ရာဇဝင်ချုပ်ဒုတိယစောင် - ၃

ဗိမာန်တော်စတင်တည်ဆောက်
1-2ယေရုရှလင်မြို့တွင်၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော်မူရာအရပ်၊ ယေဗုသိလူအရောန၏ကောက်နယ်တလင်းကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသောအရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။ 3ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကို ခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ် ရှိ၏။ 4အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အမြင့် အတောင်တစ်ရာနှစ်ဆယ် ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။ 5အိမ်တော်အတွင်းအမိုးကို ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကိုထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။ 6အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။ 7အိမ်တော်၏ထုပ်၊ လျောက်၊ တိုင်၊ ထရံ၊ တံခါးရွက်တို့ကို ရွှေနှင့်မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ်များကို ထုလေ၏။
8အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။ 9ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက်ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။ 10အလွန်သန့်ရှင်းသောအခန်း၌ ခေရုဗိမ်နှစ်ပါးကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။ 11ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ်ရှည်၏။ 12အတောင်တစ်ဖက်လျှင် အလျားငါးတောင်စီရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တစ်ဖက်စီ အိမ်တော်ထရံကို မှီလျက်ရှိကြ၏။ 13ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။
14ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။
ကြေးနီတိုင်နှစ်ခု
(၃ရာ၊ ၇:၁၅-၂၂)
15အရှည်သုံးဆယ်ငါးတောင်ရှိသော တိုင်နှစ်တိုင်ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာတင်သော တိုင်ထိပ်သည် အမြင့်ငါးတောင်စီရှိ၏။ 16ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ ကြိုးများကိုလည်းလုပ်၍ တိုင်ထိပ်အပေါ်မှာထား၏။ သလဲသီးအလုံးတစ်ရာတို့ကိုလည်းလုပ်၍ ကြိုးပေါ်မှာ ဆွဲထား၏။ 17ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ယာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၃ (အနက်ဖွင့်)

: လိုအပ်သောပုံစံဇယားရေးဆွဲခြင်း၊ ကုန်ကြမ်းပစ္စည်းများ စုဆောင်းခြင်း လုံလောက်သော အခါ ရှောလမုန်မင်း နန်းစံ၊ စတုတ္တနှစ်မြောက်တွင် ဗိမာန်တော် ဆောက်လုပ်ခြင်း စတင် သည်။ ကျွမ်းကျင်အလုပ်သမားပေါင်း တစ်သိန်း ငါးသောင်းသုံးစွဲသည်။ ကုန်ပစ္စည်းများက ရေတွက်၍ မကုန်နိုင်။ နှစ်ပေါင်း(၇)နှစ်ကျော်ကြာ ခဲ့သည်။

မောရိတောင်ပေါ်တွင် အုတ်မြစ်ပန္နက် ချကြသည်။ ဗိမာန်တော်သည် အရှည်ပေ ၉ဝ၊ အကျယ်ပေ ၃ဝ၊ အမြင့်ပေ ၄၅(၃ရာ ၆ရာတွင် အသေးစိတ်ပါရှိသည်) ရှိသည်။ အကြမ်းအားဖြင့် တဲတော် ရှစ်ဆ၏နှစ်ဆကြီး၍ ပေ ၃ဝ ရှည်လျားသော အိမ်တော်ဦးလည်း ပါဝင်သည်။

: အတွင်းပိုင်း ပင်မအခန်းကြီးကို(၂)ပိုင်း ကန့်ထားသည်။ ထိုအခန်းများသည် အသန့်ရှင်းဆုံးသော အခန်း၊ကျက်သရေဆောင်ထက်ကျယ်ဝန်းကြသည်။ အဆောက်အဦးကို ကျောက်တုံး၊ ကျောက်ဆောင်ဖြင့် ဆောက်လုပ်သည်။ အတွင်းပိုင်းကို အာရဇ်သစ်သားများဖြင့် ထပ်ကာ၍ရွှေစင်ကွပ်ထားသည်။  အဘိုးတန်ကျောက်မျက်ရတနာများဖြင့် အနုသုခုမလက်ရာပုံစံ အမျိုးမျိုး ထွင်းချယ်ထားသည်။ အတွင်းပိုင်းရှိမြင်မြင်သမျှကို ဘုရားသခင်၏ ဘုန်းတန်ခိုးကြွယ်ဝချမ်းသာမှု ပုံဖော်ထားသော ရွှေစင်ဖြင့် အတိကွပ်ထားသည်။

:၁ဝ၁၃ အသန့်ရှင်းဆုံး ဌာနတော် ကျက်သရေဆောင်၌ ခေရုဗိမ်နှစ်ပါး (ပဋိညာဉ် သေတ္တာပေါ် ကရုဏာတော် ပလ္လင်၌ စံမြန်းသည့် ပုံစံ ဖြင့်)သွန်းလုပ်ထားသည်။ အတောင်ပံများသည် အသန့်ရှင်းဆုံးဌာနတော် တဘက်တချက်ထိ ရှည်သည်။ ထိုတောင်ပံများအောက်တွင် ပဋိညာဉ်သေတ္တာတော် ရှိသည်(၅:၇)။ ခေရုဗိမ် ဆိုသည်မှာ သမ္မာကျမ်းစာတွင် မကြာခဏ ဖတ်ရူရအောင် ဝိညာဉ်ရေးရာ သတ္တဝါဖြစ်သည်။ နံရံများ(ငယ်၇)နှင့် ကုလားကာ( ငယ်၁၄) များသည် ဘုရားသခင်ကို စောင့်မျှော်ကြခြင်း ပုံဆောင်သည်။ ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့သည် ဘုရားသခင်ကိန်း ဝပ်စံပယ်ရာ ဌာနတော် အမှန်ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် နေ့နေ့ညည ဝတ်ပြုကိုးကွယ် ချီးမွမ်း သည့်နေရာမျိုး ဖြစ်သည်(ဟေဗြဲ၈:၅)။ ခရစ်တော်ကိုလည်း ပုံဆောင်ကြသည်(ယော၁:၁၄၊ ကိန်းဝပ်ရာ ဆိုသည်မှာ စကားပြေအား ဖြင့် ယဇ်ပလ္လင်ဖြစ်သည်(၂:၁၉)။

:၁၄ ၁၇ အခန်းနှစ်ခန်းကို ကုလားကာဖြင့် ခြားထားသည်။တံခါးများရှိသည်(ငယ်၇)။ဗိမာန်တော် အရှေ့မျက်နှာစာရှိတိုင်ကြီးနှစ်တိုင်တွင်သလဲသီးပုံရတနာ တစ်ရာစီချယ်မှုန်း တန်ဆာဆင်ထားသည်။  ညာဘက်တိုင်ကို ယာခိန်၊ ဘယ်ဘက်တိုင်ကို ဗောဇ ဟုခေါ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။