ဓမ္မရာဇဝင်ဒုတိယစောင် - ၁

ရှောလုကွယ်လွန်ကြောင်းဒါဝိဒ်သိခြင်း
1ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလက်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊ 2သုံးရက်မြောက်သောနေ့တွင် လူတစ်ယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပျပ်ဝပ်လျက်ရှိခိုး၏။ 3ဒါဝိဒ်ကလည်း၊ အဘယ်အရပ်က လာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။ 4ဒါဝိဒ်ကလည်း၊ အမှုကား အဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟု မေးလျှင်၊ သူက ဣသရေလလူတို့သည် စစ်တိုက်ရာတွင်ပြေး၍ အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။ 5ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန်သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊ 6ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကိုမှီထောက်လျက်နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။ 7ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ ခေါ်ပါ၏။ 8ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။ 9ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသောဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊ 10လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ဆောင်းသော ဦးရစ်နှင့် လက်ရုံးတော်၌ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။ 11ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။ 12ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ဓားဖြင့်လဲသေသောကြောင့်၊ သူတို့အတွက် ညဉ့်ဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။ 13ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တစ်ပါးအမျိုးသားအာမလက်လူဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ 14ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှာ သင့်လက်ကို အဘယ်သို့ဆန့်ဝံ့သနည်းဟု ဆိုလျက်၊ 15လုလင်တစ်ယောက်ကို ခေါ်၍၊ သူ့ကို သွားသတ်တော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍သတ်လေ၏။ 16ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာ တည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟု ဆို၏။
ဒါဝိဒ်၏ငိုကြွေးမြည်တမ်းခြင်း
17ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမြည်တမ်း၍၊ 18ယုဒအမျိုးသားတို့အား သင်စေသော လေးသီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊ 19အိုဣသရေလ ဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။ 20ထိုသတင်းကို ဂါသမြို့၌ မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ 21အို ဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုးမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။ 22သူရဲတို့၏အသွေး၊ ခွန်အားကြီးသောသူတို့၏ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု၏ဓားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။ 23ရှောလုနှင့် ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တစ်ယောက်နှင့်တစ်ယောက် မကွာဘဲလျက် နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ 24အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသောကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။ 25စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီတကား။ 26ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သောမေတ္တာသည် အံ့ဩဖွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍ အားကြီးသောမေတ္တာဖြစ်၏။ 27သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက်လက်နက်တို့သည် ဆုံးကြပြီတကားဟု ပါသတည်း။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁ (အနက်ဖွင့်)

၁။ ဒါဝိဒ်ဘုန်းတန်ခိုး ထွန်းတောက်လာခြင်း (အခန်း ၁၀)

(ကရှောလုနှင့် ယောနသန်အတွက် ငိုကြွေးမြည်တမ်းခြင်း (အခန်း )

:၁၆  ၁ရာ ၂၉ တွင် ဒါဝိဒ်တိုက်ပွဲအောင်မြင်ချိန်၌ ရှောလုတို့သားအဖများ စစ်ရှုံးနေကြကြောင်း မှတ်တမ်းတင်ထားသည်။ ဇိကလတ် စီးနင်းသူများအား လိုက်လံတိုက်ခိုက် ချေမှုန်းခဲ့သည် (၁ရာ ၃၀)။ ယခုအောင်ပွဲနှင့် အတူ ဇိကလတ်သို့ ခရီးရောက်မစိုက်မြောက်အရပ်မှ ရှောလု၏ နာရေးသတင်းကြားရသည်။ အဝတ်စုတ်ဝတ်၊ ခေါင်းပေါ်တွင် ဖုံမှုန့်တင်လျှက် ဝမ်းနည်းငိုကြွေးသည်။ ရန်သူ့လက်ချက်ဖြင့် ရှောလု ပြင်းထန်စွာ ဒဏ်ရာရရှိသည်။ ရှောလုက သူ့အား အသေသတ်ရန် တောင်းဆိုသောကြောင့် ဆန္ဒဖြည့်ဆည်းပေးပုံကို ကြားရသည်။ ဤအကြောင်းအရာသည် ၁ရာ ၃၁ တွင် ရှောလု သူ့ကိုယ်သူသေကြောင်း ကြံခြင်းနှင့်တခြားစီဖြစ်နေသည်။ ဖြစ်နိုင်သည်မှာ ရှောလု သေခြင်းဆန္ဒကို ဖြည့်ဆည်းပေးသည်ဆိုသော  အာမလက်လူ၏ စကားသည် မုသာစကားဖြစ်ပေမည်။ ရှောလုဆန္ဒကို ဖြည့်ဆည်းကူညီသောကြောင့် ဒါဝိဒ်ရှေ့တွင် မျက်နှာရ၍ ဆုလာဘ်လက်ဆောင် မျှော်မှန်းခြင်းဖြစ်သည်။ သို့သော် ဒါဝိဒ်သည် ထိုအာမလက်သားအား သေဒဏ်ဆုလက်ဆောင်သာ ပေးလိုက်သည်။ အကြောင်းမှာ ဘုရားသခင် ဘိသိတ်ပေးထားသောလူကို သတ်ဖြတ်ရက်သည်။ ဒါဝိဒ်ကိုယ်တိုင် တနေကုန် တနေခန်း ဝမ်းနည်းငိုကြွေးသည်။

