝန်ချတောင်းပန်သောကြောင့် သေဘေးမရောက်ဟု ပရောဖက်နာသန်က ဒါဝိဒ်အား အာမခံသည်။ သို့သော်လည်း အပြစ်၏ ထမင်းလုံးတစ္ဆေက အရိပ်ပမာတကောက်ကောက် လိုက်သည်။ လေးဆပြန်လျှော်ရမည် (ထွ ၂၂:၁) ဟူသော ပညတ်ချက်အတိုင်း လေးဆပြန်လျှော်ရသည်။ ထိုမိန်းမမွေးသောကလေး မရှင်။ သားအာမနုန် အသတ်ခံရသည် (အခန်း ၁၃)။ အာဗရှလုံသည်လည်း အသတ်ခံရသည် (အခန်း၁၈)။ အဒုနိယျ ကွပ်မျက်ခြင်းခံရသည် (၃ရာ ၂)။

၁၂:၁၅၂၃  ဥရိယမယားနှင့် ရသောသား နေမကယ် ဖျားနာသောအခါ ဒါဝိဒ်မင်းကိုယ်တိုင် အစာရှောင်ဥပုဒ်စောင့်  ဆုတောင်းသည်။ ကလေးသေလွန်သောအခါ ကြေကွဲဝမ်းနည်းသည်။ သို့သော် ကလေးမရှိတော့သောအခါ တဝတပြဲစားသောက်သည်။ သူများကမေးသောအခါ ကလေး၏ ခန္ဓာကိုယ်သည် အသက်ပြန်မရှင်နိုင်။ တနေ့သောအခါ တွင်သာလျှင် သားအဖ ပြန်ဆုံကြမည်ဟု ဖြေခဲ့သည်။ အပိုဒ် ငယ် ၂၃ သည် သားသမီးငယ်များ ဆုံးရှုံးသည့် မိဘများသို့ နှိမ့်သိမ်းအားပေးစရာ ကျမ်းစာခွန်အားဖြစ်သည်။ Metthew Henry က ဤသို့ဆိုသည်။

ဘုရားပေးမိဘများသည် မိမိရင်သွေးငယ်များအား မျှော်လင့်ချက်ကြီးမားစွာ ထားရှိကြသည်။ အရွယ်မရောက် လူလားမမြောက် သေဆုံးသွားသော သားသမီးများ၏ ဝိညာဥ်သည် အခြားကမ္ဘာတွင် ရှိနေကြသည်။ ကလေးသူငယ်များသည် မိမိတို့ခင်းသော ဘဝခရီးလျှောက်လှမ်းနိုင်သူများ မဟုတ်ကြသေးကြောင်း မိဘများ၏ ယုံကြည်ခြင်း အကျိုးဆက် အရိပ်နှင့် မကင်းနိုင်ကြ။၁၅

သို့ကြောင့် အရွယ်မရောက်မှီ ကွယ်လွန်သွားသော ကလေးသူငယ်များသည် ကောင်းကင်နိုင်ငံဝင်စားကြသည်ဟု တထစ်ချယုံကြည်ရသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကိုယ်တိုင်က “ကောင်းကင်နိုင်ငံသည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ်သည်” (မ ၁၉:၁၄)ဟု မိန့်ဆိုထားသည်။

ဒါဝိဒ်သည် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာတော်ကို သိရှိထွင်းမြင်သောကြောင့် သူအားအတွက် စိတ်ချလက်ချ နားအေးပါးအေး နေနိုင်သည်။ ဘဝတိမ်းပါးခြင်းမရှိမီ ယေဟောဝါ ဘုရားသခင်၏ ဂရုဏာတော်ကို တောင်းခံသည်။ ကလေးဆုံးပါးသွားပြီးသောအခါတွင်လည်း ဘုရားသခင်၏ မျှတမှုကို ချီးမွမ်းသည်။ မျက်စိတမှိတ်မှာ ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးများကို မေ့လျှော့ပြီး အနာဂတ်အတွက် ဆောက်တည်ရာ ရှာသည်။ အချိန်ကုန်အားကုန်ခံပြီး ပူဆွေးလွမ်းနာမကျပါ။ ဘုရားသခင်က ကောင်းကြီးမင်္ဂလာထပ်ပေးဦးမည်ဟု ယုံကြည်သည်။ ယုံကြည်သည့်အတိုင်း လိုက်လျှောက်သည်။

၁၂:၂၄၂၅  ဗာသရှေဘ က နောက်ထပ် သားရတနာမွေးဖွား သန့်စင်ပေးသည်။ ဖခင်ခြေရာနင်းမည့်သား ရှောလမုန် ဖြစ်သည်။ ဘုရားသခင်သည် ပရောဖက် နာသန် ကိုခေါ်၍ ထိုသူငယ်နာမ အား ယေဒိဒိ (ယေကာဝါ ဘုရားအချစ်တော်ဟု အနက်ရသည်။)ဟု ကင်ပွန်းတတ်စေသည်။

၁၂:၂၆၃၀  ဒါဝိဒ်ကို အပြစ်ဒုစရိုက် ကျူးလွန်စေမည့် ရဗ္ဗာမြို့ (၁၁:၁) အကြောင်း တမှောင့် ပေါ်လာပြန်သည်။  ယွာဘက ရဗ္ဗာမြို့အား သိမ်းပိုက်ပြီးသော်လည်း ခံတပ်ထိပ်သို့ မတက်သေး။ (ယောရှဖတ်၁၆ နှင့် NKJV ကျမ်းမူတွင် ရဗ္ဗာမြို့ ရေပေးဝေရေးအား ယွာဘက သိမ်းပိုက်ဖြတ်တောက်ထားသဖြင့် မြို့သူမြို့သားများက အညံ့ခံကြသည် ဟုဆိုသည်။) လက်စသတ်အောင်မြေသိမ်းရန် ယွာဘက ဒါဝိဒ်အား လှမ်းခေါ်ဂုဏ်ပြုသည်။ ယွာဘ၏ လုပ်ဆောင်ချက်သည် မိမိကိုယ်ကို နှိမ့်ချ၍ သခင့်ကို ဦးစားပေးခြင်း မင်္ဂလာတရားဖြစ်သည်။ ဤနေရာတွင် ယွာဘသည် အကျင့်လက္ခဏာရည်မွန် သူဖြစ်သည်။ လိမ္မာပါးနပ်သည်။ အလိုက်သိသည်။ နူးညံ့သိမ်မွေ့သည်။ ရဗ္ဗာ မြို့ကို သိမ်းပိုက်မိသောအခါ ဒါဝိဒ်သည် ရွှေသရဖူ နှင့် အခြားဥစ္စာပစ္စည်းများ ရရှိသွားကြသည်။

၁၂:၃၁   ဤကျမ်းပိုဒ်တွင် ပါရှိသည့် အမ္မုန်မြို့သားများအား ဒါဝိဒ်က ညှင်းပန်းနှိပ်စက် ကျွန်ပြုခြင်းကို ကျမ်းစာပညာရှင်များက ဝေဖန်ကြသည်။ (KJV rendering ) စိုက်ပျိုးရေးနှင့် အလုပ်ရုံလုပ်ငန်းတွင် စေခိုင်းသည် (NKJV redering) ဟုသုံးသပ်ကြသည်။ ဒါဝိဒ်၏ စိတ်နေသဘောထားသည် NKJV ကျမ်းအမြင်အတိုင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။