အာမလက်များသည် ဣသရေလလူများအား ကျူးကျော်နှိပ်ကွပ်ဘူးကြသည် (ထွက် ၁၇)။ ရှောလုထီးနန်းစွန့်ရခြင်း အကြောင်းတစ်ခုမှာ အာမလက်အမျိုးနှင့် ပက်သက်၍ ဘုရားသခင်၏ အမျက်တော်ကျရောက်ခြင်းဖြစ်သည် (၁ရာ ၁၅)။ အာမလက်အချို့ကို ဒါဝိဒ်က သတ်ဖြတ်ခဲ့ဖူးသဖြင့် အာမလက်သားများက ဒါဝိဒ်၏ ဇိကလတ်မြို့အား လက်တုံ့ပြန် ကလဲ့စားချေခြင်းဖြစ်မည်။ သို့သော် ရှောလုကျရှုံးသည့်သတင်း ဒါဝိဒ်သို့ ပေးပို့လျှင် ဆုလက်ဆောင်ရရှိမည်ဟု မျှော်လင့်တကြီး လာခဲ့သော အာမလက်သားသည် မုန့်မရဘဲ ဒုတ်ရရှိခြင်းဖြစ်သည်။

:၁၇၁၈  ရှောလုသေဆုံးခြင်းသည် ဒါဝိဒ်အတွက် ဝမ်းမြောက်ဖွယ်ရာဟု ထင်ရသော်လည်း ဒါဝိဒ်သည် စိတ်ဆင်းရဲစွာ ငိုကြွေးသည်။

ဒါဝိဒ်နှင့် ခရစ်တော် ပုံစံတူပုံကို O.Von Gerlach က ဤသို့ရှုမြင်သည်။

ဒါဝိဒ်သည် သူ့ကိုနှစ်ပေါင်းကြာရှည် ဒုက္ခအမျိုးမျိုးပေး၍ သေကြောင်းကြံစည်နေသူအား အနိစ္စကံကုန်သည့်အခါ ဝမ်းမသာသည့်အပြင် ဝမ်းနည်းစွာ ငိုကြွေးခဲ့သည် (၁ရာ ၃၁) ဒါဝိဒ်၏ မြေးသည်လည်း သူ့အား ဒုက္ခအမျိုးမျိုးပေးသော ယေရုရှလင်မြို့ ပျက်သုန်းမည့်အရေးအတွက် ငိုကြွေးသည်။

ထိုဝမ်းနည်းကြေကွဲခြင်း အဖြစ်အပျက်ကို ဒါဝိဒ်က ယာဆာသီချင်း တွင် ‘လေးမြားလွမ်းချင်း စပ်ဆိုခဲ့သည်။ ဣသရေလတို့၏ တေးကဗျာပေါင်းချုပ်တွင် ဂန္တဝင်သီချင်းအဖြစ် ထင်ရှားခဲ့သည် (ယောရှု ၁၀:၁၃ ကိုလည်းကြည့်)။ ဝိညာဉ်တော် မှုတ်သွင်းခြင်း မရှိသောကြောင့် သမ္မာကျမ်းစာတွင်မူမတွေ့ရပါ။

:၁၉၂၇  ဒါဝိဒ်မြည်တမ်းလွမ်းတေးစကားတွင် ရှောလုနှင့် ယောနသန်သို့၏ ဂုဏ်သတင်းဖွဲ့ဆိုထားသည်။ ရှောလုဘုရင်နှင့် ကျရှုံးကြောင်း ဖိလိတ္တိသားများအား မသိကြစေနှင့် ဟု သတိပေးထားသည်။ ရှောလု ကျဆုံးရာ ဂိလဗောဆောင်တောင်သည် ခြောက်သွေ့သောဆူး တောင် ဖြစ်ပါစေဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ရှောလု၏ ဒိုင်းလွှားမြေခစေခဲ့ပြီ (ငယ် ၂၁)။ အပိုဒ်ငယ် ၂၂ သည် ရှောလုနှင့် ယောနသန်တို့၏ ကိုယ့်ရည်သွေး ချီးမြှောက်ခြင်းဖြစ်သည်။ မိမိလူများအတွက် အသက်စွန့်ကြပုံကိုဖေါ်ထုတ်သည်။ ထိုသားအဖနှစ်ယောက်သည် ဘဝရေစက်ဆုံကြသည်။ လူအတူတူ ဖြစ်ကြသည်။ တနေ့တည်းတွင် အတူတူသေကြသည် (အငယ် ၂၃)။ သေအတူ ရှင်အတူ ချစ်ခင်ကြသော သားအဖပေတည်း။ သို့သော် ထိုမျှနှင့် တေးမဆုံးသည့် ရှောလု ခင်းပေးသော ကမ္ဗလာနီလမ်းပေါ်တွင် လျှောက်လှမ်းခဲ့သော နေ့ရက်များကို ပြန်လည်သတိရ၍ ငိုကြွေးကြပါ ဟုနှိုးဆော်သည် (အငယ် ၂၄)။ လွမ်းတေးကို အချစ်ဆုံး သူငယ်ချင်း ယောနသန်အား ရည်ဆူးဖွဲ့ဆိုခြင်းဖြင့် အဆုံးသတ်သည်။ ခွန်အားကြီးသူလည်း တိုက်ပွဲမှာ ကျဆုံးတတ်စမြဲ (ငယ် ၁၉၊၂၅၊၁၇) ဟု စာချိုးရှိစေသတည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။